ပြည်တွင်းပြည်ပအနှောင့်အယှက်များအကြားမှ မြန်မာနိုင်ငံတော်ကို ဒီမိုကရေစီနိုင်ငံတော် ဖြစ်အောင် တည်ဆောက်ပေးခဲ့သည်မှာ တပ်မတော်သာဖြစ်ပါသည်။ ဒီမိုကရေစီအစိုးရ တစ်ရပ်ပေါ်ပေါက်လာရန် လိုအပ်သော အခင်းအကျင်းများ ပြင်ဆင်ရာတွင် အဓိကကျသည်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေ တစ်ရပ်ပေါ်ပေါက်ရေး ဖြစ်သည်။ အခြေခံဥပဒေတစ်ရပ် ပေါ်ပေါက်ရေးအတွက် နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များ၊ ရွေးချယ်ခံရသောကိုယ်စားလှယ်များ၊ တိုင်းရင်းသားစုံကိုယ်စားလှယ်များ၊ အလုပ်သမား ကိုယ်စားလှယ်များ၊ တောင်သူလယ်သမား ကိုယ်စားလှယ်များ၊ အသိပညာရှင်အတတ်ပညာရှင်များ၊ နိုင်ငံ့ဝန်ထမ်းများ၊ ငြိမ်းချမ်းရေးရယူခဲ့သော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ စသည်ဖြင့် ကိုယ်စားလှယ်ပေါင်း ၁၀၀၀ ကျော်ဖြင့် အမျိုးသားညီလာခံကိုကျင်းပခဲ့ရသည်။
အမျိုးသားညီလာခံတွင် နိုင်ငံရေး၊ လုံခြုံရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေး၊ လူမှုရေးနှင့်ဥပဒေရေးရာ စသည့် ရှုထောင့်မျိုးစုံမှအတွေ့အကြုံကြွယ်ဝသည့် ပုဂ္ဂိုလ်များပါဝင်သကဲ့သို့ နိုင်ငံတော်အတွင်း တည်ရှိသည့် မြို့နယ်အားလုံးမှ တိုင်းရင်းသားကိုယ်စားလှယ်များလည်း ပါဝင်ခဲ့ကြသည်။ အမျိုးသားညီလာခံကျင်းပရာတွင် အခက်အခဲအနှောင့်အယှက်များ ကြုံတွေ့ခဲ့ရသော်လည်း ၂၀၀၃ ခုနှစ်တွင်ချမှတ်ခဲ့သော နိုင်ငံတော်ရှေ့ဆက်သွားမည့် မူဝါဒလမ်းစဉ်(၇)ရပ်နှင့်အညီ အမျိုးသားညီလာခံကို ၂၀၀၄ ခုနှစ်တွင် မဆုတ်မနစ်သောဇွဲလုံ့လဖြင့် ဆက်လက်ကျင်းပခဲ့သည်။ ခိုင်မာသောဖွဲ့စည်းပုံ အခြေခံဥပဒေတစ်ရပ် ပေါ်ပေါက်ရန်အတွက် အခြေခံရမည့်မူများနှင့် အသေးစိတ် အခြေခံရမည့်မူများကို အနှစ်သာရပြည့်ဝစွာ ချမှတ်နိုင်ခဲ့ကြသဖြင့် ၂၀၀၇ ခုနှစ် စက်တင်ဘာ ၃ ရက်တွင် အမျိုးသားညီလာခံသည် အောင်မြင်စွာ ပြီးမြောက်ခဲ့သည်။
ညီလာခံက တစ်ခဲနက်ချမှတ်ခဲ့သော အခြေခံမူများတွင် ပြည်နယ်(၇)ခု၊ တိုင်းဒေသကြီး(၇)ခု၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရစီရင်စုများဖြင့် ပြည်ထောင်စုဖွဲ့စည်းရေးပါဝင်သည်။ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများ ဖွဲ့စည်းသတ်မှတ်ရာ၌ ပြည်နယ်ရရှိပြီးဖြစ်သော ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ရခိုင်၊ ရှမ်းတို့အနေဖြင့် နောက်ထပ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရပိုင်ခွင့်၊ တောင်းပိုင်ခွင့်မရှိဟူသောမူတစ်ရပ်ကိုအများသဘောတူချမှတ်
သည်။ စစ်မှန်၍စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီလမ်းသို့ လျှောက်လှမ်းရန် ဖွဲ့စည်းပုံအခြေခံဥပဒေဖြင့် နယ်ပယ်သတ်မှတ်ပေးလိုက်ခြင်းဖြစ်သည်။
ထိုဖွဲ့စည်းပုံအခြေခံဥပဒေတွင် အခန်းပေါင်း(၁၅)ခန်းပါဝင်ပြီး အခန်း(၁)နိုင်ငံတော် အခြေခံမူများတွင် နိုင်ငံတော် ၏အမျိုးသားနိုင်ငံရေးဦးဆောင်မှုအခန်းကဏ္ဍတွင် တပ်မတော်ကပါဝင်ထမ်းဆောင်နိုင်ရေးတို့ကို အစဉ်တစိုက် ဦးတည်သည်ဟူ၍ လည်းကောင်း၊ တပ်မတော်သည်နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေကို ကာကွယ် စောင့်ရှောက်ရန် အဓိကတာဝန်ရှိသည် ဟူ၍လည်းကောင်း ထည့်သွင်းရေးဆွဲထားသည်။ ဤသည်မှာ မြန်မာနိုင်ငံတွင် ဖြစ်ပေါ်ခဲ့သော ဖြစ်စဉ်ဖြစ်ရပ်များကြောင့် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲသူ အသိပညာရှင်၊ အတတ်ပညာရှင်များက ထည့်သွင်းရေးဆွဲထားခြင်းဖြစ်သည်။ နိုင်ငံတော်တွင် စစ်မှန်စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ် ရှည်ကြာစွာ တည်တံ့စေရေးအတွက် အမြော်အမြင် ကြီးမားသူတို့က တပ်မတော်ကို တာဝန်ပေးအပ်ထားခြင်း ဖြစ်သည်။
နိုင်ငံတစ်နိုင်ငံ၏ ဖွဲ့စည်းပုံ အခြေခံဥပဒေသည် ထိုနိုင်ငံ၏အသက်ဖြစ်သည်။ လူတစ်ဦးအသက်ရှင်နေနိုင်ရေး အတွက်မိမိကိုယ်ကို ကာကွယ်စောင့်ရှောက်နေရ သကဲ့သို့ နိုင်ငံတစ်နိုင်ငံ တည်တံ့ရှည်ကြာရန် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်နေရပေမည်။ တပ်မတော်သည် နိုင်ငံတော်တွင် အခက်အခဲ အကျပ်အတည်းနှင့် ရင်ဆိုင်ရတိုင်း မားမားမတ်မတ်ရပ်တည်ကာ ပြည်သူတို့၏လိုအင်ဆန္ဒကို ဖြည့်ဆည်းပေး ခဲ့သည်သာ ဖြစ်သည်။ တပ်မတော်အနေဖြင့် နိုင်ငံတော်ဦးဆောင်မှုပြုရသည့်အခါတိုင်း လုပ်ငန်းစဉ်များ၊ ဦးတည်ချက်များ ချမှတ်ကာ အောင်မြင်အောင် ဆောင်ရွက်လျက်ရှိသည်။ ထို့ကြောင့်မြန်မာနိုင်ငံ တည်ငြိမ်အေးချမ်းရေးကို မလိုလားသူပြည်တွင်း ပုဆိန်ရိုးများနှင့် ပြည်ပနိုင်ငံအချို့က အစဉ်တစိုက် သွေးထိုးနှောင့်ယှက်နေခြင်း ဖြစ်သည်။
မြန်မာနိုင်ငံအတွင်း ပြည်သူတစ်ရပ်လုံးက လက်ခံနိုင်ဖွယ်မရှိသော CRPH ၊ NUG နှင့် PDF အမည်ခံအကြမ်းဖက်တို့သည် ရဟန်းသံဃာတော်များကို ရက်စက်စွာ သတ်ဖြတ်ခြင်း၊ အပြစ်မဲ့ပြည်သူများကို အကြောင်းမဲ့ရက်စက်စွာ သတ်ဖြတ်ခြင်း၊ ဝန်ထမ်းများကို သတ်ဖြတ်ခြင်း၊ အဆောက်အအုံများ၊ လမ်းတံတားများ၊ စာသင်ကျောင်းများ၊ စက်ရုံအလုပ်ရုံများကို မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခြင်းတို့ပြုလုပ်နေသည်ကို အနောက်နိုင်ငံ အချို့က မသိကျိုးကျွန်ပြုကာ သွေးထိုးမြှောက်ပင့်ပေးလျက်ရှိသည်။ ပြည်သူလူထု အနေဖြင့်လည်း CRPH ၊ NUG နှင့် PDF အမည်ခံအကြမ်းဖက်သမားများ၏ သွေးထိုးလှုံ့ဆော်နေမှုကို နားမယောင်ကြဖို့ လိုကြောင်းနှင့် နိုင်ငံတော်အေးချမ်းသာယာရေးအတွက် နိုင်ငံတော်အစိုးရ၊ တပ်မတော်နှင့်ပြည်သူလက်တွဲ ပူးပေါင်းဖို့လိုကြောင်း တိုက်တွန်း ရေးသားလိုက်ရပါသည်။ ။