တရုတ်နိုင်ငံသည် ဒေသတွင်း၌မြင့်တက်လာသည့် ၎င်း၏လုံခြုံရေးအပေါ် ခြိမ်းခြောက်မှုများနှင့် ရင်ဆိုင်နေရစဉ် ယခုနှစ်အတွက် ကာကွယ်ရေးအသုံးစရိတ်ကို ၇ ဒသမ ၁ ရာခိုင်နှုန်းတိုးမြှင့်သုံးစွဲမည်ဖြစ်ကြောင်း သိရသည်။
ယခုနှစ်အတွက် ကာကွယ်ရေးအသုံးစရိတ်ကို ၇ ဒသမ ၁ ရာခိုင်နှုန်းတိုးမြှင့်ကာ ယွမ် ၁ ဒသမ ၄၅ ထရီလီယံအထိ သုံးစွဲသွားမည်ဖြစ်ကြောင်း မတ် ၅ ရက်တွင် ထုတ်ပြန်သော တရုတ်အစိုးရ၏ ခန့်မှန်းခြေရသုံးငွေစာရင်းတွင် ဖော်ပြထားသည်ကို တွေ့ရသည်။
တရုတ်နိုင်ငံအနေဖြင့် တပ်မတော်၏ စစ်ရေးလေ့ကျင့်မှုနှင့် တိုက်ပွဲဝင်အသင့်ဖြစ်မှုတို့ကို တိုးမြှင့်သွားမည် ဖြစ်ကြောင်း၊ တပ်မတော်၏ ထောက်ပံ့ပို့ဆောင်ရေးစနစ်နှင့် စီမံခန့်ခွဲမှုစနစ်များကို ခေတ်နှင့်အညီဖြစ်စေနိုင်ရေး အရှိန်အဟုန်မြှင့် လုပ်ဆောင်သွားမည် ဖြစ်ကြောင်းနှင့် ခေတ်မီလက်နက်ခဲယမ်းချပ်ဝတ်တန်ဆာများ စီမံခန့်ခွဲရေးစနစ် တစ်ခုကိုလည်း တည်ဆောက်သွားမည် ဖြစ်ကြောင်း ဝန်ကြီးချုပ်လီခချန်က မတ် ၅ ရက်တွင်ပြောသည်။
တရုတ်အစိုးရသည် ပြီးခဲ့သည့်နှစ်များအတွင်း အသံထက်အလွန်မြန်သော ဟိုက်ပါဆောနစ် လက်နက်များကဲ့သို့ အဆင့်မြင့်တိုက်ခိုက်ရေး စွမ်းရည်များ တိုးတက်အောင် ဆောင်ရွက်ခြင်း အပါအဝင် စစ်လက်နက် ပစ္စည်းများကို ပိုမိုပိုင်ဆိုင်လာသည်။
ယခုကဲ့သို့ ကာကွယ်ရေးအသုံးစရိတ်တိုးမြှင့်ရခြင်းသည် အမေရိကန်၊ သြစတြေးလျနှင့် ဗြိတိန်တို့ ပါဝင်သော သုံးနိုင်ငံလုံခြုံရေး စာချုပ်ချုပ်ဆိုမှုများအပါအဝင် တရုတ်နိုင်ငံ၏ အင်အားကြီးထွားလာမှုကို ထိန်းချုပ်နိုင်ရေးအတွက် အမေရိကန်က တိုးမြှင့်လုပ်ဆောင် လာခြင်းသည်လည်း အကြောင်းရင်းတစ်ခုအဖြစ် ပါဝင်နေသည်။
ထို့ကြောင့် နိုင်ငံ၏အချုပ်အခြာအာဏာ၊ လုံခြုံရေးနှင့် အကျိုးစီးပွားကို စောင့်ရှောက်နိုင်ရေးအတွက် တရုတ်တပ်မတော်ကို အင်အားတောင့်တင်းစေရန် မဖြစ်မနေကြိုးပမ်းဆောင်ရွက်ရမည်ဖြစ်ကြောင်း လီခချန်က ပေကျင်းမြို့၌ မတ် ၅ ရက်တွင် စတင်ကျင်းပသော နှစ်စဉ်ဥပဒေပြုအစည်းအဝေး၌ ဥပဒေပြုအမတ်၂၈၀၀ ကိုပြောထားသည်။
ယခုနှစ်ကာကွယ်ရေး အသုံးစရိတ် အများအပြားသည် သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်မှု အစီအစဉ်၊ စစ်လက်နက်ပစ္စည်းများ ဝယ်ယူမှုအစီအစဉ်တို့တွင် အသုံးပြုမည်ဟု မျှော်မှန်းရကြောင်း သိရသည်။
Ref: TST