မြေရတနာမှ ငွေရှာကြပါစို့

မြန်မာနိုင်ငံ၏ စားနပ်ရိက္ခာဖူလုံရေးနှင့် အဓိကဝင်ငွေရရှိရေး လုပ်ငန်းများမှာ မြေကြီးသည် မူလအရင်းအမြစ် ဖြစ်သည်။ လူသားတို့၏ကာယအား၊ ဉာဏအားတို့ဖြင့် တွေးခေါ်ကြံဆ လုပ်ကိုင်ကြရာမှ မြေကြီးမှ ငွေသီးလာကြခြင်း ဖြစ်သည်။ မြေကြီးသည် လူသားတို့အတွက် လောကီရတနာဟု ဆိုနိုင်ပေသည်။ ယနေ့အချိန်

ကာလတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအနေဖြင့် နိုင်ငံသာယာဝပြောမှုရှိစေရန်၊ စားရေရိက္ခာပေါများပြီး နိုင်ငံသူ၊ နိုင်ငံသားများအားလုံး ကျန်းမာစေရန်နှင့် အာဟာရပြည့်ဝစွာ ရရှိစေရန် ဦးစားပေး လုပ်ဆောင်လျက်ရှိပါသည်။

၂၀၂၀-၂၀၂၁ ခုနှစ်တွင် ကိုဗစ်-၁၉ ရောဂါကြောင့် စီးပွားရေးကဏ္ဍအသီးသီး၏ ကုန်ထုတ်လုပ်မှုတွင် အဟန့်အတားများစွာ ဖြစ်ပေါ်ခဲ့သော်လည်း အဓိကစားနပ်ရိက္ခာများ ထုတ်လုပ်မှုတွင် မူလအတိုင်းထုတ်လုပ် နိုင်ခဲ့သည့်အတွက် လယ်ယာသားငါးကဏ္ဍထုတ်လုပ်မှု အရှိန်အဟုန်မကျဘဲ တိုးတက်မှုနှုန်း ၁ ရာခိုင်နှုန်း ရရှိခဲ့ကြောင်း၊ လယ်ယာသားငါးကဏ္ဍအနေဖြင့် ပြည်တွင်းအသားတင် ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုတန်ဖိုး (GDP) တွင် ၂၂ ဒသမ ၇ ရာခိုင်နှုန်းနှင့် ပြည်ပပို့ကုန်တင်ပို့မှု တန်ဖိုး၏ ၃၅ ဒသမ ၁ ရာခိုင်နှုန်းဖြည့် ဆည်းပေး နိုင်ခဲ့ကြောင်း သိရှိရသည်။

လယ်ယာကဏ္ဍတွင် စပါးစိုက်ပျိုးမှုသည်အဓိကဖြစ်ပေရာ စပါးစိုက်ပျိုးထုတ်လုပ်မှုနှင့် ပတ်သက်၍ မိုးစပါးစိုက်ဧက ၁၅ ဒသမ ၀၁ သန်းစိုက်ပျိုးခဲ့ပြီး အထွက်တင်းသန်းပေါင်း ၁၀၅၃ ဒသမ ၇၃ တင်း ထွက်ရှိခဲ့သည်။ ယခင်နှစ်ကာလတူနှင့် နှိုင်းယှဉ်ပါက စိုက်ဧက ၈၁၃၄၃ ဧက ပိုမိုစိုက်ပျိုးနိုင်ခဲ့ပြီး အထွက်တင်း သန်းပေါင်း ၂ ဒသမ ၆၈ တင်းပိုမိုထုတ်လုပ်နိုင်ခဲ့ကြောင်း သိရှိရသည်။ ပဲမျိုးစုံစိုက်ပျိုးမှုနှင့် ပတ်သက်၍ ပဲမျိုးစုံစိုက်ဧက  ၉ ဒသမ ၆၃ သန်းစိုက်ပျိုးခဲ့ပြီး အထွက်တင်းသန်းပေါင်း ၂၄ ဒသမ ၁၆ တင်း၊ ဆီထွက်သီးနှံစိုက်ဧက ၇ ဒသမ ၃၇ သန်းနှင့် အထွက်တင်းသန်းပေါင်း ၉၆ ဒသမ ၂၂ တင်း၊ အစေ့ထုတ် ပြောင်းစိုက်ဧက ၁ ဒသမ ၄၉ သန်းဖြစ်ပြီး အထွက်တင်းသန်းပေါင်း ၇၉ ဒသမ ၆၅ တင်းထွက်ရှိခဲ့ကြောင်း သိရှိရသည်။

နိုင်ငံတော်အစိုးရသည် စိုက်ပျိုးရေးနှင့် မွေးမြူရေးကို အခြေခံသည့် ကုန်ထုတ်လုပ်မှုကို ခေတ်မီနည်းစနစ်များဖြင့် ပိုမိုဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ပြီး အခြားစီးပွားရေး ကဏ္ဍများကိုလည်း ဘက်စုံဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက်ရေး ဦးတည်ချက်နှင့်အညီ ဆောင်ရွက်လျက်ရှိပါသည်။ ပြည်တွင်းစားသုံးမှု ဖူလုံအောင် စိုက်ပျိုးမွေးမြူကြပြီး နိုင်ငံခြားဝင်ငွေပိုမိုရရှိရေးအတွက် ပြည်ပသို့တင်ပို့ရောင်းချခြင်းများကို ဆောင်ရွက်ခွင့်ပြုထားသည်။ လယ်ယာသားငါး အဓိကထွက်ကုန်များ ပြည်ပသို့ တင်ပို့မှုအနေဖြင့် ဆန်နှင့် ဆန်ကွဲတန်ချိန် ၁ ဒသမ ၆၆ သန်း တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၅၇၈ ဒသမ ၉၄ သန်း၊ ပဲမျိုးစုံတန်ချိန် ၁ ဒသမ ၇၅ သန်း တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၁၃၂၄ ဒသမ ၂၇ သန်း၊ ပြောင်းတန်ချိန် ၂ ဒသမ ၅၄ သန်းတန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၅၄၀ ဒသမ ၁ သန်း၊ နှမ်းတန်ချိန် သုည ဒသမ ၁၈ သန်း တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၂၃၆ ဒသမ  ၃၃ သန်းတင်ပို့နိုင်ခဲ့သည်မှာ မြေရတနာမှ ငွေရှာပေးနေခြင်းဖြစ်ပေသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရလက်ထက် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် မြန်မာနိုင်ငံပြည်ပ ကုန်သွယ်မှုစာရင်းအရ ပြည်ပသို့ပို့ကုန်ဒေါ်လာ ၁၅ ဒသမ ၃၆ ဘီလီယံ၊ ပြည်ပသွင်းကုန်ဒေါ်လာ ၁၄ ဒသမ ၆၉ ဘီလီယံ၊ ကုန်သွယ်မှုပမာဏဒေါ်လာ ၃၀ ဒသမ ၀၅ ဘီလီယံဖြစ်သည့်အတွက် ယာယီစာရင်းများအရ ကုန်သွယ်မှုပိုငွေမှာ ၆၇၇ သန်းကျော် ပိုမိုခဲ့ကြောင်း သိရှိရသည်။ ကမ္ဘာတွင် ကိုဗစ်-၁၉ ရောဂါကြောင့် စီးပွားရေးကျဆင်းမှုနှင့် ရင်ဆိုင်နေရချိန်တွင် မြန်မာနိုင်ငံရှိ စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများမှာ သိသိသာသာ ကျဆင်းသွားခြင်း မရှိဘဲ လုပ်ကိုင်နိုင်သည်မှာ လေးစားဖွယ်ကောင်းလှသည်။

ထို့ကြောင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံမှ ၂၀၂၂ ခုနှစ် မတ်လ ၂ ရက် တောင်သူလယ်သမားနေ့ အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာတွင် စိုက်ပျိုးမွေးမြူရေးထုတ်လုပ်သူ တောင်သူလယ်သမားများနှင့်တကွ ထုတ်လုပ်မှုကွင်းဆက်တစ်လျှောက် ပါဝင်သူများ အားလုံးအနေဖြင့် ယခုကဲ့သို့ ကိုဗစ်-၁၉ ကူးစက်ရောဂါပြန့်ပွားနေသည့် ကာလအတွင်းမှာပင် ထုတ်လုပ်မှုများ မလျော့ကျစေရန်၊ ပြည်သူများစားနပ်ရိက္ခာ ဖူလုံစေရန်နှင့်  ပြည်ပပို့ကုန်မကျဆင်းစေရန် အခက်အခဲများကြားမှ အချိတ်အဆက်မိမိ အားထုတ်ကြိုးပမ်းခဲ့မှုများ အားလုံးနှင့် အထူးသဖြင့် စီးပွားရေး လုပ်ငန်းရှင်စိတ်ဓာတ်အပြည့်အဝဖြင့် စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများကို စွမ်းစွမ်းတမံဆောင်ရွက် လျက်ရှိကြသော တောင်သူလယ်သမားကြီးများကို အလေးအနက်ဂုဏ်ပြုပါသည် ဟူ၍ ဖော်ပြပါရှိပါသည်။

နိုင်ငံတော်အစိုးရ အနေဖြင့် လယ်ယာစိုက်ပျိုးရေးတွင် လက်မှုလယ်ယာမှ စက်မှုလယ်ယာသို့ ကူးပြောင်းနိုင်ရေးအတွက် အဆင့်မြင့်လယ်ယာမြေကွက်များ၊ လယ်ကြားလမ်းနှင့် ရေသွင်းရေထုတ်မြောင်းများ ဖော်ထုတ်ပေးခြင်းနှင့် အခြားသော လိုအပ်ချက်များကို ဖြည့်ဆည်းပေးလျက်ရှိပေရာ သက်ဆိုင်သူများ အနေဖြင့် နိုင်ငံ့စီးပွားပိုမိုတိုးတက်ရေးအတွက် မြေရတနာမှ ငွေရှာကြပါစို့ ဟူ၍ တိုက်တွန်းရေးသား လိုက်ရပေသည်။  ။