နေကြာသီးနှံသည် ကမ္ဘာ့စားသုံးဆီ အများဆုံးထုတ်လုပ်နိုင်သော သီးနှံများတွင် တစ်ခုအပါအဝင်ဖြစ်ပါသည်။ နေကြာ၏ မူရင်းဒေသသည် မြောက်အမေရိကတိုက်ဖြစ်သည်။ နေကြာပင်သည် စုပေါင်းမျိုးရင်း Asteraceae တွင်ပါဝင်ပြီး ကမ္ဘာအနှံ့အပြားတွင် စိုက်ပျိုးကြသည်။ နေကြာကို အင်္ဂလိပ်အမည် Sunflower ခေါ်ပြီး လက်ရှိစိုက်ပျိုးနေသော Helianthus Annuus မျိုးစိတ်ဖြစ်သည်။ Helius ဂရိဘာသာစကားဖြင့် နေဟုအဓိပ္ပာယ်ရပြီး Anthos သည် ပန်းဟုအဓိပ္ပာယ်ရသည်။ နေကြာဟုအမည်တွင် ခြင်းမှာ နေသွားရာ လမ်းအတိုင်းလှည့်ပတ်သည့်သတ္တိ Heliotropism ရှိခြင်းကြောင့်ဖြစ်သည်။
အပင်များသည် နေ့အခါတွင် အရှေ့ဘက်မှ အနောက်ဘက်သို့လှည့်သွားပြီး ၁၈၀ ဒီဂရီလှည့်လည်သွားပြီးနောက် အနောက်ဘက်မှ အရှေ့ဘက်သို့ပြန်လှည့်သွားသည်။ နေကြာသီးနှံသည် ပင်ကိုသဘာဝအားဖြင့် သမပိုင်းဇုန်သီးနှံဖြစ်သော်လည်း သမအနွေးပိုင်းဒေသများတွင် စီးပွားဖြစ်စိုက်ပျိုးကြသည်။ နေကြာသီးနှံကို တောင်လတ္တီတွဒ် ၄၀ နှင့် ၅၀ ဒီဂရီအတွင်း စိုက်ပျိုးနိုင်သည်။ သို့သော် မြောက်လတ္တီတွဒ် ၂၀ နှင့် ၅၀ ဒီဂရီအတွင်း၌ ပိုမိုဖြစ်ထွန်းသည်။ အမြင့် မီတာ ၂၅၀၀ အထိဖြစ်ထွန်းသော်လည်း မီတာ ၁၅၀၀ အောက်စိုက်ပျိုးပါက ဆီထွက်နှုန်းပိုမိုများသည်။ နေကြာသည် အပူချိန် ၂၀-၂၅ ဒီဂရီစင်တီဂရိတ်အတွင်း ကောင်းစွာဖြစ်ထွန်းသည်။ အနိမ့်ဆုံး ၈ ဒီဂရီစင်တီဂရိတ်မှ အမြင့်ဆုံး ၃၄ ဒီဂရီစင်တီဂရိတ်အထိ အထွက်နှုန်းသိသာစွာ မထိခိုက်ဘဲ ပေါက်ရောက်နိုင်သည်။ အပူချိန်မြင့်လျှင် ရင့်မှည့်မှုမြန်ပြီး သက်တမ်းတိုသွားသည်။ အပူချိန်မြင့်မားလျှင် အစေ့တွင် ဆီပါဝင်မှုနှင့် ဆီအရည်အသွေးကိုထိခိုက်သည်။ ယေဘုယျအားဖြင့် ပန်းပွင့်ချိန်တွင် အပူချိန် ၂၅ ဒီဂရီစင်တီဂရိတ်အထက်ရှိပါက အစေ့အထွက်နှုန်းနှင့် ဆီပါဝင်မှုကို လျော့နည်းစေသည်။ မိုးရေချိန် ၃၀၀ မီလီမီတာရွာလျှင် သင့်တင့်သောအထွက်နှုန်းကို ရနိုင်သည်။ မိုးရေချိန် ၅၀၀ နှင့် ၇၅၀ မီလီမီတာအတွင်း အပင်ကြီးထွားဆဲကာလ၌ ညီညာမျှတစွာရွာသွန်းပြီး ပန်းပွင့်ချိန်တွင် မိုးမရွာလျှင် အထွက်နှုန်း အမြင့်မားဆုံးရနိုင်သည်။ နေကြာပင်ကို သဲနုန်းမြေစေးတွင်၊ နုန်းမြေနှင့် သဲနုန်းတို့တွင် စိုက်ပျိုးပါက အထူးသန်စွမ်းကောင်းမွန်ပါသည်။ မြေချဉ်ငန်ဓာတ် ၆-၇ တို့သည် နေကြာစိုက်ပျိုးရန် အသင့်တော်ဆုံးဖြစ်သည်။
နေကြာသီးနှံတွင် အဓိကအားဖြင့် အစေ့စားနေကြာနှင့် ဆီစားနေကြာဟူ၍ နှစ်မျိုးရှိပါသည်။ မြန်မာနိုင်ငံတွင် ဆီထွက်သီးနှံများအနက် နေကြာသီးနှံသည် စိုက်ပျိုးရသော မျိုးစေ့ပမာဏနှင့် ထွက်ရှိသောမျိုးစေ့ ပမာဏအချိုးအစား (Seed to Seed) မြင့်မားခြင်း၊ စိုက်ပျိုးစရိတ်သက်သာခြင်း၊ တစ်ဧက ဆီထွက်နှုန်းကောင်းခြင်း၊ ပိုးမွှား၊ ရောဂါနှင့် ရာသီဥတုဖောက်ပြန်သည့်အခါတွင်မူ ပျက်စီးမှုနည်းခြင်းတို့ကြောင့် တောင်သူများ ကြိုက်နှစ်သက်ကြသည်။ နေကြာသီးနှံတွင် သဘာ၀၀တ်မှုန်ကူးမျိုး (Open Pollinated Variety) နှင့် စပ်မျိုးနေကြာ (Hybrid Variety) ဟူ၍ မျိုးအုပ်စုနှစ်ခု ခွဲခြားနိုင်သည်။ သဘာ၀၀တ်မှုန်ကူးမျိုး (Open Pollinated Variety) သည် မိဘမျိုးများစွာ ဝတ်မှုန်ကူးခြင်းမှ ရရှိလာသောမျိုး ဖြစ်သည်။
အခြားမျိုးများနှင့် မျိုးကူးစပ်ခြင်းမရှိစေရန် မျိုးတစ်မျိုးတည်းကိုသာ ထားရှိစိုက်ပျိုးပြီး စနစ်တကျ မျိုးသန့်ထိန်း သိမ်းစိုက်ပျိုးပါက ၅ နှစ်မှ ၁၀ နှစ်ထိ မျိုးသန့်အဖြစ်စိုက်ပျိုးနိုင်ပါသည်။ (ဥပမာ- ဆင်းရွှေကြာ-၂)။ နေကြာသီးနှံသည် ပင်ကြားဝတ်မှုန်ကူးသည့်သီးနှံဖြစ်ပြီး အဓိကအားဖြင့် ပျားနှင့် ဝတ်မှုန်ကူးခြင်းဖြစ်ပါသည်။ တောင်သူများအနေဖြင့် သဘာ၀၀တ်မှုန်ကူးနေကြာမျိုးများအား စိုက်ပျိုးမည်ဆိုပါက နေကြာစိုက်ခင်း တစ်ဧကလျှင် ပျားအုံ တစ်အုံမှ နှစ်အုံထားသင့်သည်။ မျိုးစေ့ရယူမည့် တောင်သူများအနေဖြင့် သဘာ၀၀တ်မှုန်ကူးနေကြာမျိုးများ စိုက်ပျိုးမည်ဆိုပါက မျိုးတစ်မျိုးတည်းကို တစ်ကွင်း တစ်ဆက်တည်း စိုက်ပျိုးသင့်ပါသည်။ စပ်မျိုးနေကြာမျိုး (Hybrid Variety) သည် မျိုးမတူသော မိဘမျိုးနှစ်မျိုးအား မျိုးကူးစပ်၍ ရရှိလာသော စပ်မျိုးစွမ်းအား (Hybrid Vigour) ကောင်းမွန်သည့်မျိုးဖြစ်သည်။ စပ်မျိုးနေကြာမှထွက်ရှိလာသော မျိုးစေ့ကို နောင်နှစ်တွင် မျိုးအဖြစ် အသုံးမပြုသင့်ပါ။ (ဥပမာ- ရေဆင်းစပ်မျိုးနေကြာ-၁)။
မြန်မာနိုင်ငံတွင် ဆီစားနေကြာကို ၁၉၇၆-၇၇ ခုနှစ်မှစ၍ စိုက်ပျိုးခဲ့ပါသည်။ စိုက်ပျိုးသောမျိုးအများစုမှာ သဘာ၀၀တ်မှုန်ကူးမျိုး (Open Pollinated Variety) မျိုးများဖြစ်ကြသည်။ ၁၉၈၄ ခုနှစ်တွင် စိုက်ပျိုးရေးသုတေသန ဦးစီးဌာနမှ ဆင်းရွှေကြာ-၂ သဘာ၀၀တ်မှုန်ကူးမျိုး (Open Pollinated Variety) ကိုထုတ်လုပ်နိုင်ခဲ့ပါသည်။ ရုရှားမျိုးဖြစ်သည့် CHAKINSKYI-269 အား Mass Selection နည်းဖြင့် ရွေးချယ်ထားသောမျိုးဖြစ်ပါသည်။ ဆင်းရွှေကြာ-၂ နေကြာမျိုးသည် အသက်လျင်၍ ရွက်ခြောက်ရောဂါ (Alternaria Leaf Blight) အတော်အသင့်ခံနိုင်ရည်ရှိပါသည်။ တစ်ဧကအထွက်နှုန်း ၂၅-၃၀ တင်း ထွက်ရှိပြီး ဒေသမရွေးစိုက်ပျိုးဖြစ်ပါသည်။ စပ်မျိုးနေကြာမျိုးများသည် သဘာ၀၀တ်မှုန်ကူးမျိုး (Open Pollinated Variety) များထက် အထွက်နှုန်းကောင်းမွန်ခြင်းနှင့် ဆီထွက်ရာခိုင်နှုန်းမြင့်မားခြင်း တို့ကြောင့် စပ်မျိုးနေကြာ ထုတ်လုပ်ရေးသုတေသနလုပ်ငန်းများကို ကမ္ဘာနှင့်အဝှမ်း ဆောင်ရွက်ခဲ့ကြပါသည်။ မြန်မာနိုင်ငံတွင် ၁၉၈၆ ခုနှစ်၌ ပြည်ပစပ်မျိုးနေကြာ Hysun-33 ကို မှာယူတင်သွင်း၍ စိုက်ပျိုးခဲ့ရာ အထွက်နှုန်း ၄၀-၅၀ တင်းထိထွက်ရှိသဖြင့် တောင်သူများ များစွာအကျိုးရှိပြီး ဆီထွက်ထုတ်လုပ်မှုလည်း တိုးတက်ခဲ့ပါသည်။ သို့ရာတွင် စပ်မျိုးနေကြာမျိုးစေ့ကို နှစ်စဉ်နိုင်ငံခြားမှ ဝယ်ယူတင်သွင်းပါက နိုင်ငံခြားငွေများစွာ ကုန်ကျခြင်း၊ တောင်သူများအတွက် မျိုးစရိတ်ကြီးမားခြင်းတို့ကြောင့် ပြည်တွင်းတွင် စပ်မျိုးနေကြာ ထုတ်လုပ်နိုင်ရန် သုတေသနလုပ်ငန်းများအား စိုက်ပျိုးရေးသုတေသနဦးစီးဌာန၊ ရေဆင်းတွင် ၁၉၉၃-၉၄ ခုနှစ်မှစတင်၍ ဆောင်ရွက်ခဲ့ပြီး စပ်မျိုးနေကြာမျိုးနှစ်မျိုးကို အောင်မြင်စွာ ထုတ်လုပ်နိုင်ခဲ့ပါသည်။ ရေဆင်းစပ်မျိုးနေကြာ-၁ သည် အသက်ရက် ၈၀-၈၅ ရက်ရှိပြီး အပင်အမြင့် ၄ ဒသမ ၅ ပေ-၅ ပေရှိကာ အပွင့်အချင်း ၅ လက်မမှ ၉ လက်မထိရှိ၍ တစ်ပွင့်ပါအောင်စေ့ ၅၀၀-၉၀၀ ပါရှိပြီး အစေ့တစ်ထောင် အလေးချိန်မှာ ၄၅-၅၀ ဂရမ်နှင့် ဆီထွက်ရာနှုန်း ၄၈-၅၁ ရာခိုင်နှုန်းရှိကာ တစ်ဧကအထွက်နှုန်း ၅၅ - ၆၀ တင်းထွက်ရှိနိုင်သည်။ ရေဆင်းစပ်မျိုးနေကြာ-၁ သည် တစ်ဧကအထွက်နှုန်းနှင့် ဆီထွက်နှုန်းကောင်းခြင်းတို့ကြောင့် မြန်မာနိုင်ငံတစ်ဝန်းရှိ နေကြာစိုက်တောင်သူများ အများဆုံးစိုက်ပျိုးနေသော ပြည်တွင်းစပ်မျိုးတစ်မျိုး ဖြစ်ပါသည်။
စိုက်ပျိုးရေးသုတေသန ဦးစီးဌာနအနေဖြင့် ပြည်တွင်းဆီစားသုံးမှု ဖူလုံစေရန်အတွက် နေကြာသီးနှံသုတေသန လုပ်ငန်းများကို ဆောင်ရွက်ရာတွင် အထွက်ကောင်းနှင့် ဆီထွက်ကောင်း စပ်မျိုးနေကြာမျိုးသစ်များအား မွေးမြူထုတ်လုပ်ခြင်း သုတေသနလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ အဓိကလုပ်ငန်းစဉ်များဖြစ်သည့် သန္ဓေသန့်လိုင်းများ မွေးမြူခြင်းသုတေသန၊ စပ်မျိုးမိဘလိုင်း (အမလိုင်းများ) မွေးမြူခြင်းသုတေသန၊ စပ်မျိုးမိဘလိုင်း (အဖိုလိုင်းများ) မွေးမြူခြင်းသုတေသန၊ စပ်မျိုးမိဘလိုင်းများ၏ ပေါင်းစပ်စွမ်းရည်စစ်ဆေးခြင်း သုတေသန၊ စမ်းသပ်စပ်မျိုးများ အထွက်ယှဉ်ပြိုင်ခြင်းသုတေသန၊ စမ်းသပ်စပ်မျိုးများ တောင်သူကွက်တွင် သရုပ်ပြစိုက်ပျိုးခြင်း သုတေသနလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသလို ထုတ်ဝေပြီး နေကြာမျိုးများ၏ အရည်အသွေး ကျဆင်းမသွားအောင် မျိုးသန့်ထိန်းသိမ်းခြင်း များကိုလည်း ဆောင်ရွက်လျက်ရှိပါသည်။ စပ်မျိုးနေကြာမျိုးစေ့၏ အရည်အသွေးမကျဆင်းစေရန် စပ်မျိုးနေကြာထုတ်လုပ်သည့် မိဘလိုင်းများအား စနစ်တကျမျိုးသန့်ထိန်းသိမ်းခြင်းသည် အလွန်အရေးကြီးပါသည်။ သဘာ၀၀တ်မှုန်ကူးနေကြာမျိုးများအား မျိုးစေ့များကို မူလဗီဇလက္ခဏာများ ယုတ်လျော့မသွားစေရန် စနစ်တကျမျိုးသန့်ထိန်းသိမ်းထားခြင်းကို မဖြစ်မနေ ဆောင်ရွက်ရပါသည်။ သို့မှသာ တောင်သူများစိုက်ပျိုးသည့် မျိုးများသည် မူလအရည်အသွေးမပျက် အထွက်နှုန်းနှင့် ဆီထွက်နှုန်းကောင်းမွန်ပြီး ဝင်ငွေတိုးတက်ရရှိမည်မှာ အမှန်ပင် ဖြစ်ပါသည်။ ။
နန်းပပဝင်း(စိုက်ပျိုးရေးသုတေသနဉီးစီးဌာန)