ပြည်ထဲရေးဝန်ကြီးဌာန မိသားစုများက ဆွမ်းဆန်တော် လှူဒါန်းခြင်းများ ဆောင်ရွက်
နေပြည်တော် မတ် ၈
ကိုဗစ်- ၁၉ ရောဂါကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည့်ကာလအတွင်း ဆွမ်း ကိစ္စရပ်များအဆင်ပြေစေရန် ရည်ရွယ်၍ ပြည်ထဲရေးဝန်ကြီးဌာန၊ တပ်ဖွဲ့ဝင်/ဝန်ထမ်း အရာထမ်း၊ အမှုထမ်းမိသားစုများက မြို့နယ်အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းဆန်တော်များ ဆက်ကပ် လှူဒါန်းခြင်းကို ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်ရှိ သာသနာ့ ရောင်ခြည်မြို့ဦးစာသင်တိုက်သို့လည်းကောင်း၊ ကရင်ပြည်နယ်၊ ဘားအံမြို့နယ်ရှိ ဆေးဝင်္ကဘာ ပရိယတ္တိစာသင်တိုက်သို့လည်းကောင်း၊ တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့နယ်ရှိ ဗုဒ္ဓါ နုဿတိစာသင်တိုက်သို့လည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ်ရှိ အသောကာရုံ ကျောင်းတိုက်သို့လည်းကောင်း၊ မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်ရှိ ဓမ္မနန္ဒီစာသင်တိုက်သို့လည်းကောင်း၊ ရှမ်းပြည်နယ်၊ ကျိုင်းတုံမြို့နယ်ရှိ ထေရဝါဒဗုဒ္ဓသာသနာပြုကျောင်းတိုက်သို့လည်းကောင်း ဆရာတော်၊ သံဃာတော်များအတွက် ဆွမ်းဆန်တော်များကို ပြည်ထဲရေးဝန်ကြီးဌာန၊ တပ်ဖွဲ့/ဦးစီးဌာနများမှ သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်တို့ရှိ တာဝန်ရှိသူများက သွားရောက်ဆက်ကပ်လှူဒါန်း ခဲ့ကြကြောင်း သတင်းရရှိပါသည်။