အိမ်ရှင်မတိုင်းနှစ်သက်သည့် နေကြာဆီ
ကျွန်တော်တို့နိုင်ငံသည် သဘာဝသယံဇာတ ပေါများပါသည်။ ဆန်ရေစပါး၊ ရေချိုရေအေးတို့လည်း ပြည့်စုံပါသည်။
သစ်တောသစ်ပင်များကလည်း ချစ်ခင်စရာ ကောင်းလောက်အောင် ခုတ်လို့မကုန်နိုင် ရှိပါသည်။ သားငါးပုစွန်စားသောက်ဖွယ်ရာများလည်း ပေါများကြွယ်ဝလှပါသည်။ အထူးအားဖြင့်စိုက်ပျိုးရေး၊ မွေးမြူရေးသည် မြန်မာတို့၏ မိရိုးဖလာအမွေအနှစ်ဖြစ်ပါသည်။ ထိုအမွေအနှစ်များကို ခေတ်မီတိုးတက်သော နည်းပညာဖြင့် မွမ်းမံလိုက်မည်ဆိုပါက မြန်မာတို့သည် သုံးမကုန်လှူမခန်းနှင့် ပြည်ပသို့တင်ပို့နေရမည်မှာ အမှန်ဖြစ်ပါသည်။
အရေးကြီးက သွေးစည်းသည်ဆိုသည့် အတိုင်း မြန်မာနိုင်ငံအဖို့ ယနေ့အချိန်အခါသည် စည်းလုံးညီညွတ်ရမည့် အချိန်အခါဖြစ်သည်။ နိုင်ငံကိုချစ်သည့် စိတ်ဓာတ်များ ရှိနေကြရမည်ဖြစ်သည်။ ရှိလည်းရှိနေကြသည်ကို တွေ့မြင်နေရသည်။ မိမိတို့နိုင်ငံတွင် ဆီစားသုံးမှုများ လွန်းနေသည့်အတွက် ပြည်ပနိုင်ငံများမှ စားအုန်းဆီ တင်သွင်းခဲ့ရသည်။ လေးလေးနက်နက် စဉ်းစားကြည့်သောအခါ ထိုသို့သူများထံမှ တင်သွင်း နေကြရမည့်အစား မိမိတို့နိုင်ငံတွင်စိုက်ပျိုးထုတ်လုပ်လျှင်ကော မရနိုင်ဘူးလား။
ထို့ကြောင့် နိုင်ငံတော်အကြီးအကဲက ဆီစားသုံးမှုလျှော့ချရန် လမ်းညွှန်နေခြင်းမှာ ကျန်းမာရေးအရ လည်းကောင်း၊ နိုင်ငံစီးပွားရေး လေလွင့်ဆုံးရှုံးမှု မရှိစေရေးအတွက် လည်းကောင်းဖြစ်ပါသည်။
နေကြာသည်မြန်မာတို့၏ ဆွေမျိုးအရင်းဖြစ်သည်။ နေကြာပန်းပွင့် ကလေးများသည် လွန်စွာလှပသည်။ တပ်မတော်တွင် နေကြာတံဆိပ်ကို အသုံးပြုထားသော တိုင်းစစ်ဌာနချုပ် အမှတ်အသားရှိသည်မှာ နေကြာ၏နှစ်သက်ဖွယ်ကို ဂုဏ်ပြုခြင်းဟု
ဆိုနိုင်သည်။ နေကြာအများအပြား ဖြစ်ထွန်းရာဒေသ ရပ်ဝန်းကို ကိုယ်စားပြုခြင်းလည်း ဖြစ်သည်။ နေကြာမှာအမည်က လှပသလို လူတို့အတွက် အသုံးဝင်မှုမှာလည်း များပြားလှသည်။ နေကြာမှဆီ ထုတ်လုပ်သုံးစွဲနိုင်သည်။ ဆီဖူလုံရေးအတွက် နေကြာစိုက်ပျိုးမှုမှာလည်း ယခုအခါ လွန်စွာကျယ်ပြန့် လာနေပြီဖြစ်သည်။
မြန်မာနိုင်ငံတွင် ဆီထွက်သီးနှံ စိုက်ပျိုးမှုမှာ ရှေးယခင်ကတည်းက ရှိနှင့်ပြီးသောလုပ်ငန်းရပ်ဖြစ်သည်။ မြန်မာလူမျိုးအများစုမှာ တင်းတိမ်ရောင့်ရဲ လွယ်သူများဖြစ်သည့် အတွက် များသောအားဖြင့် ဆီထွက်သီးနှံစိုက်ပျိုးခြင်းကို တစ်နိုင်တစ်ပိုင်သာ စိုက်ပျိုးခဲ့ကြပြီး ခေတ်မီနည်းပညာများကိုလည်း လေ့လာမှုနည်းပါးခဲ့သည့်အတွက် ဆီထွက်သီးနှံများမှ ဆီထွက်ရှိမှုနည်းပါးခဲ့သည်။ ယခုအခါခေတ်နှင့်အညီ အမြင်ကျယ်လာ ကြပြီဖြစ်သည့်အတွက် ဆီထွက်သီးနှံ စိုက်ပျိုးမှု များပြားလာသည်။ မြေပဲ၊ နှမ်း၊ နေကြာ၊ ပန်းနှမ်း၊ ဆီမုန်ညင်းတို့ကို မိုးရာသီတွင် ၂၂ ရာခိုင်နှုန်းနှင့် ဆောင်းရာသီတွင် ၇၅ ရာခိုင်နှုန်းကျော် စိုက်ပျိုးထုတ်လုပ်လာကြပြီဖြစ်သည်။
ယနေ့အိမ်ရှင်မများအကြိုက်ဆီထဲတွင် နေကြာဆီသည် ဒုတိယတန်းစားနေရာတွင် ရှိနေသည်။ အနံ့မွှေးသလို ကျန်းမာရေး အထောက်အကူပြုမှုမှာလည်း များပြားလာသည့်အတွက် နေကြာဆီသည် မြန်မာနိုင်ငံ တစ်ဝန်းတွင် တွင်ကျယ်လာနေပြီဖြစ်သည်။ လူမှုကွန်ရက် စာမျက်နှာတွင် နေကြာဆီဟု ရိုက်၍ ရှာဖွေကြည့်လိုက်သည့်အခါ နေကြာဆီ အရောင်း ကုမ္ပဏီပေါင်းများစွာကို တွေ့မြင်လိုက်ရသည်မှာ အားရဖွယ်ကောင်းလှသည်။ လွန်ခဲ့သောနှစ်များစွာက နေကြာစိုက်ပျိုးမှုမှာ ရှမ်းပြည်နယ် တစ်ခွင်သာဖြစ်သော်လည်း ယခုအခါ စစ်ကိုင်း၊ မန္တလေး၊ မကွေး၊ ပဲခူးနှင့်ဧရာဝတီတိုင်း ဒေသကြီးတို့အထိ ကျယ်ပြန့်လာပြီဖြစ်သည်။
မြန်မာနိုင်ငံတွင် နေကြာမျိုးများအနေဖြင့် ဆင်းရွှေကြာ၊ ဆင်းရွှေကြာ(၁)(၂)(၃) မျိုးများနှင့်ရေဆင်း စပ်မျိုး-၁၊ ရေဆင်း စပ်မျိုးနေကြာ-၂တို့ကိုလည်း အဓိကထား စိုက်ပျိုးလျက်ရှိပါသည်။ နေကြာစိုက်ပျိုးရာတွင် သီးထပ်၊ သီးညှပ် စိုက်ပျိုးမှုအနေဖြင့် မိုးနှင့်ဆောင်းရာသီတို့တွင် စိုက်ပျိုးကြသည်။ နေကြာတစ်ဧက အထွက်နှုန်းမှာ ၅၅ တင်းမှ တင်း ၆ဝ အထိ ထွက်ရှိကြောင်းသိရှိရသည်။ နေကြာသီးနှံမှ ဆီထွက်ရှိမှုအနေဖြင့် တစ်တင်းလျှင် ၂ ဒသမ ၅ ပိဿာနှုန်းထွက်ရှိပြီး ထွက်ရှိလာသမျှသော နေကြာစေ့များကို စားသုံးဆီအဖြစ် ကြိတ်ပါက နှစ်စဉ်ဆီတန်ချိန် ငါးသောင်းကျော် ထွက်ရှိနိုင်ကြောင်းလည်း သိရှိရသည်။
မိမိတို့နိုင်ငံကိုချစ်သောစိတ်ဖြင့် ဆီတန်ချိန် ငါးသောင်းကျော်ထွက်ရှိမည့် သတင်းကိုကြိုဆိုပါသည်။ မတ်လ ၃ ရက် နေ့က စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးက အစည်းအဝေးတစ်ရပ်တွင် ''ဆီထွက်သီးနှံများ ဖြစ်သည့် ပဲ၊ နှမ်း၊ နေကြာ၊ ပဲပုပ်များကိုပိုမို စိုက်ပျိုးထုတ်လုပ် သွားရန် လိုအပ်ပြီး ပြည်တွင်းဈေးကွက် လိုအပ်ချက်ကို ဖြည့်ဆည်းပေးခြင်းဖြင့် ပြည်ပမှ ဆီတင်သွင်းမှုကို တစ်ဖက်တစ်လမ်းမှ လျှော့ချနိုင်ရေး ဆောင်ရွက် သွားရမည်ဖြစ်ကြောင်း'' ဆွေးနွေးပြောကြားခဲ့သည်ကို သတိရမိသည်။
မှန်ပါပေသည်။ ပြည်ပမှဆီ တင်သွင်းနေရခြင်းကို ကျွန်တော်တို့ပြောင်းလဲနိုင်အောင် ကြိုးစားကြရမည်ဖြစ်ပါသည်။
နေကြာဆီသည် ကျန်းမာရေး ရှုထောင့်အရကြည့်မည်ဆိုပါလျှင်လည်း ကျန်းမာရေး အတွက် ကောင်းကျိုးများကိုသာ သိရှိရသည်။ ကောင်းကျိုးများစွာထဲမှ အချက်အလက်အချို့ကို ကောက်နုတ်ဖော်ပြရလျှင် ကိုလက်စထရော လျော့နည်းအောင် စွမ်းဆောင်နိုင်ခြင်း၊ ခန္ဓာကိုယ်အတွင်းသွေးလည်ပတ်စီးဆင်းမှု ကောင်းမွန်စေခြင်းကြောင့် အမျိုးသမီးများ ရာသီစက်ဝန်းတွင် စိတ်ပိုင်းဆိုင်ရာ ပြဿနာများမဖြစ်နိုင်ခြင်း၊ ကာဗိုဟိုက်ဒရိတ်ပါဝင်သောကြောင့် ဦးနှောက်မှတ်ဉာဏ် အားကောင်းစေခြင်းစသော ကောင်းကျိုးများကို ထင်ရှားစွာ ဖြစ်ပေါ်စေသည်။ ထို့ပြင် နေကြာစေ့တွင် စိတ်ဖိစီးမှုကိုလျော့ကျစေသည့် အာဟာရဓာတ်များအပြင် အိပ်ပျော်စေသည့် သတ္တုဓာတ်များလည်း ပါဝင်သည်။ အရွယ်မတိုင်မီ အိုမင်းရင့်ရော်ခြင်းကို ကာကွယ် ပေးနိုင်သည်။ အထူးသဖြင့် အစာအိမ်နှင့် အူလမ်းကြောင်းကို ပုံမှန်ဖြစ်စေသည့် အတွက် အစာအိမ်နှင့် အူလမ်းကြောင်းဆိုင်ရာ ရောဂါမှ ကင်းဝေးစေနိုင်ကြောင်းလည်း သိရှိရပါသည်။
နေကြာသည်စိုက်ပျိုးရန် လွယ်ကူသည်ဟု ဆိုနိုင်သည်။ သီးသန့်စိုက်ပျိုးနိုင်သလိုသီးထပ်၊ သီးညှပ်အဖြစ် စိုက်ပျိုးနိုင်သည်မှာ ထူးခြားချက်ဖြစ်သည်။ သီးထပ်စိုက်ပျိုးခြင်းမှာ အဆိုပါမြေကွက်လပ်တွင် ပထမ သီးနှံရိတ်သိမ်းအပြီး ဒုတိယသီးနှံအဖြစ် လည်းကောင်း၊ တတိယသီးနှံအဖြစ် လည်းကောင်း စိုက်ပျိုးနိုင်ခြင်းဖြစ်သည်။ သီးညှပ်စိုက်ပျိုးခြင်းမှာ အခြားသီးနှံတစ်မျိုးမျိုးနှင့် တစ်ပြိုင်တည်း စိုက်ပျိုးခြင်းဖြစ်သည်။ သီးနှံ နှစ်မျိုးလုံးကိုကြဲပက်ကာ သီးရောစိုက်ပျိုးခြင်းဖြစ်သည်။ စိုက်ပျိုးချိန်အဖြစ် မိုးရာသီတွင် မေလမှ ဇွန်လ/မိုးနှောင်းရာသီတွင် စက်တင်ဘာလမှ အောက်တိုဘာလအတွင်းဖြစ်သည်။ စိုက်ပျိုးရေး သုတေသနဦးစီးဌာန၏ စိုက်ပျိုးရေး နည်းစနစ်အရဆိုလျှင် အနည်းဆုံးအပင်ပေါက် ၈ဝ ရာခိုင်နှုန်း အထက်ရှိသောနေကြာမျိုးများကို အသုံးပြုရန်၊ အလေအလွင့်နည်းအောင် အချိန်မီရိတ်သိမ်းရန်၊ စနစ်တကျမျိုးစေ့ခြွေရန်၊ ခြောက်သွေ့အောင် နေလှန်းပေးရန် စသည့် အချက်အလက်များကို အသိပေးထားပါသည်။
မြန်မာနိုင်ငံတစ်ဝန်းရှိ လယ်မြေယာမြေ ကိုင်းကျွန်းမြေနှင့် မြစ်ဝကျွန်းပေါ်ဒေသများပါမကျန် စိုက်ပျိုးနိုင်သည့်အတွက် ပြည်တွင်းစားသုံးဆီ လိုအပ်ချက်ကို ဖြည့်ဆည်းပေးကြရန်ဖြစ်ပါသည်။
တိုင်းဒေသကြီးများနှင့် ပြည်နယ်များတွင် နေကြာမျိုးများ အခမဲ့ဖြန့်ဝေပေးလျက်ရှိရာ မတ်လ ၄ ရက်နေ့သတင်းတစ်ပုဒ်တွင် ပဲခူးတိုင်းဒေသကြီးအတွက် နေကြာမျိုး ၂၂၂၅ တင်း အခမဲ့ကြိုတင်ဖြန့်ဝေပေးခဲ့ရာ ဆီထွက်နေကြာ ဧက ၅၈၃ဝ စိုက်ပျိုးနိုင်ခဲ့ကြောင်း ဖော်ပြထားသည်ကို ဖတ်လိုက်ရသည်။ အောင်မြင်ဖြစ်ထွန်းနေသော နေကြာစိုက်ခင်းများကိုလည်း ပုံနှင့်တကွ ဖော်ပြထားသည်။ အခြားသော တိုင်းဒေသကြီး
နှင့်ပြည်နယ်များတွင်လည်း ဤကဲ့သို့ပင် အောင်မြင်နေမည်မှာ အမှန်ဖြစ်သည်။ နိုင်ငံတော်အစိုးရသည် တိုင်းပြည်ဖွံ့ဖြိုး တိုးတက်ရေး လုပ်ဆောင်လျက်ရှိရာတွင် ဦးတည်ချက်များ ချမှတ်ကာ စနစ်တကျ ဆောင်ရွက်အကောင်အထည် ဖော်နေသည့်အတွက် ဆီထွက်နေကြာ စိုက်ပျိုးနေမှုများမှာလည်းအောင်မြင်မှုရှိမည် ဟုရာနှုန်းပြည့် ယုံကြည်ပါသည်။
မြန်မာနိုင်ငံအနေဖြင့် ရှေးယခင်က မြေပဲနှင့်နေကြာများကို ဆီကြိတ်ခြင်းထက် အလွယ်တကူ ငွေရလွယ်သော အစေ့အဆန်အဖြစ် ရောင်းချမှုများပြားခဲ့သည်။
စာရေးသူသည်ပင် နေကြာစေ့ကို အလွန်ကြိုက်နှစ်သက်ခဲ့သည်။ တစ်ခါတစ်ရံ ရှမ်းပြည်နယ်မှ မိတ်ဆွေများက နေကြာစေ့အကောင်းစား လက်ဆောင်ပို့ပေးလျှင်ဝမ်းသာလိုက်သည်မှာ ပြောစရာမရှိတော့။
ယခုမူ နေကြာစေ့ထက်နေကြာဆီကို ပြောင်းလဲကြိုက်နှစ်သက် ရပါတော့မည်။ နေကြာစေ့ကိုမစားဘဲ ဆီထုတ်လုပ်ခြင်းကို အားပေးရပါမည်။ ဆိုလိုချင်သည်မှာ နေကြာဆီများများ ထုတ်လုပ်နိုင်ခြင်းကို ဂုဏ်ယူရပါမည်။ သူများနိုင်ငံမှ စားအုန်းဆီမှာယူတင်သွင်းနေရခြင်းကို အားမပေးလိုပါ။ ထို့ကြောင့် နေကြာဆီကို ကျွန်တော်နှစ်သက်သည်။ အိမ်ရှင်မတိုင်းကလည်း နှစ်သက်နေကြပြီ ဖြစ်ပါကြောင်း ရေးသားလိုက်ရပေသည်။ ။
ဘုန်းမောင်ဝင်း(ဖျာပုံ)