သင်္ဃန်းကျွန်းမြို့နယ်၊ (ည)ရပ်ကွက်၊ လေးထောင့်ကန်လမ်းရှိ အာရှစိမ်းလန်းဖွံ့ဖြိုးရေး(AGD)ဘဏ်အား ဓားပြတိုက်မှုကျူးလွန်ခဲ့သည့် တရားခံများ ဖမ်းဆီးရမိ

သင်္ဃန်းကျွန်းမြို့နယ်၊ (ည)ရပ်ကွက်၊ လေးထောင့်ကန်လမ်းရှိ အာရှစိမ်းလန်းဖွံ့ဖြိုးရေး(AGD)ဘဏ်အား ဓားပြတိုက်မှုကျူးလွန်ခဲ့သည့် တရားခံများ ဖမ်းဆီးရမိ

နေပြည်တော်၊ မတ်လ ၅ ရက်

၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၅ ရက်တွင် သင်္ဃန်းကျွန်းမြို့နယ်၊ (ည)ရပ်ကွက်၊ လေးထောင့်ကန်လမ်းရှိ AGD Bank ၌ ပေါက်ကွဲမှုဖြစ်ပွားကြောင်း သတင်းအရ လုံခြုံရေး ပူးပေါင်းအဖွဲ့မှ သွားရောက်စစ်ဆေးခဲ့ရာ ဘဏ်ဓားပြတိုက်သူများအနေဖြင့် HIACE အမျိုးအစားခဲရောင်ယာဉ်ဖြင့် ဘဏ်သို့ ရောက်ရှိလာပြီး WIFI တပ်ဆင်သူများ အသွင်ဖြင့် လုံခြုံရေးဝန်ထမ်း ၃ ဦးအား သေနတ်ဖြင့်ထောက်၍ ချုပ်နှောင်ကာ ဘဏ်၏ ဒုတိယထပ်သို့ ခေါ်ဆောင် သွားခဲ့ပြီး မီးခံသေတ္တာအား လက်လုပ်မိုင်းဖြင့် ဖောက်ခွဲ၍ ဘဏ်စာရွက်စာတမ်းများ၊ ဘဏ်၏ CCTV ထိန်းချုပ်စက်၊ ကွန်ပျူတာ များနှင့် ငွေကျပ် ၆၃,၉၅၉,၇၀၁ တို့အား ယူဆောင်သွားသည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ပါသည်။
ဓားပြတိုက်မှု ဖြစ်စဉ်နှင့်ပတ်သက်၍ တရားခံများအား ဖမ်းဆီးရမိရေး ဆောင်ရွက်ခဲ့ရာ ၂၀၂၂ ခုနှစ်၊ မတ်လ ၄ ရက်တွင် ဓားပြတိုက်မှုဖြစ်စဉ်၌ တရားခံများ အသုံးပြုခဲ့သည့် Toyota HIACE (ခဲရောင်)ယာဉ်အား မှတ်တမ်းတိုက်ဆိုင်စစ်ဆေးခြင်းနှင့် ပြည်သူလူထု၏ ပူးပေါင်းပါဝင် သတင်းပေးချက်များအရ ယာဉ်ပိုင်ရှင်မှာ သင်္ဃန်းကျွန်း မြို့နယ်၊ သုဝဏ္ဏမြို့သစ်၊ ရန်ကုန်သစ်ရပ်ကွက်၊ နှင်းဆီဖြူလမ်းနေ ဒေါက်တာ ကောင်းချစ်စိုး ပိုင်ဆိုင်ကြောင်း သိရှိရသဖြင့် ၎င်း၏ နေအိမ်အား စောင့်ကြည့်မှုများ ပြုလုပ်ခဲ့ရာ ဘဏ်ဓားပြတိုက်မှု ဖြစ်စဉ်တွင် ပါဝင်သော တရားခံ ရှိုင်းထက်အောင် (၂၈)နှစ်အား မင်္ဂလာတောင်ညွန့်မြို့နယ်၊ ပုသိမ်ညွန့်ရပ်ကွက်၌ ယာဉ်အမှတ်၊ 4N/7883 Nissan ယာဉ်နှင့်အတူ ဖမ်းဆီးရမိခဲ့ပါသည်။
တရားခံ ရှိုင်းထက်အောင်၏ ထွက်ဆိုချက်အရ ယင်းနေ့ညနေပိုင်းတွင် ဘဏ်ဓားပြ တိုက်မှုအား ဦးဆောင်သူ ဒေါက်တာ ကောင်းချစ်စိုး၏ သင်္ဃန်းကျွန်း မြို့နယ်၊ သုဝဏ္ဏမြို့သစ်၊ ရန်ကုန်သစ်ရပ်ကွက်၊ နှင်းဆီဖြူလမ်းရှိ နေအိမ်အား ဝင်ရောက် ရှာဖွေစစ်ဆေးခဲ့ရာ နေအိမ်အတွင်း၌ ဒေါက်တာ ကောင်းချစ်စိုး(၃၄)နှစ်၊ သီဟအောင် (၂၈)နှစ်၊ ပြည်သိမ်းခိုင်(၂၈)နှစ်၊ ပိုင်စစ်(ခ)ပိုင်စစ်သွေး(၂၅)နှစ်တို့ ၄ ဦးအား ငွေစက္ကူ ရောရာ ၅,၀၆၉,၅၀၀ ကျပ်၊ အမေရိကန်ဒေါ်လာ ၈၀၀၀၊ လက်ကိုင်ဖုန်းမျိုးစုံ ၄ လုံး၊ CCTV အထိုင်စက် ၁ လုံး၊ Hard Disk ၉ ခုနှင့် ဓားပြတိုက်ရာတွင် အသုံးပြုခဲ့သော သံကျောက်ဖြတ်အဝိုင်းပြား ၁၅ ပြား၊ တူ ၂ လက်၊ သံတူရွင်း ၂ ချောင်း၊ ကတ်ကြေး ၂ လက်၊ ယာဉ်အမှတ်၊ 8K/2658 Toyota HIACE (ခဲရောင်)မော်တော်ယာဉ် ၁ စီး တို့နှင့်အတူ ဖမ်းဆီးရမိခဲ့ပါသည်။
ဖြစ်စဉ်တွင် တရားခံ ကျား ၅ ဦးအား ငွေစက္ကူရောရာ ၅,၀၆၉,၅၀၀ ကျပ်၊ အမေရိကန်ဒေါ်လာ ၁၀၀ တန် ၈၀ ရွက်(ဒေါ်လာ ၈၀၀၀)၊ လက်ကိုင်ဖုန်းမျိုးစုံ ၄ လုံး၊ CCTV အထိုင်စက် ၁ လုံး၊ Hard Disk ၉ ခုနှင့် ဓားပြတိုက်ရာတွင် အသုံးပြုခဲ့သော ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ပါသည်။
ဖမ်းဆီးရမိ တရားခံများ၏ ထွက်ဆိုချက်အရ ဒေါက်တာ ကောင်းချစ်စိုးသည် ၂၀၁၉ ခုနှစ်တွင် ဇနီးဖြစ်သူနှင့်အတူ ဆေးဆိုင်ဖွင့်လှစ်ရောင်းချခဲ့ရာ၌ ဝယ်ယူထားသည့် ဆေးပစ္စည်းများမှာ အရှုံးပေါ်၍ ဆေးကုမ္ပဏီများနှင့် ငွေကြေးပြဿနာများ ဖြစ်ပေါ် ခဲ့ပြီး အမှုရင်ဆိုင်ခဲ့ရသဖြင့် ငွေကြေးလိုအပ်မှုများကြောင့် ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလတွင် သင်္ဃန်းကျွန်းမြို့နယ်၊ (ဇ)မြောက်ရပ်ကွက်၊ လေးထောင့်ကန်လမ်းရှိ AGD Bank အား ဘဏ်ပိတ်ရက်တွင် ဝင်ရောက်လုယက်ရန် ၎င်း၏ ဆေးပစ္စည်းကုမ္ပဏီမှ အလုပ်သမား များဖြစ်သော ရှိုင်းထက်အောင်၊ သီဟအောင်၊ ပြည်သိမ်းခိုင်၊ ပိုင်စစ်(ခ)ပိုင်စစ်သွေး တို့နှင့်အတူ တိုင်ပင်ပြောဆိုခဲ့ကြောင်း ဖော်ထုတ်သိရှိရသည်။
ဘဏ်ဓားပြတိုက်ရာတွင် အသုံးပြုရန် ဖောက်ခွဲရေးပစ္စည်းများနှင့် ပစ္စတို အတု ၁ လက်အား Online Shop မှ မှာယူခဲ့ပြီး အခြားလိုအပ်သော ပစ္စည်းများအား အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်များမှ ဝယ်ယူခဲ့ကြောင်း၊ ယာဉ်အမှတ်၊ 8K/2658 Toyota HIACE (ခဲရောင်)မော်တော်ယာဉ်အား ကားအငှားလုပ်ငန်းလုပ်ကိုင်သူ ကျော်စိန်ဝင်းထံမှ တစ်ရက်လျှင် ငွေကျပ် ၅၀,၀၀၀ ဖြင့် ငှားရမ်းအသုံးပြုခဲ့ကြောင်း ဖော်ထုတ်သိရှိရသည်။
၎င်းနောက် တရားခံ ကောင်းချစ်စိုး၊ ရှိုင်းထက်အောင်၊ ပိုင်စစ်သွေး၊ ပြည်သိမ်းခိုင်နှင့် သီဟအောင်တို့ ၅ ဦးသည် AGD Bank ၏ ဖွဲ့စည်းပုံ၊ အခန်းအနေ အထားနှင့် လုံခြုံရေးဝန်ထမ်းများ စောင့်ကြပ်မှုအခြေအနေများအား သိရှိနိုင်ရန်အတွက် ဘဏ်သို့ ငွေသွင်း/ငွေထုတ်သူများ ပုံစံဖြင့် သွားရောက်လေ့လာ ကြည့်ရှုခဲ့ကြောင်း ဖော်ထုတ်သိရှိရသည်။
ဘဏ်ဓားပြတိုက်မှု ကျူးလွန်မည့် ဖေဖော်ဝါရီလ ၅ ရက်တွင် ကောင်းချစ်စိုး၊ ရှိုင်းထက်အောင်၊ ပိုင်စစ်သွေး၊ ပြည်သိမ်းခိုင်၊ သီဟအောင်တို့ ၅ ဦးသည် သင်္ဃန်းကျွန်း မြို့နယ်၊ သုဝဏ္ဏမြို့သစ်၊ ရန်ကုန်သစ်ရပ်ကွက်၊ နှင်းဆီဖြူလမ်းရှိ ဆေးကုမ္ပဏီရုံးမှ ငှားရမ်းထားသည့် ယာဉ်အမှတ်၊ 8K/2658 မော်တော်ယာဉ်ဖြင့် ထွက်ခွာလာပြီး ကံကော် ရိပ်သာလမ်းသွယ် အတွင်း၌ မော်တော်ယာဉ်အား ယာဉ်အမှတ်၊ 5M/5959 ယာဉ်နံပါတ်ပြား ပြောင်းလဲတပ်ဆင်ခြင်းနှင့် Myanmar Net စာတန်းပါ စတစ်ကာကပ်ခြင်းတို့ ပြုလုပ် ခဲ့ကြောင်း ဖော်ထုတ်သိရှိရသည်။
၎င်းတို့ ၅ ဦးသည် AGD Bank အနီးသို့ Myanmar Net ကုမ္ပဏီဝန်ထမ်းများ အသွင်ဖြင့် သွားရောက်ခဲ့ပြီး ကောင်းချစ်စိုးသည် ဘဏ်လုံခြုံရေးဝန်ထမ်းအား Laptop အားသွင်းလိုသည်ဟု ပြောဆို၍ ဘဏ်အတွင်းသို့ လုံခြုံရေးဝန်ထမ်းနှင့်အတူ ဝင်ရောက် သွားခဲ့ကြောင်း၊ ၎င်းနောက် သီဟအောင်သည် ပစ္စတိုအတုအား ကိုင်ဆောင်၍ ပြည်သိမ်းခိုင်၊ ပိုင်စစ်သွေးတို့နှင့်အတူ ဘဏ်အတွင်းသို့ ထပ်မံဝင်ရောက်ခဲ့ပြီး လုံခြုံရေး ဝန်ထမ်းများအား ချုပ်နှောင်ထားရှိခဲ့ကာ ဘဏ်အတွင်းရှိ CCTV ကြိုးများအား ဖြတ်တောက်၍ ဘဏ်ငွေတိုက်အမိုးမျက်နှာကြက်ပေါ်မှ ကျောက်စက်ဖြင့် ဖောက်ထွင်းကာ ငွေတိုက်ခန်းအတွင်းသို့ ဝင်ရောက်ပြီး ငွေများအား ယူဆောင်ခဲ့ကြောင်း၊ ၎င်းနောက် ကောင်းချစ်စိုးနှင့် ပြည်သိမ်းခိုင်တို့ ၂ ဦးသည် ဘဏ်ငွေတိုက်ပတ်လည်၌ လက်လုပ်မိုင်း ၅ လုံးအား အချိန်ကိုက်ပေါက်ကွဲစေရန် တပ်ဆင်ခဲ့ပြီး ဓာတ်ဆီလောင်း၍ ထားရှိခဲ့ကြောင်း ဖော်ထုတ်သိရှိရသည်။
ဘဏ်ဓားပြတိုက်ရာတွင် ရရှိခဲ့သော ငွေသိန်း ၆၁၀ ကျပ်အား ကောင်းချစ်စိုးသည် သီဟအောင်၊ ပိုင်စစ်သွေး၊ ပြည်သိမ်းခိုင်၊ ရှိုင်းထက်အောင်တို့ ၄ ဦးအား တစ်ဦးလျှင် ငွေကျပ် သိန်း ၃၀ စီ ခွဲဝေပေးခဲ့ပြီး ကျန်ငွေများအား ၎င်းမှ ယူဆောင်ခဲ့ပြီး ၎င်းငွေများမှ ကျပ်သိန်း ၁၆၀ အား အမေရိကန်ဒေါ်လာဖြင့် လဲလှယ်ခဲ့ရာ ဒေါ်လာ ၈,၀၀၀ ရရှိခဲ့ကြောင်း၊ ကောင်းချစ်စိုးသည် ဓားပြတိုက်ရာတွင် အသုံးပြုခဲ့သည့် မော်တော်ယာဉ်အား ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၈ ရက်တွင် ကျော်စိန်ဝင်းထံသို့ ပြန်လည်ပေးအပ်ခဲ့သော်လည်း လုံခြုံရေးတပ်ဖွဲ့ဝင်များမှ မော်တော်ယာဉ်နှင့်ပတ်သက်၍ လိုက်လံရှာဖွေစစ်ဆေးမှုများ ပြုလုပ်ခဲ့သောကြောင့် ကျော်စိန်ဝင်းထံမှ မော်တော် ယာဉ်အား ငွေကျပ် သိန်း ၂၅၀ ဖြင့် အပိုင်ဝယ်ယူခဲ့ကြောင်း၊ ၎င်းနောက် ကောင်းချစ်စိုး သည် လုယက်ရာမှ ရရှိသည့် ငွေများဖြင့် ယာဉ်အမှတ်၊ 4N/7883 Nissan ယာဉ်အား ငွေကျပ် သိန်း ၉၀ ဖြင့် ထပ်မံဝယ်ယူခဲ့ကြောင်း ဖော်ထုတ်သိရှိရသည်။
အထက်ပါဖြစ်စဉ်တွင် တရားခံများအနေဖြင့် CRPH ၊ NUG နှင့် PDF အကြမ်းဖက် အဖွဲ့များမှ နိုင်ငံတော်တည်ငြိမ်အေးချမ်းမှုနှင့် ပြည်သူလူထုအား ထိတ်လန့်ကြောက်ရွံ့ စေရန် ဆောင်ရွက်မှုအပေါ် အခွင့်အရေးတစ်ရပ်အနေဖြင့် အသုံးချကာ လုယက်မှုများအား ကျူးလွန်လာခဲ့ကြောင်း တွေ့ရှိရသဖြင့် ပြည်သူလူထုအနေဖြင့် အဆိုပါအကြမ်းဖက်အဖွဲ့ အစည်းများ၊ မသမာသူများမှ နိုင်ငံတော်အား ထိခိုက်ပျက်စီးစေရန် ဆောင်ရွက်နိုင်မှု မရှိစေရေးအတွက် ၎င်းတို့၏ လှုပ်ရှားသွားလာမှုများအား လျှို့ဝှက်စွာ သတင်းပေးပို့ တိုင်ကြားနိုင်ကြောင်း၊ သတင်းပေးပို့သူများအား ထိုက်တန်စွာ ဆုချီးမြှင့်ခြင်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် AGD Bank ဓားပြတိုက်မှုကျူးလွန်ရာတွင် ပူးပေါင်းပါဝင်ခဲ့သည့် တရားခံများအား ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။