မကွေးတိုင်းဒေသကြီး ရေစကြိုမြို့နယ်၌ အကြမ်းဖက်သမားများက သေနတ်ဖြင့် လုပ်ကြံပစ်ခတ်၍ သံဃာတော် ၁ ပါး ဒဏ်ရာရရှိ

မကွေးတိုင်းဒေသကြီး ရေစကြိုမြို့နယ်၌ အကြမ်းဖက်သမားများက သေနတ်ဖြင့် လုပ်ကြံပစ်ခတ်၍ သံဃာတော် ၁ ပါး ဒဏ်ရာရရှိ

နေပြည်တော်၊ မတ် ၉

နိုင်ငံရေးအစွန်းရောက် အကြမ်းဖက်သမားများအနေဖြင့် နိုင်ငံတော်အတွင်း တည်ငြိမ် အေးချမ်းမှုပျက်ပြားစေရန်နှင့် ပြည်သူလူထုအကြား စိုးရိမ်ထိတ်လန့်မှုဖြစ်ပေါ်လာစေရန် ရည်ရွယ်၍ ဌာနဆိုင်ရာအဆောက်အဦများ၊ လမ်းတံတားများနှင့် စာသင်ကျောင်းများအား အကြမ်းဖက်ဖောက်ခွဲ မှုများပြုလုပ်ခြင်း၊ ပစ်ခတ်တိုက်ခိုက်မှုများပြုလုပ်ခြင်းနှင့် နိုင်ငံ့ဝန်ထမ်းများအား ရက်စက်စွာ လုပ်ကြံ သတ်ဖြတ်ခြင်းများ ပြုလုပ်လျက်ရှိသည့်အပြင် ဗုဒ္ဓဘာသာဝင်မြန်မာလူမျိုးများ၏ အထွဋ်အမြတ် ထားရာ သာသနာပိုင်အဆောက်အဦများကိုပါ အကြမ်းဖက်ပစ်ခတ်တိုက်ခိုက်ခြင်း၊ မိုင်းထောင် ဖောက်ခွဲခြင်းနှင့် ရဟန်းသံဃာတော်များအား ဖမ်းဆီးခေါ်ဆောင်သတ်ဖြတ်ခြင်းများအား စိတ်နှလုံး ညှိုးနွမ်းဖွယ် ရက်စက်စွာ ပြုလုပ်နေကြသည်ကို တွေ့ရှိရသည်။
ထိုသို့ပြုလုပ်လျက်ရှိရာတွင် မတ်လ ၈ ရက် နံနက် ၁၀ နာရီ ၅၀ မိနစ်တွင် မကွေးတိုင်း ဒေသကြီး၊ ရေစကြိုမြို့နယ်၊ ထန်းဆယ်ပင်ကျေးရွာရှိ မဟာဝိဇယရာမဘုန်းကြီးကျောင်းမှ ဆရာ တော် ဘဒ္ဒန္တ ဝိသုဒ္ဒါစာရ (ခ)ဖိုးဝိုင်း (၆၃)နှစ် ၁၅ ဝါ(ဘ)ဦးစိန်လှသည် ကျေးရွာအတွင်း ဆွမ်းခံ ကြွရာမှ ကျောင်းသို့ ပြန်လာစဉ် ဘုန်းကြီးကျောင်းအနီးအရောက်၌ အကြမ်းဖက်အမျိုးသား ၃ ဦးက ဆိုင်ကယ် ၂ စီးဖြင့်ရောက်ရှိလာပြီး သေနတ်ဖြင့်ပစ်ခတ်ထွက်ပြေးသွားခဲ့သဖြင့် ဆရာတော်တွင် ဝဲရင်အုံအထက် ကျည်ဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ ဝဲလက်သန်းကျည်ထိမှန်ဒဏ်ရာ ၁ ချက်ရရှိခဲ့ရာ ရေစကြိုမြို့နယ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ဆေးကုသမှုခံယူစေလျက်ရှိကြောင်း သိရသည်။
အထက်ပါဖြစ်စဉ်မှ ဆရာတော်အား သေနတ်ဖြင့် ပစ်ခတ်ထွက်ပြေးသွားသည့် အကြမ်းဖက် သမားများအား ဖော်ထုတ်ဖမ်းဆီး အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက နယ်မြေခံတပ်မတော် စစ်ကြောင်းများနှင့်ပူးပေါင်း၍ လုံခြုံရေးလုပ်ငန်းစဉ်များနှင့်အညီ ဆက်လက်ဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိသည်။