ဆီမပါဟင်းမဖြစ်သည့် မြန်မာတို့၏ ဆီစားသုံးမှုသည် ဓလေ့တစ်ခုပမာထွန်းကားနေဆဲဖြစ်သည်။ အကြော်အလှော် အချက်အပြုတ် ပြင်ဆင်ရာတွင် ဆီသည်မရှိမဖြစ် ပါဝင်နေပေသည်။ ငါးခြောက်ဖုတ်ပင်လျှင် ဆီရွှဲရွှဲဆမ်းစားကြသည်။ ဆီစားသုံးမှု အမျိုးမျိုးရှိသည့်အနက် နေကြာဆီ၊ မြေပဲဆီ၊ နှမ်းဆီ၊ စားအုန်းဆီများကို လူအများစု စားသုံးကြသည်ကို တွေ့ရှိရသည်။ စားသုံးဆီကို ကျန်းမာရေးအရ သင့်တင့်စွာ စားသုံးသင့်သော်လည်း ပြည့်ဝဆီအုပ်စုတွင် ပါဝင်သည့် စားအုန်းဆီ၊ ပြန်ကြော်ဆီများဖြင့် ကြော်လှော်သည့် အာလူးကြော်၊ စမူဆာ၊ ပဲကပ်ကြော် စားသုံးမှုကိုဖြင့် ဆင်ခြင်သင့်လှသည်။ သာမန်အားဖြင့် မိသားစုတစ်စုတွင် ဆီစားသုံးသင့်သည့် ပမာဏထက်ပိုမို စားသုံးလျှင် မလိုလားအပ်သည့် ရောဂါများ ဝင်ရောက်လာနိုင်သည်။ စားသုံးဆီတိုင်း ဆီအရည်အသွေးပြည့်ဝမနေဘဲ ရောနှောဆီများ၊ ပြည့်ဝဆီများက လူ့ခန္ဓာကို များစွာ ဒုက္ခပေးနိုင်သည်။
ဆီကို ပိုမိုစားသုံးမိလျှင် တစ်ခဏတွင်း မသိသာသော်လည်း ရေရှည်စားသုံးမိပါက နှလုံးရောဂါ၊ နှလုံးသွေးကြောပိတ်ရောဂါ၊ သွေးတိုး၊ ဆီးချို၊ အသည်းအဆီ ဖုံးခြင်းကဲ့သို့ ရောဂါဝေဒနာများရရှိနိုင်သည်။ သို့ဖြစ်၍ ဆီစားသုံးမှုကို တတ်နိုင်သမျှလျှော့ချသင့်ပေသည်။ ဆီစားသုံးမှုပုံစံကိုလည်း ပြောင်းလဲကျင့်သုံးရန် လိုအပ်လာခဲ့သည်။ ဆီကြိုက်သူတို့၏ ပါးစပ်က အကျင့်ပါနေ သည်။ လက်ဖက်သုပ်တွင် ဆီရွှဲရွှဲဆမ်းစားရသည်ကို နှစ်သက်ကြသည်။ ဟင်းချက်လျှင် ဆီပြန်ဟင်းကလေးမှ ခံတွင်းမြိန်သူများလည်း ရှိနေသည်။ အချို့သော အိမ်ရှင်မများက ဆီကိုချွေတာစွာ သုံးစွဲကြသည်။ ငါးကြော်၊အာလူးကြော်လျှင် ဆီကိုများများထည့်ကြော်သည်။ ကြော်ထားသောဆီများကို တစ်ကျော့ပြန်ပြန်ကြော်ဆီအဖြစ် ထပ်မံအသုံးပြုသည်။
မြန်မာနိုင်ငံတွင် ဆီစားသုံးမှု တစ်နေ့တခြားမြင့်မားလာသည်။ စည်းစိမ်ဖြို စားဖိုချောင်က လူကြီးသူမများ၏ ဆိုဆုံးမစကားရှိခဲ့သည်။ ဆီစား၍ အသားမဖြစ်ဟူ၍လည်း ဆီစားသုံးမှုကိုသတိပေးထားသည်။ နေ့စဉ်မိသားစုတစ်စုတွင် ဆန်၊ ဆီ၊ ပဲ၊ ဆား၊ ငရုတ်၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ အာလူးအစရှိသော စားသုံးကုန်ပစ္စည်းများ လိုအပ်နေသည်။ အိုးနှင့်ဆန်တန်ရုံချက်ရမည်က မိသားစုအတွင်း သတိပြုဆင်ခြင် ဆောင်ရွက်ရမည် ဖြစ်ပါသည်။ ပေါပေါများများ ချက်ပြုတ်၍ ပိုပိုလျှံလျှံ သွန်ပစ်ရသည့် အခြေအနေကို ရှောင်ရှားရပေမည်။ ချွေတာစုဆောင်းသူဌေးလောင်းဘွဲ့ခံနိုင်ရေး စားဖိုချောင်စီမံခန့်ခွဲမှုကို ကနဦးထိန်းသိမ်း ဆောင်ရွက်ရမည် ဖြစ်ပါသည်။
ခြိုးခြံချွေတာရာတွင် ရှိသည့်အဝတ်အစားနှင့်လှအောင်ဝတ်၊ လုံခြုံအောင်ဝတ်ဆင်နိုင်သည်။ နေ့စဉ်အာဟာရ လိုအပ်ချက်ကို ဖြည့်စွမ်းနိုင်သည့် စားရေးကိစ္စကိုမူ လိုအပ်သည်ထက် ခြိုးခြံချွေတာ၍ မရနိုင်ပေ။ ပုံမှန်ချက်ပြုတ်နေသည့်အာဟာရနှင့် အတိုင်းအတာရှိရပေသည်။ ဈေးနှုန်းအလိုက် ဝယ်ယူသုံးစွဲမည့်ပမာဏနှင့် တန်ဖိုးကိုတွက်ဆ ဆောင်ရွက်ခြင်းသည်သာ ငွေပိုငွေလျှံ ရရှိစေနိုင်ပါသည်။
မြန်မာနိုင်ငံသည် စိုက်ပျိုးရေး နိုင်ငံတစ်နိုင်ငံ ဖြစ်သဖြင့် အခြေခံစားသောက်ကုန်အများစုကို ထုတ်လုပ်နိုင်စွမ်းရှိပေသည်။ ဆီထွက်သီးနှံအုပ်စုဝင်များ ဖြစ်သည့် မြေပဲ၊ နှမ်း၊ နေကြာ၊ ပဲပုပ်သီးနှံများကိုလည်း နေရာဒေသအလိုက် စိုက်ပျိုးထုတ်လုပ်လျက်ရှိသည်။ ဆီအုန်းသီးနှံကို မြိတ်ခရိုင်နှင့် ကော့သောင်းခရိုင်တို့တွင် ဆီအုန်းစိုက်ဧကများ တိုးချဲ့စိုက်ပျိုးနိုင်ရေး နိုင်ငံတော်မှရည်သန်ကြိုးပမ်းလျက်ရှိသည်။ တစ်ဖက်တွင်လည်း မိသားစုကျန်းမာရေး၊ ငွေကြေးသုံးစွဲမှု ပမာဏလျှော့ချရေးအတွက် ဆီကိုချင့်ချိန်သုံးစွဲသင့်ပေသည်။ ဘေးကင်းလုံခြုံသော ဘဝတစ်ခုထူထောင်ရာတွင် သတိတစ်လုံးအစဉ်သုံးစွဲရန် လိုအပ်သည်။ ဘေးကင်းလုံခြုံမှု မရှိသော အစားအသောက်၊ အနေအထိုင်ပုံစံများကို သတိနှင့်မပြုပြင်လျှင် ဘေးထွက်ဆိုးကျိုးသည် ကျောချင်းကပ် ရန်သူသာဖြစ်နိုင်သည်။
လူအများစုသည် အရောင်၊ အဆင်း၊ အနံ့၊ အရသာကို လွန်စွာခုံမင်ကြပါသည်။ အရောင်မပါလျှင် မစားချင်ပေ။ အနံ့မပါဘေးဖယ်ထားချင်သည်။ ဝိသမလောဘသားများသည် လူ့အကြိုက်ကို သိသူများပမာ အရောင်၊ အနံ့ စိတ်ကြိုက်ထည့်ပေးသည်။ စားသောက်ကုန်အများစုတွင် စားချင်စဖွယ်ပြုလုပ်၍ ဈေးကွက်ဝယ်လိုအားကို မြှင့်တင်လာကြသည်။ လူအများစုအနေဖြင့် မျက်စိဖြင့် မမြင်နိုင်သော ဖန်တီးထုတ်လုပ်မှုများ၏ နောက်ကွယ်ကို လောဘမပါသော မျက်လုံးဖြင့်ကြည့်၍ သတိပြုဆင်ခြင်သုံးစွဲရန် လိုအပ်လာသည်။ အကြိုက်ကို မဖယ်နိုင်သရွေ့ အငိုက်ခံရကိန်းမြင်ရပေသည်။ လူများ၏တဇွတ်ထိုးနိုင်မှု၊ အစွဲအလမ်းကြီးမှုက လွန်စွာကြောက်စရာ ကောင်းလှသည်။
နေ့စဉ်စားသုံးနေသော မြေပဲဆီ၊ နေကြာဆီ၊ နှမ်းဆီသည် ဆီအရည်အသွေးပြည့်ဝလျှင် စားသုံးသင့်ပေသည်။ ဓာတုအနံ့အရောင်များဖြင့် ဖန်တီးထားသောဆီများ၊ မအေးခဲအောင် စီမံထားသည့် ဆီများကိုဖြင့် အထူးရှောင် ကြဉ်သင့်လှသည်။ ထိုကဲ့သို့ဆီများသည် သာမန်မျက်စိ ဖြင့်ဆီစစ်မှန်ကြောင်း ပိုင်းခြားသိရှိရန်ခက်ခဲလှပြီး ဓာတ်ခွဲခန်းပို့၍ အဖြေရှာမှသာအဖြေမှန်ကို တွေ့ရှိနိုင်သည်။ စားသုံးသူများအတွက် ဆေးမဖြစ်၊ အာဟာရမဖြစ်ဘဲ ဘေးဥပဒ်ဖြစ်စေနိုင်သည်။ စပ်ဆေးမသောက်ရန် တားမြစ်သကဲ့သို့ ရောနှောဆီမစားရန်သတိပေးရမည့် အချိန်အခါ ဖြစ်ပါသည်။ မျှတမှုနှင့်မသမာမှုသည် နယ်ပယ်အသီးသီးတွင် တွေ့ရနိုင်သဖြင့် ကျန်းမာရေး အသိအမြင်ဖြင့်သာ သတိပြုဆင်ခြင်စားသုံးရမည်ဖြစ်သည်။
လူအမျိုးမျိုး စိတ်အထွေထွေသာဖြစ်သည်။
ဆီကြိုက်သူ၊ ဆီမကြိုက်သူဖြင့် အုပ်စုအသီးသီးရှိသည့်အနက် ဆီကြိုက်သူက ပိုမိုနေသည်ကိုတွေ့ရသည်။ လူတစ်ယောက်၏ ဆီစားသုံးမှု ပမာဏမြင့်မားမှုကို စစ်တမ်းများအရ သိရှိနိုင်ပေသည်။ မကျန်းမာမှကျန်းမာခြင်း ဘဝကို ပိုင်ဆိုင်ချင်သည်။ အထိုင်အထမလုပ်နိုင်မှ ပြေးလွှားချင်စိတ်သည် နောင်တအသွင်ဖြင့် ထင်မြင်ခြင်းသာ ဖြစ်သည်။ မိမိတို့ စိတ်ဓာတ်ခွန်အားကြီးကြီးဖြင့် စွမ်းနိုင်ချိန် အကောင်းအဆိုး၊ အမှားအမှန် ချိန်ဆဝေဖန်ဆောင်ရွက်ရမည် ဖြစ်သည်။ ဆေးလိပ်ကြိုက်သူ၊ အရက်ကြိုက်သူများ စိတ်အစွဲကို ဖြတ်ရန်ခက်ခဲ သကဲ့သို့ ဆီစားသုံးမှုအကြိုက်ကို လျှော့ချရန် ခက်ခဲနိုင်ပေသည်။ နေ့စဉ်ဘဝတွင် ဆီအကြိုက်စား၍ အဝလွန်သူတစ်ယောက်၊ ရောဂါထူပြောသူတစ်ယောက် မဖြစ်ရေးအမှန်ပင် လိုအပ်သည်။ တစ်ဦးဆင်ခြင် တစ်ဦးအကျိုးများနိုင်သည့် ဆီအလွန်အကျွံစားသုံးမှုကို လျှော့ချနိုင်လျှင် ပိုကောင်းပေသည်။ မစားစေချင်လို့ တားသည်မထင်ဘဲ၊ လူအများဘဝကျန်းမာကြဖို့ တားသည့်အမြင်ဖြင့် ရှေ့ဆက်ပါလျှင် လူတိုင်းနေ့စဉ်ဘ၀ ကျန်းမာခြင်း လာဘ်ပိုင်ဆိုင်ရရှိလျက် ပိုမိုကောင်းမွန်သည့် အနာဂတ်ကမ္ဘာကို တည်ဆောက်နိုင်မည် ဖြစ်ပါကြောင်း ယုံကြည်စွာဖြင့် ရေးသား တင်ပြလိုက်ရသည်။ ။