ချယ်လ်ဆီးအသင်းပိုင်ရှင် အီဘရာမိုဗစ်ချ်က အသင်းကို ရောင်းချရန် ချိတ်ဆက်မှုများ ပြုလုပ်နေပြီး စတာလင်ပေါင် လေးဘီလီယံဖြင့် ရောင်းချရန် သတ်မှတ်ထား
ချယ်လ်ဆီးအသင်းပိုင်ရှင် အီဘရာမိုဗစ်ချ်က အသင်းကိုရောင်းချရန် ချိတ်ဆက်မှုများ ပြုလုပ်နေပြီး စတာလင်ပေါင် လေးဘီလီယံဖြင့် ရောင်းချရန် သတ်မှတ်ထားကြောင်း သိရသည်။
လက်ရှိဖြစ်ပွားနေသည့် ရုရှား-ယူကရိန်းအရေးကြောင့် ချယ်လ်ဆီးအသင်းအပေါ် ထိခိုက်မှုများ ရှိလာနိုင်သည့်အတွက် ရုရှားနိုင်ငံသား အီဘရာမိုဗစ်ချ်သည် ဖေဖော်ဝါရီ ၂၆ ရက်က ချယ်လ်ဆီးအသင်းကို ရောင်းချမည်မဟုတ်ဘဲ အသင်းပရဟိတ ဖောင်ဒေးရှင်းအဖွဲ့ထံ လွှဲပြောင်းပေးအပ်ခဲ့သည်ဟု သတင်းထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
သို့သော် ချယ်လ်ဆီးအသင်း ပရဟိတဖောင်ဒေးရှင်း အဖွဲ့က အသင်းကို လွှဲပြောင်းရယူခြင်း မရှိသေးကြောင်း၊ အဖွဲ့ဝင်များကြား အသင်းကို လွှဲပြောင်းရယူရန်နှင့် ပတ်သက်၍ သဘောထား ကွဲလွဲမှုများရှိနေသဖြင့် လက်ခံရယူမည် မဟုတ်ကြောင်း ထုတ်ပြန်ထားသည့်အတွက် အီဘရာမိုဗစ်ချ် အနေဖြင့် အသင်းကို မဖြစ်မနေ ရောင်းချရမည့် အရေးနှင့် တွေ့ကြုံနေရခြင်းဖြစ်သည်။
လက်ရှိတွင် ဗြိတိန်အစိုးရက အီဘရာမိုဗစ်ချ်ကို ပြည်ပဝင်ခွင့် ပိတ်ပင်ထားပြီး ဗြိတိန်အစိုးရမှ တာဝန် ရှိသူများကလည်း အင်္ဂလန်နိုင်ငံအတွင်းရှိ အီဘရာမိုဗစ်ချ် ပိုင်ဆိုင်ထားသည့် ပိုင်ဆိုင်မှုအားလုံးကို ပြည်သူပိုင်အဖြစ် သိမ်းဆည်းရန် အတွက်ပင် ပြင်ဆင်မှုများ ရှိနေသည့်အတွက် အီဘရာမိုဗစ်ချ်က အသင်းကို ရောင်းချရန် ချိတ်ဆက်မှုများ ပြုလုပ်နေခြင်းဖြစ်သည်။
အီဘရာမိုဗစ်ချ်သည် ချယ်လ်ဆီးအသင်းကို ရောင်းချရန် ကမ္ဘာတစ်ဝန်းရှိ သန်းကြွယ်သူဌေးကြီးများနှင့် ချိတ်ဆက်မှုများ ပြုလုပ်ထားပြီး ချယ်လ်ဆီးအသင်းကို ဝယ်ယူလိုသော သန်းကြွယ်သူဌေးများစွာ ရှိနေသည့်အတွက် လာမည့်ရက်ပိုင်းအတွင်း ချယ်လ်ဆီးအသင်း အနေဖြင့် ပိုင်ရှင် အပြောင်းအလဲ ဖြစ်လာဖွယ်ရှိကြောင်း သိရသည်။