လီဝန်ဒေါစကီး၏ သက်တမ်းတိုးစာချုပ်အတွက် ယခုဘောလုံးရာသီ အကုန်မှသာ ဆွေးနွေးမည်ဖြစ်ကြောင်း ဘိုင်ယန်မြူးနစ် အသင်း အမှုဆောင် အရာရှိချုပ် အိုလီဗာခမ်း ပြောကြား
ဘိုင်ယန်မြူးနစ်အသင်း အမှုဆောင် အရာရှိချုပ် အိုလီဗာခမ်းက အသင်းမှ အဓိကတိုက်စစ်မှူး လီဝန်ဒေါစကီး၏ သက်တမ်းတိုး စာချုပ်အတွက် ယခု ဘောလုံးရာသီအကုန်မှသာ ဆွေးနွေးမည်ဖြစ်ကြောင်း အတည်ပြုပြောကြားခဲ့သည်။
အသက် ၃၃ နှစ်အရွယ် လီဝန်ဒေါစကီးသည် ၂ဝ၁၄ ခုနှစ်က ဒေါ့မွန်အသင်းမှ ဘိုင်ယန်မြူးနစ် အသင်းသို့ ပြောင်းရွှေ့ကစားခဲ့ပြီးနောက် အသင်းနှင့် စာချုပ်သက်တမ်း တစ်နှစ်သာ ကျန်ရှိတော့သည်။ လီဝန်ဒေါစကီးသည် နောက်ပိုင်းနှစ်များတွင် မက်ဆီ နှင့် စီရော်နယ်ဒိုတို့ကို ကျော်ဖြတ်ပြီး အကောင်းဆုံး ကစားသမားအဖြစ် ခြေစွမ်းပြနိုင်ခဲ့သူဖြစ်ကာ ကမ္ဘာ့ အကောင်းဆုံး ကစားသမားဆုနှင့် လွဲချော်ခဲ့ရသော် လည်း ဥရောပအကောင်းဆုံး ကစားသမားဆုနှင့် ကမ္ဘာ့အကောင်းဆုံး အမျိုးသား ဘောလုံးသမားဆုတို့ကို နှစ်ကြိမ်ဆက်တိုက် ရယူနိုင်ခဲ့သူဖြစ်သည်။
လီဝန်ဒေါစကီးသည် ပြီးခဲ့သည့် ဘောလုံးရာသီကလည်း ထိပ်တန်းအဆင့် ခြေစွမ်းပြနိုင်ခဲ့သကဲ့သို့ ယခု ဘောလုံးရာသီတွင် ဂျာမန်ဘွန်ဒက်စ်လီဂါ ပြိုင်ပွဲ ၌ ၂၅ ပွဲကစားပြီး ၂၈ ဂိုး သွင်းယူနိုင်ခဲ့သော်လည်း အသင်းက သက်တမ်းတိုး စာချုပ်အတွက် ကမ်းလှမ်းမှု မရှိသည့်အတွက် စိတ်ပျက်လျက်ရှိပြီး အသင်းမှ ထွက်ခွာလိုနေခြင်း ဖြစ်သည်။
အိုလီဗာခမ်းက ''ကျွန်တော် အသင်းက အရည်အချင်းရှိတဲ့ ကစားသမားတွေကို သက်တမ်းတိုး စာချုပ်ချုပ်ဆိုဖို့ ဒီနှစ်ဘောလုံးရာသီ အကုန်မှပဲ စတင်မှာပါ။ လီဝန်ဒေါစကီး အပါအဝင် သက်တမ်းတိုး စာချုပ်ချုပ်ဆိုဖို့ လိုအပ်တဲ့ ကစားသမားတွေကို ဘောလုံးရာသီကုန်မှပဲ ဆွေးနွေးမှာပါ။ အလျင်စလို လုပ်ဆောင်မှာ မဟုတ်ပါဘူး'' ဟုပြောသည်။
လက်ရှိတွင် လီဝန်ဒေါစကီးသည် စပိန်လာလီဂါ သို့မဟုတ် ပရီးမီးယားလိဂ်မှ အသင်းတစ်သင်းသို့ ပြောင်းရွှေ့ကစားရန် ပြင်ဆင်နေကြောင်း သိရသည်။