စာရေးသူငယ်စဉ်ကျောင်းသားဘဝက ဖတ်မိသမျှ ပေထဲမှနှစ်သက်ရာတွေ့လျှင် မိမိ၏ကိုယ်ပိုင် မှတ်စုတွင်ရေးမှတ်ထားလေ့ရှိသည်။ များသောအားဖြင့် ရေးမှတ်ထားသော စာများတွင် မူလစာရေးသူ၏ အမည်ကိုကူးထားရန် သတိမပြုမိခဲ့ပါ။ မိမိနှစ်သက်တာကိုသာ သဘောကျခဲ့ပြီး မည်သူရေးသည်ကိုမှတ်ရန် အလေ့အထမရှိခဲ့သည့်အတွက် စာပေလောကသို့ဝင်ရောက်သည့် အခါကျမှသာ တချို့သောအကြောင်း အရာအချက်တို့ကို မည်သူက ရေးခဲ့သည်ဟူ၍ သိလာရသည်။ ငယ်စဉ်ကရေးခဲ့သောမှတ်စုတွင် ကိုယ့်တိုင်းပြည်မှ ကိုယ်မချစ်တတ်တဲ့သူဟာ ဘာကိုမှ ချစ်တတ်မည်မဟုတ် ဟူသောစာသားကိုတွေ့ရသည်။ ယခု ပြန်ဖတ်ကြည့်သော် မှန်လိုက်လေခြင်းဟူ၍ မှတ်ချက်ပြုမိသည်။
တိုင်းပြည်ချစ်စိတ်၊ မြတ်နိုးစိတ်ကြောင့် မိမိတို့၏ ဘိုးဘွားများသည် တိုင်းပြည်လွတ်လပ်ရေးရအောင် ကြိုးစားခဲ့ကြသည်။ အသက်သွေးချွေးစတေးခဲ့ကြရသည်။ ဘိုးဘွားတို့ကြောင့် မိမိတို့နိုင်ငံ လွတ်လပ်ရေးရရှိခဲ့သည်။ ကမ္ဘာ့အလယ်တွင်မြန်မာဟေ့ဟု ဂုဏ်ယူဝင့်ကြွားနိုင်ကြသည်။ ဂုဏ်ယူ ဝင့်ကြွားခြင်းနှင့်အတူ နိုင်ငံ၏ ပိုင်နက်နယ်နိမိတ်တစ်လက်မမျှ ဆုံးရှုံးခြင်းမျိုးကိုအဖြစ် မခံနိုင်သော တိုင်းပြည်ချစ်စိတ်တို့ ပေါ်လာသည်။ ခြင်္သေ့သည် ကိုယ်လက်ကျုံ့ကာ ငတ်မွတ်နေသော်လည်း သစ်ရွက်ကို မစားသလို မိမိတိုင်းပြည်ကို တကယ်ချစ်သူမျိုးချစ်စိတ်ဓာတ် ထက်သန်သူတို့သည် မချမ်းသာသော်လည်း တိုင်းပြည်ကို သစ္စာဖောက်သည့်အလုပ် မျိုးမည်သည့်အခါမျှ လုပ်မည်မဟုတ်ပေ။
သစ္စာဖောက်သတင်းထောက်များ
မိမိတိုင်းပြည်ကိုမချစ်တတ်သူများ ရှိလာသောအခါ တိုင်းပြည်နှင့်လူမျိုးအပေါ် သစ္စာဖောက်မှုများ ပေါ်ပေါက်လာသည်။ ၂၀၁၆ ခုနှစ်မှ ၂၀၂၁ ခုနှစ်အထိ အုပ်ချုပ်ခဲ့သော အစိုးရလက်ထက်တွင် ဝလုံးနှင့် ကျော်စိုးဦးတို့၏ နိုင်ငံတော်သစ္စာဖောက်မှု ပေါ်လာသည်။ ၂၀၁၇ ခုနှစ်ဒီဇင်ဘာ ၁၂ ရက်တွင် ရိုက်တာသတင်းဌာနမှ သတင်းထောက်များဖြစ်သည့် သက်ဦးမောင်(ခ) ဝလုံးနှင့် ကျော်စိုးဦး(ခ) မိုးအောင်တို့နှစ်ဦးအား ရခိုင်ပြည်နယ်မောင်တောဒေသတွင် နယ်မြေလုံခြုံရေး ဆောင်ရွက်လျက် ရှိသည့် သတင်းများနှင့် စာတမ်းအမှတ်အသားများ၊ နယ်မြေလုံခြုံရေး ဆောင်ရွက်လျက်ရှိသည့် တပ်ဖွဲ့ဝင်များ၏ လူ၊ လက်နက်၊ ခဲယမ်း တပ်ဖြန့်ဇယားများနှင့် ကင်းအခြေစိုက်မြေပုံကြမ်းများ၊ အခြားဆက်စပ် စာရွက်စာတမ်းများ၊ ဖုန်းများ၊ ပစ္စည်းများ၊ ငွေများနှင့်အတူ ရှာဖွေသိမ်းဆည်းရမိခဲ့သည်။
ထို့ကြောင့် မြန်မာနိုင်ငံအစိုးရ လျှို့ဝှက်ချက်များ အက်ဥပဒေပုဒ်မ-၃(၁)(ဂ)အရ တရားစွဲခဲ့ရသည်။
သက်ဦးမောင်(ခ)ဝလုံးနှင့် ကျော်စိုးဦး(ခ)မိုးအောင်တို့နှစ်ဦးမှာ မြန်မာနိုင်ငံသားများ ဖြစ်ကြသော်လည်း တိုင်းပြည်မျက်နှာကိုမထောက်ထားဘဲ တိုင်းပြည်အပေါ် သစ္စာဖောက်ခဲ့ကြသည်။ သက်ဦးမောင်(ခ) ဝလုံးသည် မြန်မာနိုင်ငံမှ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု ခေါင်းစဉ်ဖြင့်အင်းဒင်ဒေသတွင် ဖြစ်ပျက်ခဲ့သည်များကို ကမ္ဘာသိအောင် အထူးဆောင်းပါးအဖြစ် ရေးသားခဲ့သူဖြစ်သည်။ ပြည်ပမှမွေးမြူထားသောသတင်း ထောက်တို့သည် ငွေကုန်ကြေးကျခံကာ ထိပ်တန်းလျှို့ဝှက်သတင်းများကိုပင် ရယူခဲ့ကြသည်။ ဒုတိယရဲမှူးဟောင်း မိုးရန်နိုင်သည်လည်း ထိုအမှုတွင် ပါဝင်ပတ်သက်ခဲ့သည်။
သတင်းမီဒီယာဥပဒေပုဒ်မ-၆(က)တွင် “သတင်းမီဒီယာသမားတစ်ဦးသည် ဥပဒေတစ်ရပ်ရပ်အရ ဖြစ်စေ၊ အာဏာပိုင်အဖွဲ့အစည်း တစ်ရပ်ရပ်ကဖြစ်စေ၊ အမိန့်ညွှန်ကြားချက်ဖြင့် လုံခြုံရေးအဆင့်အတန်း သတ်မှတ်ထားသော စာရင်း၊ ဇယား၊ ဓာတ်ပုံ၊ မှတ်တမ်းရေးသားချက်များမှအပ အများပြည်သူ သိခွင့်ရှိသော သတင်းအချက်အလက်များကို သက်ဆိုင်ရာ အဖွဲ့အစည်းများထံမှ တောင်းယူကြည့်ရှုခွင့်ရှိသည်” ဟု ပြဋ္ဌာန်းထားသည်။ အဆိုပါ တရားခံများမှာ သာမန်သတင်းသမားများကဲ့သို့ ပြုမူဆောင်ရွက်ခဲ့ခြင်း မဟုတ်ဘဲ နိုင်ငံတော်လုံခြုံရေး သို့မဟုတ် အကျိုးကိုထိခိုက်စေလိုသော ရည်ရွယ်ချက်ဖြင့် တရားခံများက ပြုမူဆောင်ရွက် ခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် သက်ဆိုင်ရာတရားရုံးက ၂၀၁၈ ခုနှစ် စက်တင်ဘာ ၃ ရက်နေ့တွင် အဆိုပါ တရားခံနှစ်ဦးအား ထောင်ဒဏ်ခုနစ်နှစ်စီကျခံစေရန် အမိန့်ချမှတ်လိုက်သည်။ နိုင်ငံ့သစ္စာဖောက် သတင်းသမားနှစ်ဦးမှာ ထောင်ဒဏ်ခုနစ်နှစ် မပြည့်မီမှာပင် ထိုစဉ်က အစိုးရက လွတ်ငြိမ်းခွင့်ပေးလိုက်သည်။ ၎င်းတို့နှစ်ဦးထောင်မှ လွတ်မည့်နေ့ကို ပြည်ထဲရေးဝန်ကြီးပင် နောက်ကျမှ သိရသော်လည်း အနောက်နိုင်ငံ သံရုံးတစ်ခုမှသံအမတ်က ကြိုတင်သိကာ အချိန်ပိုင်းအတွင်းမှာပင် ၎င်းတို့နိုင်ငံသို့ ပို့ဆောင်ပေးခဲ့သည်။
ဝလုံးနှင့်ကျော်စိုးဦးတို့အမှုကို အကျဉ်းချုပ်ရေးသား တင်ပြသည်မှာ ၎င်းတို့နှစ်ဦး၏ သစ္စာဖောက်လုပ်ရပ်ကြောင့် မြန်မာနိုင်ငံ၏ ဂုဏ်သိက္ခာ ကျဆင်းခဲ့ရခြင်းကို ဖော်ပြလိုရင်းဖြစ်သည်။ ၎င်းတို့ရေးသားခဲ့သော မြန်မာနိုင်ငံမှ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု ဆောင်းပါးသည် ဘင်္ဂါလီတို့အတွက်အသုံးတည့်သွားသည်။ မြန်မာနိုင်ငံနှင့် မိုင်ပေါင်း သုံးထောင်ကျော်မျှကွာဝေးသော ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံအပေါ် အပြည်ပြည်ဆိုင်ရာတရားရုံး (JCJ) တွင်တရားစွဲဆိုသည်။
၁၉၄၈ ခုနှစ် လူမျိုးသုဉ်းစေမှုကို တားဆီးရန်နှင့် ပြစ်ဒဏ်ပေးရန် နိုင်ငံတကာသဘောတူစာချုပ် (ent of the Crime of Genocide))ကို ကျူးလွန်ဖောက်ဖျက်သည်ဟု စွပ်စွဲချက်ဖြင့် တရားစွဲဆိုထားခြင်းဖြစ်သည်။
အကြမ်းဖက်တိုက်ခိုက်ခံရခြင်း
ရခိုင်ပြည်နယ်အတွင်း ဘင်္ဂါလီအကြမ်းဖက်မှုဖြစ်စဉ်များကို အကျဉ်းချုပ်ဖော်ပြရလျှင် ရခိုင်ပြည်နယ် သမိုင်းဖြစ်စဉ်အရ ဘင်္ဂါလီများကို မြန်မာနိုင်ငံသို့ တင်သွင်းခဲ့သည့် တရားခံမှာ အင်္ဂလိပ်တို့ဖြစ်သည်။ ကိုလိုနီ ခေတ်ကတည်းက အင်္ဂလိပ်တို့ ပေးအပ်ခဲ့သည့် အမွေဆိုးကြီးကို မြန်မာတို့ ယနေ့တိုင် ခံစားနေရသည်။ ၁၉၄၂ ခုနှစ်တွင် မြေပုံမြို့နယ် ရပ်ချောင်းကြီးရွာမှ ရခိုင်ရွာလူကြီးညီအစ်ကိုနှစ်ဦးကို ဘင်္ဂါလီများက သတ်ဖြတ်ခဲ့ခြင်းကို မကျေနပ်ကြသော ရခိုင်တိုင်းရင်းသား သိန်းကျော်အောင်နှင့်ကျော်ယတို့ဦးစီး၍ ရက်ချောင်းရွာ ကုလားများကို လက်စားချေ သတ်ဖြတ်ရာမှ အဓိကရုဏ်းဖြစ်ပွားပြီး မြို့ဟောင်းနှင့်ကျောက်တော်မြို့တို့အထိ ကူးစက်ပျံ့နှံ့ခဲ့သည်။ ၁၉၄၂ ခုနှစ်တွင် အင်္ဂလိပ်တို့သည် ရခိုင်ဒေသမှဆုတ်ခွာရာတွင် ၎င်းတို့ မသယ်နိုင်သည့် လက်နက်များဖြင့် ဘူးသီးတောင်၊ မောင်တောဒေသရှိ ဘင်္ဂါလီများကို Bengali V Force အမည်ဖြင့် ကာကွယ်ရေးတပ်များ ဖွဲ့စည်းပေးခဲ့သည်။
အဆိုပါဘင်္ဂါလီတပ်သည် အပြစ်မဲ့ရခိုင်တိုင်းရင်းသားသုံးသောင်းကျော်ကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့ပြီး လူနေအိမ်များနှင့် ဘုန်းတော်ကြီးကျောင်းများကို မီးရှို့ဖျက်ဆီးခဲ့ကြသည်။ အသက်ရှင်ကျန်ရစ်သူ ရခိုင်တစ်သိန်းကျော်မှာလည်း ဘိုးဘွားပိုင် အဆိုပါဘူးသီးတောင်၊ မောင်တောဒေသကိုစွန့်ခွာကာ ကိုယ်လွတ်ရုန်းထွက်ပြေးကြရသည်။ အဆိုပါဖြစ်ရပ်သည် အလယ်သံကျော်အရေးအခင်းဟု လူသိများသည်။ ၁၉၄၂ ခုနှစ်တွင် (အင်္ဂလိပ်)ဗြိတိသျှ အမှတ်(၁၄)ကြည်းတပ်မှ ဗိုလ်မှူးချုပ် C.E..Lucas Phillips က ရခိုင်တိုင်းရင်းသားများ အနေဖြင့် မွတ်စလင်များကိုနိုင်အောင် အချိန်မီမတိုက်နိုင်ခဲ့ပါက ဘိုးဘွားပိုင်နယ်မြေ များမှ မောင်းထုတ်ခံရမည့်သူများမှာ ရခိုင်တိုင်းရင်းသားများသာ ဖြစ်မှာဖြစ်ပြီး မည်သို့မျှ ကယ်တင်နိုင်မည့် မျှော်လင့်ချက် မရှိဟူ၍ စစ်မှတ်တမ်းတွင် မှတ်တမ်းတင်ထားသည်။
ရခိုင်ပြည်နယ်အတွင်းနေထိုင်သော ဘင်္ဂါလီတို့၏ ရခိုင်တိုင်းရင်းသားတို့အပေါ် အကြမ်းဖက်တိုက်ခိုက်မှုများမှာ အကြိမ်ပေါင်းများပြားလှသည်။ လွန်ခဲ့သော နှစ်ပေါင်းများစွာ အဖြစ်အပျက်များကို ချန်လှပ်၍ ၂၀၁၆-၂၀၁၇ ခုနှစ်အတွင်း ဖြစ်ပျက်ခဲ့သည်ကိုသာ ဖော်ပြပါမည်။ ပြည်သူအများစု ကန့်ကွက်နေသည့်ကြားမှ NLD အစိုးရသည် ကိုဖီအာနန်ကော်မရှင်ကို ၅-၉-၂၀၁၆ တွင်ဖွဲ့စည်းကာ ရခိုင်ပြည်နယ်အရေးကို ကမ္ဘာ့အရေး ဖြစ်အောင် ပုံသွင်းခဲ့သည်။ ၉-၁၀-၂၀၁၆ ရက်တွင် အတ္တာအူလ္လာဦးစီး AMM အကြမ်းဖက်အဖွဲ့မှ နယ်ခြားစောင့်ရဲဌာနချုပ်နှင့် ရဲစခန်းနှစ်ခုအားအကြမ်းဖက်တိုက်ခိုက်ခဲ့သည်။ ရဲတပ်ဖွဲ့ဝင် ၁၀ ဦးကျဆုံးပြီး လက်နက် ၆၈ လက်ဆုံးရှုံးခဲ့သည်။ ကိုဖီအာနန်၏ရခိုင်ပြည်နယ်ဆိုင်ရာအကြံပေးကော်မရှင်၏ အပြီးသတ်အစီရင်ခံစာကို ၂၄-၈-၂၀၁၇ ရက်တွင်တင်ပြခဲ့သည်။ ၂၅-၈-၂၀၁၇ ရက်နံနက် ၀၁၃၀ နာရီအချိန်တွင် အတ္တာအူလ္လာဦးစီး (ARSA)အကြမ်းဖက်အဖွဲ့(ယခင်အမည် AMM)မှရဲစခန်း ၃၀ နှင့် တပ်ဌာနချုပ်တစ်ခုအား အကြမ်းဖက်တိုက်ခိုက်ရာ လုံခြုံရေးတပ်ဖွဲ့ဝင် ၁၂ ဦးကျဆုံးပြီး လက်နက်ခြောက်လက်ဆုံးရှုံးခဲ့သည်။
အမှန်တရား သို့မဟုတ် တိုင်းပြည်ချစ်သူများ
ဂမ်ဘီယာနိုင်ငံသည် မြန်မာနိုင်ငံကို အပြည်ပြည်ဆိုင်ရာ တရားရုံး(ICJ)၌ ၁၉၄၈ ခုနှစ် လူမျိုးသုဉ်းစေမှုကို တားဆီးရန်နှင့်ပြစ်ဒဏ်ပေးရန် နိုင်ငံတကာသဘောတူစာချုပ် (Convention on the Prevention and Punishment Of the Crime Of Genocide) ကို ကျူးလွန်ဖောက်ဖျက်သည်ဟု စွပ်စွဲချက်ဖြင့် တရားစွဲဆိုထားခြင်းနှင့် ပတ်သက်၍ မြန်မာနိုင်ငံက တင်သွင်းခဲ့သောကနဦး ကန့်ကွက်လွှာဆိုင်ရာ ကြားနာပွဲသို့ မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခြင်း သတင်းသည် မြန်မာပြည်သူတို့ စိတ်ဝင်စားနေသော သတင်းဖြစ်သည်။ မြန်မာနိုင်ငံကတင်သွင်းခဲ့သော ကနဦးကန့်ကွက်လွှာ နှင့်ပတ်သက်သည့်ကြားနာမှုကို နယ်သာလန်နိုင်ငံသည်ဟိဂ်မြို့တွင် ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၂၁ ရက်မှ ၂၈ ရက်အထိ ပြုလုပ်လျက်ရှိသည်။
မြန်မာနိုင်ငံအနေဖြင့် ကနဦးကန့်ကွက်လွှာတင်သွင်းခြင်းသည် တရားရုံးအပေါ်အထူးလေးစား သမှုဖြင့် လုပ်ဆောင်ခြင်းဖြစ်သည်။ ယခုအမှုအားတရားရုံးတွင် စီရင်ပိုင်ခွင့်မရှိကြောင်း၊ ပလပ်ရမည်ဖြစ် ကြောင်း မြန်မာနိုင်ငံက လျှောက်ထားခြင်းမှာ ဂမ်ဘီယာနိုင်ငံသည် OIC ၏တာဝန်ပေးချက်အရ OIC ကိုယ်စားတရားစွဲပေးခြင်း ဖြစ်၍ ယခုအမှုကိုလက်မခံသင့်ကြောင်း၊ OIC သည် နိုင်ငံတကာ အဖွဲ့အစည်းတစ်ခုဖြစ်၍ အပြည်ပြည်ဆိုင်ရာ တရားရုံး၏ဥပဒေအရ အငြင်းပွားမှု တင်သွင်းခွင့်မရှိသဖြင့် ကန့်ကွက်ခြင်းဖြစ်သည်။
တရားစွဲဆိုခွင့်မရှိ
ထို့ပြင်ဂမ်ဘီယာနိုင်ငံသည် နစ်နာသူနိုင်ငံမဟုတ်၍ တရားစွဲခွင့်မရှိကြောင်း၊ ၁၉၄၈ ခုနှစ် လူမျိုးသုဉ်းစေမှုကို တားဆီးရန်နှင့် ပြစ်ဒဏ်ပေးရန် နိုင်ငံတကာသဘောတူစာချုပ်က အဖွဲ့ဝင်နိုင်ငံများ အနေဖြင့် ၎င်းတို့အပေါ် ထိခိုက်မှုမရှိပါက တရားစွဲခွင့်ပေးမထားကြောင်း၊ မြန်မာနိုင်ငံသည် ၁၉၄၈ ခုနှစ်လူမျိုးသုဉ်းစေမှုကို တားဆီးရန်နှင့် ပြစ်ဒဏ်ပေးရန် နိုင်ငံတကာသဘောတူစာချုပ်၏ အာတီကယ်(၈)ကို ခြွင်းချက်ပြုလုပ်ထား၍ မည်သည့်စာချုပ်ဝင်နိုင်ငံကမဆို ကုလသမဂ္ဂ၏အဖွဲ့အစည်းများ (အပြည်ပြည်ဆိုင်ရာ တရားရုံးအပါအဝင်) သို့ စာချုပ်ဝင်နိုင်ငံ တစ်နိုင်ငံအား အရေးယူဆောင်ရွက်ရန် တောင်းဆိုမှုကို လိုက်နာရန်မလိုကြောင်း၊ ၁၉၄၈ ခုနှစ် လူမျိုးသုဉ်းစေမှုကို တားဆီးရန်နှင့်ပြစ်ဒဏ်ပေးရန် နိုင်ငံတကာသဘောတူစာချုပ်၏အာတီကယ်(၉)အရ တရားရုံးသို့ အမှုတင်သွင်းရန် အဖွဲ့ဝင်နှစ်နိုင်ငံအကြား ဥပဒေကြောင်းအရ အငြင်းပွားမှုရှိရန်လိုအပ်ကြောင်း၊ ဂမ်ဘီယာနိုင်ငံနှင့် မြန်မာနိုင်ငံအကြား ဥပဒေကြောင်းအရ အငြင်းပွားမှုလုံးဝ မရှိကြောင်း စသည့်အချက်(၄) ချက်ကို တင်သွင်းခဲ့သည်။
ကိုယ်စားလှယ်အဖွဲ့ကိုကြိုဆို
အဆိုပါကြားနာပွဲသို့ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်က ကိုယ်စားလှယ် (Agent) အဖြစ်လည်းကောင်း၊ ဥပဒေရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦးက အလှည့်ကျကိုယ်စားလှယ် (Alter mate Agent)အဖြစ် လည်းကောင်း ဦးဆောင်မြန်မာကိုယ်စားလှယ်အဖွဲ့အား တိုင်းပြည်နှင့်လူမျိုးကို ချစ်သူတိုင်း၊ အမှန်တရားကို မြတ်နိုးလိုလားသူတိုင်းက ဝမ်းမြောက်ဝမ်းသာကြိုဆိုပါကြောင်း ရေးသား တင်ပြလိုက်ရပါ သတည်း။ ။
အာကာမောင်မောင်