အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက ဗန်းမော်ကျောင်းတိုက်ဆရာတော် ဒေါက်တာဘဒ္ဒန္တ ကုမာရာဘိဝံသ မဟာထေရ်၏ အဋ္ဌမအကြိမ် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ (၄၇)ပါးစုံညီ ဒသမအစည်းအဝေး၌ မိန့်ကြားတော်မူအပ်သော အစည်းအဝေးဖွင့် သာရဏီယ သြဝါဒကထာ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ အဋ္ဌမအကြိမ် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ (၄၇)ပါးစုံညီ ဒသမအစည်းအဝေး၌ မိန့်ကြားတော်မူအပ်သော အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက ဗန်းမော်ကျောင်းတိုက်ဆရာတော် ဒေါက်တာဘဒ္ဒန္တကုမာရာဘိဝံသ မဟာထေရ်၏ အစည်းအဝေးဖွင့် သာရဏီယ သြဝါဒကထာဟ၁၃၈၃ ခုနှစ်၊ တပေါင်းလဆန်း ၇ ရက် (၂၀၂၂ ခုနှစ်၊ မတ်လ ၈ ရက်) အင်္ဂါနေ့၊ ၀၈ ၁၀ အချိန်

အဋ္ဌမအကြိမ် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ (၄၇)ပါးစုံညီ ဒသမအစည်းအဝေးသို့ ကြွရောက်တော်မူလာကြသော နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဝင် ဆရာတော် အရှင်မြတ်တို့ဘုရား-

ဆရာတော် အရှင်မြတ်တို့ ကိုယ်၏ကျန်းမာခြင်း၊ စိတ်၏ချမ်းသာခြင်းတို့နှင့် ပြည့်စုံတော်မူကြလျက် ဘုရားရှင်၏ သာသနာတော်မြတ်ကြီး သန့်ရှင်းစင်ကြယ်အောင် အရှည်ခန့်၍ တည်တံ့အောင် စည်ပင်ပြန့်ပွား ထွန်းကားအောင် သတိပညာရှေ့သွားပြု၍ ကြိုးပမ်းအားထုတ် ဆောင်ရွက်တော် မူနိုင်ကြပါစေဟု အာသီသ ပတ္ထနာပြုကာ နှုတ်ခွန်းဆက်သအပ် ပါသည်ဘုရား။

နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဝင် ဆရာတော် အရှင်သူမြတ်တို့ ဘုရား-

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်တွင် ကာလ, ဒေသ, ဌာနအား လျော်စွာ ၁၉၈၀ ပြည့်နှစ် မေလတွင် ထေရဝါဒဗုဒ္ဓသာသနာသံဃာ့ဂိုဏ်းကြီး (၉)ဂိုဏ်းတို့ စည်းလုံးညီညွတ်မှုရရှိကာ သမ္မုတိရ သံဃာ့ ကိုယ်စားလှယ် ဆရာတော် ၁၂၁၈ ပါးတို့ ကြွရောက်တော်မူကြပြီး ဂိုဏ်းပေါင်းစုံသံဃာ့ အစည်းအဝေးကြီးကို  အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပါသည်ဘုရား။ ထိုအစည်းအဝေးကြီးမှ သံဃာ့အဖွဲ့အစည်းအဆင့်ဆင့်ကို ဖွဲ့စည်းနိုင်ခဲ့ရာ မျက်မှောက်ခေတ် ထေရဝါဒဗုဒ္ဓသာသနာတော်မြတ်ကြီး သန့်ရှင်းတည်တံ့ပြန့်ပွားရေး ကိစ္စများ ဆောင်ရွက်ရာတွင် သံဃာ့ကိစ္စ သံဃာ ဆောင်ရွက် ဟူသော မူကိုချမှတ်၍ ဆောင်ရွက်နိုင်ခဲ့ကြပါသည်ဘုရား။ ယင်းသို့ ဆောင်ရွက်နိုင်ရေးအတွက် သံဃာ့အဖွဲ့အစည်း အခြေခံစည်းမျဉ်းနှင့်  လုပ်ထုံးလုပ်နည်းများ၊  သံဃနာယကလက်စွဲ၊  ညွှန်ကြားလွှာများ၊ ဝိနည်းဓမ္မကံ အဓိကရုဏ်းမှုခင်းများ ဖြေရှင်းဆုံးဖြတ်ရေးဆိုင်ရာ လုပ်ထုံး လုပ်နည်းများ၊ ပရိယတ္တိစာမေးပွဲများ ကျင်းပရေးဆိုင်ရာစည်းမျဉ်းများ၊ ထေရဝါဒဗုဒ္ဓဘာသာ  သီလရှင်အဖွဲ့အစည်း အခြေခံစည်းမျဉ်းများ စသည်ဖြင့် စည်းမျဉ်းစည်းကမ်းများ ရေးဆွဲ၍ ဆောင်ရွက်ခဲ့ကြပါသည်ဘုရား။

ထိုအခြေခံစည်းမျဉ်းလုပ်ထုံးလုပ်နည်း၊ လက်စွဲ၊ ညွှန်ကြားလွှာ စသည် တို့ကိုလည်း ရှေးရှေး ဆရာ့ဆရာ အာစရိယပရမ္ပရ ထေရ်အရှင်တို့ကဒီဃဒဿီဉာဏ်အမြင်၊ မဟာကရုဏာရှင်ဖြစ်တော်မူသော  သဗ္ဗညုဘုရားရှင် မိန့်ကြားတော်မူခဲ့သော ဓမ္မဝိနယတို့နှင့်အညီ အကြိမ်ကြိမ် စည်းဝေးတိုင်ပင်ညှိနှိုင်းတော်မူကြ၍ ရေးဆွဲခဲ့ကြခြင်း ဖြစ်ပါသည်ဘုရား။

ထိုစည်းမျဉ်းတို့တွင် သံဃာ့အဖွဲ့အစည်း အဆင့်ဆင့်အလိုက် သက်ဆိုင်သည့် ဂုဏ်အင်္ဂါ အရည်အချင်းများကိုလည်း ရေးဆွဲပြဋ္ဌာန်းထား သည်ဖြစ်ရာ ဥပမာအနေဖြင့် လျှောက်ထားရပါမူ-

မြို့နယ် သံဃနာယကဆရာတော်၏ ပြည့်စုံရမည့် ဂုဏ်အင်္ဂါ အရည်အချင်းများအဖြစ် သံဃာ့အဖွဲ့အစည်း လုပ်ထုံးလုပ်နည်းအခန်း (၄)၊

အပိုဒ်(၃၅)တွင်

အပိုဒ်ခွဲ(ခ) ဝိနည်း၌ ကျွမ်းကျင်လိမ္မာရမည်။

အပိုဒ်ခွဲ(င) ခမာ၊ ဇာဂရိယဂုဏ်နှင့် ပြည့်စုံရမည်ဟုလည်းကောင်း၊

တိုင်းဒေသကြီး/ပြည်နယ် သံဃနာယကဆရာတော်၏ ပြည့်စုံရမည့် ဂုဏ်အင်္ဂါအရည်အချင်း များအဖြစ် သံဃာ့အဖွဲ့အစည်းလုပ်ထုံးလုပ်နည်း

အခန်း(၄) အပိုဒ်(၅၂)တွင်

အပိုဒ်ခွဲ(ခ) ပရိယတ္တိဝိသာရဒ၊ ပိဋကတ္တယဆေကဂုဏ်နှင့် ပြည့်စုံရမည်။

အပိုဒ်ခွဲ(င)    ခမာ၊ ဇာဂရိယ စသော နာယကဂုဏ်များနှင့် ပြည့်စုံရမည်ဟု လည်းကောင်း

နိုင်ငံတော်သံဃမဟာနာယက အဖွဲ့ဆရာတော်၏ ပြည့်စုံရမည့်ဂုဏ် အင်္ဂါအရည်အချင်းများအဖြစ် သံဃာ့အဖွဲ့အစည်းလုပ်ထုံးလုပ်နည်း အခန်း(၄) အပိုဒ်(၈၂)တွင်

အပိုဒ်ခွဲ(ခ)    လောကဓမ္မ နှစ်ဌာနတို့၌ တတ်သိလိမ္မာရမည်။

အပိုဒ်ခွဲ(ဂ)    သံဃာ့အဖွဲ့အစည်း၏ လုပ်ငန်းတာဝန်များကို ဦးစားပေး ဆောင်ရွက်လိုသော စိတ်ဆန္ဒရှိရမည် ဟုလည်း ကောင်းသင့်လျော်ကောင်းမွန်သည့်  ပြဋ္ဌာန်းချက်များကို အသီးသီးပြဋ္ဌာန်း ထားနိုင်ခဲ့ပါသည်ဘုရား။

နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဝင် အရှင်သူမြတ်တို့ဘုရား-

တေန ဟိ ဘိက္ခေ၀ ဘိက္ခူနံ သိက္ခာပဒံ ပညပေဿာမိ၊ ဒသ အတ္ထဝသေ ပဋိစ္စ ဟူသော သိက္ခာပုဒ်တော်များ ပညတ်မည့်အချိန်တိုင်း တွင် တပည့်တော်တို့၏ အနန္တဂုဏ်ရှင် သဗ္ဗညုဘုရားသခင်သည် သာဝကတို့၏အကျိုးစီးပွား(၁၀)ပါးကို ဦးထိပ်ထားပညတ်တော်မူမြဲဖြစ် သည်ကို  လျှောက်ထားလိုပါသည်ဘုရား။ လောကသုံးအင်အတွက် ကောင်းကျိုးတရားများ တိုးပွားသည်ထက်တိုးပွားအောင် လမ်းညွှန်ပြသ သြဝါဒ အနုသာသနီပြုသည့်ပုဂ္ဂိုလ်များတွင် သဗ္ဗညုဘုရားသခင် သည်သာ အထူးချွန်ဆုံး အမြင့်မြတ်ဆုံး ပုဂ္ဂိုလ်ထူး ပုဂ္ဂိုလ်မြတ်ဖြစ်ပါ ကြောင်းလည်း လျှောက်ထားလိုပါသည်ဘုရား။ ထိုသို့သော ဘုရားရှင် ၏ပညတ်ချက်တို့အပေါ် သာဝကအဆက်ဆက်တို့ကလည်း ပညာ ယိဿတိ ဘန္တေ သာဝတ္ထိယာ သံဃော သကာယ ကတိကာယ၊ န မယံ အပညတ္တံ ပညာပေဿာမ၊ ပညတ္တံ ဝါ န သမုစ္ဆိန္ဒိဿာမ၊ ယထာ ပညတ္တေသု သိက္ခာပဒေသု သမာဒါယ ဝတ္တိဿာမ (ပါရာဇိကပါဠိ၊ စာမျက်နှာ ၃၃၇) ဟူသော အရှင်ဥပသေနမထေရ်၏ နှလုံးသွင်းအတိုင်း လက်ရှိ ထေရဝါဒဗုဒ္ဓသာသနာတော်ရှိ သံဃာထုတစ်ရပ်လုံး ကျင့်သုံး ခံယူနေပြီး ဘုရားရှင်၏ သိက္ခာပုဒ်ပညတ်တော်မူခြင်း၏ အကျိုးတရား ဆယ်ပါးကိုလည်း ရရှိပြီးဖြစ်ပါသည်ဘုရား။

နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဝင် အရှင်မြတ်တို့ဘုရား-

သိက္ခာပုဒ်တော်များ ပညတ်တော်မူခြင်းကြောင့် ရရှိနိုင်သော အကျိုးတရား(၁၀)ပါးမှာ

(၁)     သံဃသုဋ္ဌုတာယ     -        သံဃာတော်များကောင်းပါပြီဟု ဝန်ခံရခြင်းအကျိုးတရား

(၂)     သံဃဖာသုတာယ   -        သံဃာတော်များချမ်းချမ်းသာသာ ဖြစ်စေခြင်းအကျိုးတရား

(၃)     ဒုမ္မင်္ကူနံ ပုဂ္ဂလာနံ    -        ဒုဿီလပုဂ္ဂိုလ်များကို နှိမ်နင်းခြင်း

          နိဂ္ဂဟာယ              အကျိုးတရား

(၄)     ပေသလာနံ ဘိက္ခူနံ         -        သီလကိုချစ်မြတ်နိုးသောရဟန်း

          ဖာသုဝိဟာရာယ              တော်များ ချမ်းသာစွာနေထိုင်ရခြင်း အကျိုးတရား

(၅)     ဒိဋ္ဌဓမ္မိကာနံ  -        မျက်မှောက်ဘဝဘေးရန်များကို

          အာသဝါနံ သံဝရာယ                  ဖယ်ရှားရခြင်းအကျိုးတရား

(၆)     သမ္ပရာယိကာနံ      -        တမလွန်၌ ဘေးရန်များကိုဖယ်ရှား

          အာသဝါနံ ပဋိဃာတာယ            တားမြစ်ရခြင်းအကျိုးတရား

(၇)     အပ္ပသန္နာနံ ပသာဒါယ      -        မကြည်ညိုသေးသောပုဂ္ဂိုလ်များ ကြည်ညိုလာခြင်းအကျိုးတရား

(၈)     ပသန္နာနံ      -        ကြည်ညိုပြီးသူများ   သဒ္ဓါတရား

          ဘိယျောဘာဝါယ             ပိုမိုထက်သန်ပွားများခြင်း  အကျိုး

တရား

(၉)     သဒ္ဓမ္မဋ္ဌိတိယာ        -        သဒ္ဓမ္မသုံးဖြာသာသနာအဓွန့်ရှည် ကြာတည်တံ့ခြင်းအကျိုးတရား

(၁၀) ဝိနယာနုဂ္ဂဟာယ     -        ဝိနည်းတရားတော်ကို ချီးမြှောက် နိုင်ခြင်းအကျိုးတရားတို့    ဖြစ်ပါ သည်ဘုရား။

မြတ်စွာဘုရားရှင်သာ သိက္ခာပုဒ်တော်များကို ပညတ်ထားခြင်းမရှိ ခဲ့ပါက အထက်ပါအကျိုးတရားများကို ရရှိခံစားနိုင်ဖို့ရန် မလွယ်ကူ သကဲ့သို့ သာသနာတော်မြတ်ကြီးသည်လည်း အညစ်အကြေးကင်းစွာ ထွန်းပနေဖို့ရာ မလွယ်ကူနိုင်သည်မှာ သေချာလှပါသည်ဘုရား။

သာသနာတော် သက်တမ်းတစ်လျှောက်တွင်    ဖျက်လိုဖျက်ဆီး ပေါ်ပေါက်ခဲ့ကြကုန်သော   သာသနာဖျက် ရဟန်းညစ်ရဟန်းဆိုးတို့၏ မိစ္ဆာဝါဒ အယူအဆ အမျိုးမျိုးတို့ကို သာသနာ့ဦးသျှောင် ဆရာတော် သံဃာတော် အရှင်မြတ်ကြီးများက ဓမ္မဝိနယနှင့်ညီညွတ်စွာ အကြိမ်ကြိမ် အခါခါ သုတ်သင်ရှင်းလင်း ခဲ့ကြရပါသည်ဘုရား။

ထိုကဲ့သို့ သုတ်သင်ရှင်းလင်းမှုများကို သင်္ဂါယနာတင်ခြင်းဟု ခေါ်ဆိုနိုင်ပြီး နောက်ဆုံးတင်တော်မူခဲ့သည့် ဆဋ္ဌသင်္ဂါယနာပွဲကြီးက သန့်ရှင်း သုတ်သင်တည်းဖြတ်ကာ အတည်ပြုတော်မူထားသည့် ပိဋကသုံးသွယ် နိကာယ်ငါးရပ် ဓမ္မက္ခန္ဓာတော်မြတ်တို့အတိုင်း ယခုဘုရားတပည့်တော်တို့ ကျင့်ကြံအားထုတ်ခွင့် ရရှိနေကြပါ သည်ဘုရား။

ဝိနည်းသိက္ခာပုဒ် ပညတ်တော်မူခြင်း၏ အကျိုးတရားများတွင် ရှေးဦးမဆွ သံဃသုဋ္ဌု သံဃဖာသုဖြစ်ဖို့ရန် အရေးပါသည်၊ ဘုရားဟောဖော် ပါဠိတော်များနှင့် ဝိနည်းပညတ်တော် မူချက်များအတိုင်း လိုက်နာကျင့်သုံး နေထိုင်ကြရန်မှာ အလွန်အရေး ကြီးလှပါသည်ဘုရား။ ဘုရားရှင်အလိုတော်ကျ ဘုရားတပည့်တော်တို့ အဆက်ဆက် ကျင့်သုံး နေထိုင်ကြမည်ဆိုလျှင် သာသနာကွယ်ပစရာ အကြောင်းတရားများ

ပေါ်ပေါက်လာဖွယ် မရှိနိုင်သည် ဖြစ်ခြင်းကြောင့် ဘုရားရှင်၏ယဉ်ကျေး သိမ်မွေ့သော အဆုံးအမတော် များအတိုင်း ဆက်လက်ကျင့်ကြံနေထိုင် သွားကြရမည် ဖြစ်ပါသည်ဘုရား။

ဆရာတော် သံဃာတော် အရှင်သူမြတ်တို့ဘုရား-

မြတ်စွာဘုရားရှင်က သီလက္ခန္ဓဝဂ္ဂပါဠိတော်တွင် သီလ ပညာဏပဉ္စ ပန လောကသ္မိံ အဂ္ဂမက္ခာယတိ ဟု ဟောကြားတော်မူထားပါသည်ဘုရား။ လောကကြီးတစ်ခုလုံးကို ဦးစီးဦးဆောင်ပြုရာ၌ ကိုယ်ကျင့်သီလ တရားနှင့် အရာရာကို ဝေဖန်ခွဲခြားနားလည်သိမြင်နိုင်မှု ပညာတရားတို့ကသာ အရေးအကြီးဆုံး အကောင်းမြတ်ဆုံး ဖြစ်ကြောင်း ဟောကြားတော်မူထားခြင်း ဖြစ်ပါသည်ဘုရား။

သီလရှိသောပုဂ္ဂိုလ်ဖြစ်လျှင် ပညာရှိပါသည်၊ ပညာရှိသောပုဂ္ဂိုလ် ဖြစ်လျှင်လည်း သီလရှိပါသည်ဘုရား။ လက်တစ်ဖက်ဖြင့် အခြားလက် တစ်ဖက်ကို ဆေးကြောရသကဲ့သို့ ခြေတစ်ဖက်ဖြင့် အခြားခြေတစ်ဖက် ကို ဆေးကြောရသကဲ့သို့ သီလကို ပညာဖြင့်ဆေးကြောရပါသည်။ ထို့အတူပင် ပညာကိုလည်း သီလဖြင့်ပင် ဆေးကြောရပါသည်ဘုရား။

သံဃာထုတစ်ရပ်လုံးက သီလနှင့်ပညာကို ဟန်ချက်ညီညီကျင့်သုံး နေထိုင်ကြမည်ဆိုလျှင် ဘုရားရှင်၏ သာသနာတော်မြတ်ကြီးသည် အနှစ်ငါးထောင်မက ဆက်လက်တည်တံ့နေမည်မှာ မြေကြီးလက်ခတ်မလွဲ ပင်ဖြစ်ပါသည်ဘုရား။

နိဂုံးချုပ်အနေအားဖြင့် လျှောက်ထားရပါမူ လောကကြီးတစ်ခုလုံး အတွက်သာမက သာသနာတော် မြတ်ကြီးအတွက် ဦးဆောင်ဦးရွက်ပြုတော်မူနေကြသည့် တပည့်တော်တို့ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ကြီးအနေဖြင့် အမြတ်ဆုံးဖြစ်သော သီလ ပညာတရားများကို ကေဝလ ပရိပုဏ္ဏ သဘောဆိုက်အောင် ကျင့်ကြံအားထုတ် သင့်ကြပါကြောင်းနှင့် သီလ၊ သုတ စွယ်စုံပြည့်ဝလျက် သာသနာတော်မြတ်ကြီး အရှိန်အဟုန် မပြတ် ဆက်လက်ထွန်းပသည့် သာသနာ့တန်ဆောင်အဖြစ် အလင်းရောင်များ ဖြန့်ဝေပေးနိုင်ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းရင်း ဘုရားတပည့်တော်၏ သာရဏီယသြဝါဒကထာကို နိဂုံးကမ္ပတ် အဆုံးသတ် အပ်ပါသည် ဆရာတော်သံဃာတော် အရှင်သူမြတ်တို့ဘုရား။

                   ဒေါက်တာဘဒ္ဒန္တကုမာရာဘိဝံသ

                             ဥက္ကဋ္ဌဆရာတော်

                   နိုင်ငံတော်သံဃမဟာနာယကအဖွဲ့