အမျိုးသမီးများနှင့် ကျား မတန်းတူညီမျှရေး

ကမ္ဘာပေါ်ရှိ တိုင်းပြည်အများစုတွင် အမျိုးသားဦးရေထက် အမျိုးသမီးဦးရေ ပိုမိုများပြားလျက်ရှိသည်။ ဤသို့ အမျိုးသမီးဦးရေ များပြားလာမှုနှင့်အတူ အမျိုးသားများနည်းတူ အမျိုးသမီးများကိုလည်း တန်းတူရည်တူ အခွင့်အရေး ပေးနိုင်အောင် ဆောင်ရွက်ကြရသည်။ အမျိုးသမီးများအခန်းကဏ္ဍကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်လာကြသည်။ အမျိုးသမီးများ၏စွမ်းရည်ကို မြှင့်တင်ဆောင်ရွက်လာကြသည်။

ထို့ကြောင့်ပင် နှစ်စဉ်နှစ်တိုင်း မတ်လ ၈ ရက်နေ့ကို အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ (International Women's Day) အဖြစ် သတ်မှတ်ကာ ကမ္ဘာတစ်ဝန်း အမျိုးသမီးကဏ္ဍကို ကျယ်ပြန့်စွာ ဖော်ထုတ်ရန် အခမ်းအနားများ ကျင်းပလေ့ရှိသည်။ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ ဖြစ်ပေါ်လာခြင်းမှာ ၁၉၁၀ ပြည့်နှစ်က ဒိန်းမတ်နိုင်ငံ ကိုပင်ဟေဂင်မြို့၌ကျင်းပသည့် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးညီလာခံတွင် ဂျာမနီနိုင်ငံမှ အမျိုးသမီးကိုယ်စားလှယ်တစ်ဦးဖြစ်သူ  မီးစ်ကလယ်ရာဇယ်ကင်း ၏ အကြံပြုချက်အရ နှစ်စဉ် မတ်လ(၈)ရက်နေ့ကို အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့အဖြစ် ကျင်းပရန်ဆုံးဖြတ်ခဲ့ကြသည်။ ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီးသည်  ၁၉၇၅ ခုနှစ်မှစ၍ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့အတွက် နှစ်စဉ်ဆောင်ပုဒ်တစ်ခု သတ်မှတ်ကျင်းပလေ့ရှိသည်။ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အထိမ်းအမှတ် ၂၀၂၂ ခုနှစ်၏ ဆောင်ပုဒ်မှာ စဉ်ဆက်မပြတ်တိုးတက်ဖို့ ကျား၊ မတန်းတူညီမျှစို  "Gender equality today for a sustai-nable tomorrow" ဖြစ်သည်။

ယနေ့ ၂၁ ရာစုတွင် အမျိုးသမီးများ၏ အခန်းကဏ္ဍသည် ရှေးယခင်ကထက် စွမ်းဆောင်ရည် ပိုမိုတိုးတက်လာသည်မှာ   မျက်မြင်ပေဖြစ်ပေသည်။ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများတွင်လည်း အမျိုးသမီးများ ပါဝင်ထမ်းဆောင်လာ နိုင်ကြသည်သာမက သက်ဆိုင်ရာကဏ္ဍအလိုက် လက်တွေ့တာဝန် ထမ်းဆောင်လာနိုင်ပြီ ဖြစ်သည်။

ကျား ၊ မတန်းတူညီမျှမှုဆိုသည်မှာ အမျိုးသားရောအမျိုးသမီးပါ မိမိရပိုင်ခွင့် အခွင့်အရေးကို တန်းတူညီမျှ ရရှိခြင်းပင် ဖြစ်သည်။ ရပိုင်ခွင့်အခွင့်အရေးဟု ဆိုရာ၌လည်း မိမိ၏လုပ်ရည်ကိုင်ရည်နှင့် ညီမျှသော အခွင့်အရေးကိုသာ ဆိုလိုခြင်းဖြစ်သည်။ မိန်းမသားဟူသော ကန့်သတ်ချက်မျိုးဖြင့် အစစအရာရာ နောက်ချန်၍ မထားသင့်ပေ။ ကျား၊ မတန်းတူညီမျှမှုသည် လူသားတိုင်း အထူးသဖြင့် အမျိုးသမီးတိုင်းအတွက် ရှိသင့်သော အခွင့်အရေးပင်ဖြစ်သည်။

ကျား၊ မတန်းတူညီမျှမှုသည် နိုင်ငံဖွံ့ဖြိုးတိုးတက်မှုကို များစွာအထောက်အကူပြုပေသည်။ အမျိုးသမီးများသည် အမျိုးသားများနည်းတူ အလုပ်အကိုင်များ ရရှိလာသဖြင့် ဆင်းရဲမှုကိုလျှော့ချလာနိုင်ခြင်း နေအိမ်ပြင်ပထွက်၍ အလုပ်အကိုင်များ  လုပ်ကိုင်လာနိုင်သောကြောင့် အသိအမြင်များ တိုးပွားလာခြင်း နား၊ မျက်စိပွင့်လင်း လာနိုင်ခြင်း  လူကုန်ကူးခံရမှုများ တားဆီးကာကွယ်နိုင်ခြင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများမှ ကာကွယ်နိုင်ခြင်း စသည်ဖြင့် အမျိုးသမီးကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုများလည်း ရရှိနိုင်သည်။ အမျိုးသမီးများ၏ ပညာရေးကို အမျိုးသားများနည်းတူ တန်းတူအခွင့်အရေးထား ရှိနိုင်ပါကလည်း လူ့အဖွဲ့အစည်းတစ်ခုလုံး အကျိုး

ဖြစ်ထွန်းစေနိုင်ပေသည်။

ကျား၊ မတန်းတူညီမျှမှုဟူသည် အမျိုးသားနှင့် အမျိုးသမီးအပေးအယူ မျှမျှတတဖြင့် အကျိုးတူပူးပေါင်း ဆောင်ရွက်ခြင်းပင်ဖြစ်သည်။   ထိုသို့ တန်းတူညီမျှမှုရှိစေရန် အမျိုးသားများအနေဖြင့် အမျိုးသမီးများကို လက်တွဲခေါ်ဆောင်သင့်သည်။ အမျိုးသမီးပဲဟူ၍ ချန်လှပ်မထားသင့်ပေ။ အမျိုးသမီးများတွင်လည်း ၎င်းတို့၏ ကိုယ်ပိုင်အစွမ်းအစ ကိုယ်ပိုင်စွမ်းရည်များရှိရန် ကြိုးစားအားထုတ်သင့်ပေသည်။

အမျိုးသမီးများ၏ ပင်ကိုဗီဇသည်များသောအားဖြင့် အားနွဲ့ကြသူများဖြစ်သော်လည်း အမျိုးသားများနှင့်အပြိုင် ကာယအား၊ ဉာဏအား၊ စိတ်ဓာတ်စွမ်းအားများ မွေးမြူနိုင်ရမည်။ အမျိုးသားများနည်းတူ လက်ရုံးရည်၊ နှလုံးရည်စွမ်းရည်များ ကြံ့ခိုင်သူများဖြစ်အောင် ကြိုးစားအားထုတ်နိုင်ရမည်။ အရည်အချင်းပြည့်ဝပြီး စိတ်ဓာတ်ကြံ့ခိုင်အောင် ကြိုးစားရမည်။  လုပ်ရည်ကိုင်ရည် ထက်ထက်မြက်မြက် လုပ်ကိုင်နိုင်ကြရမည် ဖြစ်သည်။ သို့မှသာ အမျိုးသမီးများ၏ စွမ်းရည်သည် ပိုမိုတိုးတက်မြင့်မားလာမည်ဖြစ်သည်။

ဤသို့အမျိုးသမီးများက စွမ်းရည်ထက်မြက်အောင် ကြိုးစားအားထုတ်သင့်သလို အစိုးရ၊ ပုဂ္ဂလိကအဖွဲ့အစည်း အားလုံးကလည်း အမျိုးသမီးများ စွမ်းရည်မြှင့်တင်ရေးကို အလေးထား ဆောင်ရွက်ပေးရမည် ဖြစ်သည်။

ကျွန်ုပ်တို့နိုင်ငံတွင် အမျိုးသမီးအခန်းကဏ္ဍကို  အလေးထား လုပ်ဆောင်လျက်ရှိပြီး အမျိုးသားနည်းတူ တန်းတူအခွင့် အရေးပေးထားသည်။ အမျိုးသမီးများ၏ စွမ်းရည်ကို မြှင့်တင်ပေးခြင်းဖြင့် နိုင်ငံတစ်နိုင်ငံချင်းစီ၏ ကုန်ထုတ်စွမ်းအားများ  တိုးတက်မြင့်မားလာမည်ဖြစ်သည်။  လုပ်ငန်းခွင်များတွင် အမျိုးသမီးများ တိုးပွားလာ မှုကြောင့် ဖြစ်ပေါ်လာနိုင်သည့် လုပ်အားဆုံးရှုံးမှုများကိုလည်း ကာကွယ်နိုင်မည်ဖြစ်သည်။

 အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့သည် ကမ္ဘာတစ်ဝန်းရှိ အမျိုးသမီးများနှင့် မိန်းကလေးငယ်များ၏ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေးနှင့် ယဉ်ကျေးမှုဆိုင်ရာအောင်မြင်မှုများကို ဂုဏ်ပြုရန် အခွင့်အရေးတစ်ခုဖြစ်စေ၍ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ကို ဂုဏ်ပြုလိုက်ရပါသည်။   ။

နီလာ(မဟာဝိဇ္ဇာ)