ပိုမိုတိုးမြှင့်ထုတ်လုပ်ကြမည် ပြောင်းဖူးဆီ

ပြောင်းဖူးအကြောင်းတွေးလိုက်မိသည်နှင့် ပထမဦးဆုံးသတိရမိသည်မှာ ပလို့ပြောင်း ဖြစ်သည်။ လွန်ခဲ့သည့် နှစ်ကာလ များစွာ ပလို့ (ပြလို့)သည် အရောင်းရအသွက်ဆုံးဖြစ်သလို လူကြိုက်အများဆုံးဖြစ်ခဲ့သည်။

နူးညံ့၍ လွန်စွာစားကောင်းသောကြောင့် ပြောင်းဖူးကို လွန်စွာနှစ်သက်ခဲ့မိသည်။

မြေပဲနှင့် နှမ်းတို့ကိုသာ ဆီထုတ်လို့ရသည်ဟု ထင်မှတ်ထားခဲ့သော်လည်း ခေတ်ကာလတိုးတက်လာသောအခါ ပြောင်းဖူးကနေ ဆီထုတ်လို့ရသည့် သတင်းကောင်းများကြား သိရသည်။ နိုင်ငံတော်အစိုးရ အနေဖြင့် ပြည်တွင်း၌ စားသုံးဆီဖူလုံရေး စီမံဆောင်ရွက်လျက်ရှိရာ ဆီထွက်သီးနှံများ ပိုမိုစိုက်ပျိုးရေးကိုလည်း အလေးထား လုပ်ဆောင်လျက်ရှိသည်။

အကျင့်စရိုက်၊ အလေ့အထတစ်ခုကို ပယ်ဖျောက်ရသည်မှာ လွယ်ကူလှသည် မဟုတ်ပါ။ မြန်မာတို့ နေ့စဉ်စားသုံးနေသော ဟင်းလျာများတွင် ဆီသည်မရှိမဖြစ်၊ မပါမပြီးပစ္စည်းတစ်ခု ဖြစ်နေသည်။ ဆီကို လွန်ကဲစွာ စားသုံးနေမိလျှင် တစ်ခဏအတွင်း မသိသာသော်လည်း ရေရှည်စားသုံးမိပါက နှလုံးရောဂါ၊ နှလုံးသွေးကြောပိတ်

ရောဂါ၊ သွေးတိုး၊ ဆီးချို၊ အသည်းအဆီဖုံးစသော ရောဂါများရရှိနိုင်သည်။ ကျန်းမာရေးရှုထောင့်အရ   နိုင်ငံသားတိုင်း ဆီစားသုံးမှု လျှော့ချကြရန် အသိပေးနေခြင်းဖြစ်သည်။ ဆီစား၍ အသားမဖြစ်ဟူသည်မှာ ဆီစားသုံးမှုကို သတိပေးထားခြင်းဖြစ်သည်။ ကျန်းမာရေးအရ ဆီလျှော့စားသုံးသင့်သလို နိုင်ငံ့စီးပွားရေး တိုးတက်မှုအတွက် ပြည်တွင်းတွင် ဆီထုတ်လုပ်မှုကို တိုးမြှင့်နိုင်အောင် ကြိုးစားကြရမည် ဖြစ်သည်။

နိုင်ငံကိုချစ်စိတ်၊    မိမိကိုယ်ကိုချစ်စိတ်ဖြင့် ဆီရရှိရေးတိုးမြှင့်ထုတ်လုပ်ရေး၊ ဆီစားသုံးမှုလျှော့ချရေးတို့တွင် ပါဝင် ဆောင်ရွက်ကြရမည် ဖြစ်သည်။ ဆီထွက်သီးနှံပိုမိုစိုက်ပျိုးရေးကို လုပ်ဆောင်လျက်ရှိရာတွင် ပြောင်းဖူးဆီသည်လည်း စိတ်ဝင်စားဖွယ်ကဏ္ဍ တစ်ရပ်တွင် ပါဝင်လျက်ရှိသည်။ ပြောင်းဖူးသည် စိုက်ပျိုးရန်လွယ်ကူလှသည်။ ရာသီမရွေးစိုက်ပျိုးနိုင်သည်။

မြန်မာနိုင်ငံတွင် ပြောင်းဖူးအဖြစ်ထွန်းဆုံး ဒေသကို ညွှန်ပြရမည်ဆိုလျှင် နေပြည်တော်ကောင်စီနယ်မြေ ပျဉ်းမနား၊ လယ်ဝေး၊တပ်ကုန်းတို့ကို ညွှန်းလိုသည်။ တစ်မျှော်တစ်ခေါ်မြင်နေရသော ပြောင်းဖူးခင်းများကို ထိုဒေသတွင် ထင်ထင်ရှားရှားတွေ့မြင်ရသည်။

ပြောင်းဖူးသည် မြန်မာနိုင်ငံအလယ်ပိုင်းသာမက ရှမ်းပြည်နယ်၊ ကယားပြည်နယ်၊ ကချင်ပြည်နယ်တို့တွင်လည်း အောင်မြင်စွာ စိုက်ပျိုးဖြစ်ထွန်းသည်။ ပြောင်းဖူးသည် ကောက်နှံပင်များထဲတွင် ကယ်လိုရီဓာတ် အမြင့်မားဆုံး ဖြစ်၍ လူကိုခွန်အားဖြစ်စေသည်။ ပြောင်းဖူးတွင် ပါရှိသော ဗီတာမင်ဘီဓာတ်ပေါင်းစုသည် ဇီဝကမ္မဆိုင်ရာ လုပ်ငန်းဆောင်တာများကို ကူညီပေးသည့်အတွက်   သက်လုံကောင်းစေသည်။

နိုင်ငံတကာမှ ပညာရှင်တို့၏ ဆန်းစစ်မှုများအရ ၁၀၀ ဂရမ်အလေးချိန်ရှိသော ပြောင်းဖူးဆီထဲတွင် ကယ်လိုရီ ၉၀၀၊ အဆီအစုအဝေး ၁၀၀ ဂရမ်၊ ပြည့်ဝဆီ ၁၃ ဂရမ် ပါရှိကြောင်း သိရသည်။ လူသားတို့ကို ဘေးဖြစ်စေတတ်သော ကိုလက်စထရော၊ ဆိုဒီယမ်နှင့် သကြားဓာတ်တို့ လုံးဝမပါရှိကြောင်း အမေရိကန် စိုက်ပျိုးရေးဌာန၏ ဆန်းစစ်မှုမှတ်တမ်းများအရ   သိရှိရသည်။

ဆိုလိုသည်မှာ    ပြောင်းဖူးကနေ ဆီထုတ်လုပ်ခြင်းသည် လူတို့အတွက် ကောင်းကျိုးကိုသာ ဖြစ်စေမည် ဖြစ်ပေသည်။

ပြောင်းဖူးဆီသည် ပြောင်းဖူးမှ ထုတ်ယူထားသော အဆီဖြစ်ပြီး ထုတ်လုပ်ပုံကို ဗဟုသုတအဖြစ် မျှဝေလိုပေသည်။ ပြောင်းဖူးစေ့၏ အပြင်အလွှာမှာ အခွံဖြစ်သည်။ အခွံ၏ အလေးချိန်သည် ပြောင်းဖူးစေ့ အလေးချိန်၏ ၆ ရာခိုင်နှုန်းရှိသည်။ အစားအစာထုတ်လုပ်မှုအတွက် အခြေခံကျသော ပါဝင်ပစ္စည်းဖြစ်သည်။   ပြောင်းအမျိုးအစားပေါ် မူတည်၍ မျိုးစေ့တွင်ဆီပါဝင်မှုပျမ်းမျှ ၅၀ ရာခိုင်နှုန်းထိရှိသည်။ ပြောင်းဖူးစေ့၏  အတွင်းပိုင်းရှိ ပြောင်းဖူးစေ့ကို သန့်စင်ထုတ်လုပ်လိုက်လျှင် ပြောင်းစေ့ဆီကြမ်းရရှိသည်။ ဆီကြမ်းကို တိုက်ရိုက်စားသုံးနိုင်သော်လည်း ကမ္ဘာ့စားသုံးဆီ ဈေးကွက်တွင် ကျန်းမာရေးနှင့် ညီညွတ်သည့် ရောင်းတမ်းဝင် ဖြစ်စေရန် ဓာတုဗေဒနည်းဖြင့် အဆင့်ဆင့်သန့်စင်ရသည်။

ထိုအခါ သန့်စင်ပြီးပြောင်းဖူးဆီဖြစ်လာသည်။

ပြောင်းဖူးဆီသည်လူတို့အတွက် စားသုံးဆီအဖြစ်သုံးသည့်အပြင် မာဂျရင်းများ (ထောပတ်တု)ပြုလုပ်ရာတွင် အဓိကထည့်ဝင်သုံးစွဲကြသည်။ ပြောင်းဖူးဆီသည် ဇီဝဒီဇယ်အတွက် အသုံးပြုသော အစားအစာတစ်ခုလည်း ဖြစ်ကြောင်း လေ့လာသိရှိရသည်။ အခြားသော စက်မှုလုပ်ငန်းသုံးများဖြစ်ကြသော  ဆပ်ပြာ၊  ဆေး၊ ခဲဖျက်များ၊ သတ္တုမျက်နှာပြင်များအတွက် သံချေးတက်ခြင်း၊ မင်များ၊ အထည်အလိပ်များ၊ နိုက်ထရိုပလီဆာရင်းနှင့် ပိုးသတ် ဆေးများ ထုတ်လုပ်ရာတွင်လည်း ပြောင်းဖူးဆီကိုအသုံးပြုကြသည်။ ထိုမျှမက အိမ်သုံးဆေးဝါးအချို့ဖော်စပ်ရာ၌ ဆေးဝါးမော်လီကျူးများအတွက် ပြောင်းဖူးဆီကို အသုံးပြုကြောင်း သိရှိရသည်။

ပြောင်းဖူးဆီထဲတွင်ပါရှိသော  Linoleic အက်စစ်နှင့် ကဆီဓာတ်တို့သည် အသားအရေကိုချောမွေ့စေပြီး အဖုအပိမ့်၊ အနီစက်များ မဖြစ်စေနိုင်ခြင်း အကျိုးရှိစေသည်။ နိုင်ငံအချို့တွင် ပြောင်းဖူးဆီကို အခြေခံ၍ အလှကုန်ပစ္စည်းများနှင့် အရွယ်တင်နုပျိုစေသော ဆေးဝါးပစ္စည်းများတွင် ထည့်သွင်း အသုံးပြုလျက်ရှိကြောင်း လေ့လာသိရှိရသည်။ ခန္ဓာကိုယ်အသားအရေအတွက် ပြောင်းဖူးဆီကို အသုံးပြုကြသည်များလည်းရှိသည်။ ရေမချိုးမီနာရီဝက်ခန့်ကြိုတင်၍ ပြောင်းဖူးဆီဖြင့် ခန္ဓာကိုယ်အနှံ့ပွတ်တိုက်နှိပ်နယ်ပေးပါ။ ထို့နောက် မိမိသုံးနေကျဆပ်ပြာဖြင့် ရေချိုးပါ။ အံ့ဖွယ်ကောင်းအောင် နူးညံ့ပျော့ပျောင်းသော အသားအရေကို ပိုင်ဆိုင်ပါ လိမ့်မည်ဟူ၍ စာရေးဆရာမ တင်ထက်ထက်ဇော်က အကြံပြု ရေးသားထားသည်ကို ဖတ်လိုက်ရသည်။ လူငယ်မောင်မယ်တို့အတွက် အသုံးပြုသင့်သော နည်းလမ်းကောင်းတစ်ခုဖြစ်သည်။

ထို့ပြင် လုပ်ငန်းခွင်အချိန်ကြာမြင့်စွာ အထိုင်များသူများအနေဖြင့် ပြောင်းဖူးဆီ သည် အစားချေစနစ်ကို တိုးတက်ကောင်းမွန်စေပြီး ဝမ်းပျော့ပျော့သက်စေနိုင်သည့်အတွက် အသုံးပြုသင့်သည်။ လိပ်ခေါင်းနှင့် အူမကြီးကင်ဆာတို့ ဖြစ်မလာအောင် ကြိုတင်ကာကွယ် ပေးနိုင်ကြောင်း   သိရှိရသည်။ထို့ပြင် ပြောင်းဖူးဆီထဲတွင် ပါဝင်သော မပြည့်ဝဆီသည် နှလုံးသွေးကြောများကို သန်မာစေပြီး နှလုံးသွေးစီးဆင်းမှုကို အထောက်အကူပြုသည်။  နှလုံးကျန်းမာရေးသည် လူတိုင်းအတွက် အလိုအပ်ဆုံးဖြစ်ပေရာ ပြောင်းဖူးဆီသည် နှလုံးကျန်းမာစေသည်။ နှလုံးရောဂါနှင့် ဆက်စပ်သော  လေဖြတ်ခြင်းကိုလည်း မဖြစ်နိုင်ကြောင်း ကနေဒါဆေး သိပ္ပံပညာရှင်များ၏ အကြံပြုချက်တွင် ဖော်ပြထားသည်။ အနှစ်ချုပ်ဆိုရလျှင် စားလို့ရတာအကုန်စိုက်၊ စားလို့ရတာ အကုန်မွေးဆိုသကဲ့သို့ ဆီထွက်သီးနှံမှန်သမျှ ဆီထွက်ရှိရေးကို လုပ်ဆောင်ကြပါရန်၊ ပြည်တွင်းဖြစ်ဆီကို အားပေးကြပါရန် တိုက်တွန်းရေးသား လိုက်ရပေသည်။  ။

အာကာမောင်မောင်