ကျွန်တော်တို့လူသားတွေဟာ ရှေးပေ၀သဏီ ကမ္ဘာတည်ကတည်းကိုက တစ်နေရာ ကနေတစ်နေရာကို ကူးလူးယှက်သန်းသွားလာကာ အလုပ်ကိုယ်စီကို လုပ်ဆောင်ခဲ့ကြ သူချည်းပါပဲ။ အရင်တုန်းကတော့ ခြေလျင် ခရီးလမ်းကိုသာ အားကိုးပြီး သွားလာခဲ့ကြပါ တယ်။ အဲဒီနောက် ဆင်၊ မြင်း အစရှိတဲ့ ခွန်အားရှိတိရစ္ဆာန်တွေကို အသုံးပြုပြီး လှည်းဆွဲစေကာ သွားလာကြပါတယ်။ အလားတူပဲ ရေလမ်းခရီးမှာ ဆိုရင်လည်း အရင်ကကိုယ့် လက်ကိုယ့်ခြေကိုပဲအားကိုးကာ လှေနဲ့သွား လာရာမှ နောက်ပိုင်းမှာ လေအားကို အသုံးပြုပြီး ရွက်လှေတွေနဲ့ သွားလာကြတဲ့အထိ လူသားတွေရဲ့ နေထိုင်မှုပုံစံဟာ တိုးတက်လာခဲ့ပါတယ်။
ယနေ့ခေတ်မှာတော့ ကမ္ဘာကြီးမှာစက်မှု ထွန်းကားလာတာနဲ့အမျှ စက်ယန္တရားတွေ လည်းပေါ်ပေါက်ကာ အသုံးပြုမှုသည် လည်းတွင် ကျယ်လာပါပြီ။ ဒီလို စက်ယန္တရား အသုံးပြုမှုတွင် ကျယ်လာတာနဲ့အတူ လူသား တွေဟာလည်း သူတို့လိုရာ ခရီးပန်းတိုင်ကို လျင်မြန်စွာ ရောက်ရှိစေရေးအတွက် စက်တပ်ယာဉ်တွေကို ပိုမိုအသုံးပြုလာကြပါတယ်။ ဒီတော့စက်တပ်ယာဉ်တွေမောင်းနှင်နိုင်ဖို့ အဓိကလိုအပ်တဲ့ လောင်စာသည်လည်း ယနေ့ကမ္ဘာကြီးအတွက် မရှိမဖြစ်လိုအပ်ချက်တစ်ခု ဖြစ်လာပါတော့တယ်။
စက်သုံးဆီဘယ်ကရ
လောင်စာဆီတစ်ဖြစ်လဲ စက်သုံးဆီကို ဘယ်ကရလဲဆိုရင်တော့ မြေကြီးထဲက ရတယ်လို့သာ ဖြေရပါလိမ့်မယ်။ ဟုတ်ပါ တယ်။ မြေကြီးထဲကထုတ်ယူရရှိတဲ့ ရေနံစိမ်းကို အဆင့်ဆင့်ကျိုချက်ပြီးမှသာ စက်သုံး ဆီလို့ခေါ်တဲ့ ရေနံထုတ်ကုန်ကို ရရှိတာမို့လို့ပါ။ ဒါကြောင့် စက်သုံးဆီကိုမြေကြီးထဲက ရတယ်လို့ ပြောရခြင်း ဖြစ်ပါတယ်။
ကျွန်တော်တို့ကမ္ဘာမြေကြီးဟာ အင်မတန် မှကြီးမားလွန်းတယ်လို့ ယူဆထားမှုနဲ့အတူ မြေကြီးထဲမှာလည်း ရေနံစိမ်းတွေအများ ကြီးရှိလိမ့်မယ်လို့ တွေးထင်ထားမှာ အမှန်ပါပဲ။ အဲဒီထင်မြင်ယူဆချက်ဟာ မှန်ပါတယ်။ မြေကြီးထဲကနေ ရေနံစိမ်းတွေ အများကြီး ထုတ်ယူရရှိနိုင်ပါတယ်။ ဒါပေမဲ့ ဒါဟာ နှစ်သန်းပေါင်းများစွာ ကြာမှသာ ပြန်ပြည့်နိုင်မယ့် အရာတွေဖြစ်တာကြောင့် ထာဝရ ထုတ်ယူနိုင်နေမယ်လို့တော့ မဆိုလိုပါဘူး။
ဒါကြောင့် ကမ္ဘာ့ရေနံထုတ်လုပ်သူတွေဟာ မြေကြီးထဲကရေနံစိမ်းကို အတိုင်းအဆမဲ့ ထုတ်ယူလို့မရပါဘူး။ အတိုင်းအဆနဲ့သာ ထုတ်ယူရပါတယ်။ ဒီလို အတိုင်းအဆနဲ့ ထုတ်ယူရတဲ့ တခြားအကြောင်းရင်းတွေ လည်း အများကြီးရှိပါသေးတယ်။
ထွက်ရှိတဲ့စက်သုံးဆီက သုံးဖို့လောက်ငရဲ့လား
ရေနံထုတ်လုပ်သူတွေက မြေကြီးထဲက နေထုတ်ယူရရှိတဲ့ရေနံစိမ်းကို ရေနံချက်စက်ရုံတွေဆီပို့ပြီး နည်းလမ်း အမျိုးမျိုးနဲ့ ကျိုချက်ရပါတယ်။ အဲဒီကနေမှ ကျွန်တော်တို့ ယနေ့အသုံးပြုနေတဲ့ ဓာတ်ဆီ၊ ဒီဇယ်ဆီ၊ မီးထိုးဆီ၊ ချောဆီ အစရှိတဲ့ လောင်စာအမျိုးမျိုးကိုရရှိတာပါ။ ဒီလိုထွက်ရှိလာတဲ့ စက်သုံးဆီဟာ ယနေ့ကမ္ဘာကြီးအတွက် လောက်ငမှုရှိလားလို့ မေးရင်တော့ လောက်ငမှုမရှိဘူးလို့သာ ဆိုရပါလိမ့်မယ်။
နည်းပညာဖွံ့ဖြိုးတိုးတက်ပါတယ်။ ရေနံပမာဏ အများအပြား ထွက်ရှိပါတယ်ဆိုတဲ့ နိုင်ငံကြီးတွေတောင်မှ ကမ္ဘာ့ရေနံတင်ပို့ရောင်းချတဲ့ နိုင်ငံကြီးတွေကနေတစ်ဆင့် တင်သွင်းပြီး ဝယ်သုံးနေရတာပါ။ ဒီလို တင်သွင်း အသုံးပြုနေရတဲ့ နိုင်ငံတွေထဲမှာ ကျွန်တော်တို့ မြန်မာနိုင်ငံသည်လည်း တစ်နိုင်ငံအပါအဝင်ဖြစ်ပါတယ်။ ရေနံ တင်ပို့ရောင်းချတဲ့ နိုင်ငံတွေက သူတို့ဆီက ထွက်တဲ့လောင်စာဆီတွေကို ကုန်းလမ်းကနေဆိုရင် ပိုက်လိုင်းကြီး တွေကနေ တစ်ဆင့်သော်လည်းကောင်း၊ ရေလမ်းက နေဆိုရင် ဆီတင်သင်္ဘောကြီးတွေနဲ့ သော်လည်းကောင်း တင်ပို့ရောင်းချတာဖြစ်ပါတယ်။ အဲဒီအတွက် ကုန်ကျစရိတ်ဆိုတာ ရှိပါတယ်။ ဒီကုန်ကျစရိတ်ကို ကျခံရသူတွေကတော့ စက်သုံးဆီကိုနောက်ဆုံး အသုံးပြုသူတွေပါပဲ။ ဒီတော့ စက်သုံးဆီဈေးနှုန်းသည် အမြဲတမ်း တစ်သမတ်တည်း မရှိနိုင်ပါဘူး။ ဝယ်လိုအားနဲ့ ရောင်းလိုအားတို့ရဲ့ သဘောတရားအတိုင်းပဲ စက်သုံးဆီ ဈေးနှုန်းသည်လည်း အတက်အကျဆိုတာရှိပါတယ်။
ကမ္ဘာ့စက်သုံးဆီဈေးနှုန်းဘယ်လောက်လဲ
ကျွန်တော်တို့မြန်မာနိုင်ငံဟာ တံခါးဖွင့် စီးပွားရေးစနစ်ကို ကျင့်သုံးနေတဲ့နိုင်ငံပါ။ ဒီအတွက် ကမ္ဘာ့စက်သုံးဆီ ဈေးနှုန်းအခြေအနေက မြန်မာနိုင်ငံမှာရှိတဲ့ စက်သုံးဆီ အသုံးပြုသူတွေအပေါ် သက်ရောက်မှုတွေ များစွာရှိနိုင်ပါတယ်။ လက်ရှိကမ္ဘာမှာ စက်သုံးဆီဈေးနှုန်းတွေ မြင့်တက်နေတယ် ဆိုတာကို သတင်းအချက်အလက်နဲ့ နည်းပညာခေတ်ဖြစ်တဲ့ ဒီနေ့လိုခေတ်ကြီးမှာ လူတိုင်းနီးပါးသိရှိကြမှာပါ။ ဒီကနေ့ အတွက် ကမ္ဘာ့ရေနံစိမ်း ဈေးနှုန်းသည် အတက်ဘက်ကိုသာ ဦးတည်နေတာဖြစ်ပါ တယ်။ ကမ္ဘာ့ရေနံစိမ်း ဈေးနှုန်းတွေကို အချိန်နဲ့တစ်ပြေးညီ ဖော်ပြပေးနေတဲ့ Oil Price ဝက်ဆိုက်မှာဖော်ပြထားချက်အရ WTI ရေနံစိမ်းက တစ်စည်ကို ၁၂၄ ဒသမ ၇ ဒေါ်လာအထိ ပေါက်ဈေးရှိပါတယ်။
မြနညအ ရေနံစိမ်းကတော့ တစ်စည်ကို ၁၂၉ ဒသမ ၁ ဒေါ်လာပါ။ ဒီဈေးနှုန်းတွေက ၂၀၂၂ ခုနှစ် မတ် ၉ ရက် မြန်မာစံတော်ချိန် မွန်းလွဲ ၂ နာရီခွဲမှာဖြစ်ပေါ်နေတဲ့ ဈေးနှုန်း တွေဖြစ်ပါတယ်။
ယနေ့စက်သုံးဆီ အသုံးပြုသူအများစုက ပြည်တွင်းမှာ ဆီဈေးတွေတက်တယ်လို့သာ တတွင်တွင် အော်နေပေမယ့် ကမ္ဘာ့စက်သုံးဆီဈေးတွေ တက်နေတာကိုတော့ တချို့ကလျစ်လျူရှုထားကြပါတယ်။ မြန်မာ နိုင်ငံမှာလည်း စက်သုံးဆီတွေကို အဖိုးနှုန်း နည်းနည်းနဲ့ ဝယ်ယူနိုင်ခဲ့တဲ့အချိန်တွေ ရှိဖူးပါတယ်။ အဲဒီအချိန်တွေတုန်းက ကမ္ဘာ့ရေနံစိမ်း ဈေးနှုန်းဟာလည်း အခုဈေးနဲ့ နှိုင်းယှဉ်ရင် လွန်စွာမှနည်းပါးတာကိုတွေ့ ရမှာပါ။ ဥပမာအားဖြင့် ၂၀၁၅ ခုနှစ် မတ် ၉ ရက်တုန်းက ကမ္ဘာ့ရေနံစိမ်းဈေးနှုန်းဟာ တစ်စည်ကို ဒေါ်လာ ၅၀ သာရှိပါတယ်။ ကိုဗစ်-၁၉ ကပ်ရောဂါတွေဖြစ်လို့ စီးပွားရေး လုပ်ငန်းတွေလည်ပတ်မှု ရပ်တန့်နေချိန်ဖြစ်တဲ့ ၂၀၂၀ ပြည့်နှစ်တုန်းကကျတော့ ဝယ်လိုအားနည်းလို့ ဧပြီ ၂၇ ရက်မှာ ရေနံစိမ်း တစ်စည်ကို ၁၂ ဒသမ ၇၈ ဒေါ်လာသာ ရှိတာကိုတွေ့ရမှာပါ။
မြန်မာနဲ့ နိုင်ငံတကာ စက်သုံးဆီဈေးနှုန်းကွာဟချက်
အဲဒီအချိန်တုန်းက မြန်မာနိုင်ငံရဲ့ စက်သုံးဆီဈေးဟာ တစ်လီတာ ကျပ် ၄၀၀၊ ၅၀၀ ဝန်းကျင်မှာသာရှိပေမယ့် ကမ္ဘာ့ရေနံစိမ်း တစ်စည်ကို ဒေါ်လာ ၁၃၀ နီးနီး ဖြစ်လာတဲ့ အခုလိုအချိန်မှာ မြန်မာနိုင်ငံအတွင်း စက်သုံးဆီဈေးနှုန်း တက်တယ်ဆိုတာက သာမန်ဖြစ်ရိုးဖြစ်စဉ်မျှသာ ဖြစ်တယ်လို့ ဆိုရပါလိမ့်မယ်။ ဒါပေမဲ့ အခြေခံလူတန်းစား အများစုရှိတဲ့ မြန်မာနိုင်ငံအတွက်ကတော့ အကျပ်အတည်း ဖြစ်နေနိုင်ပါတယ်။ ဒါဆိုရင် ဝင်ငွေမြင့်မားတဲ့ အမေရိကန်လိုနိုင်ငံမှာရော အခက်အခဲမဖြစ်တော့ဘူးလားလို့ မေးလာစရာရှိပါတယ်။
ဒီနံနက်မှာပဲ နိုင်ငံတကာသတင်းမှာ သတင်းတစ်ပုဒ်တက်လာပါတယ်။ အဲဒါ ကတော့ အမေရိကန်အစိုးရက ရုရှားနိုင်ငံ မှရေနံတင်သွင်းမှုကို ပိတ်လိုက်တဲ့အတွက် ပြည်တွင်းစက်သုံးဆီဈေးနှုန်း ၇ ရာခိုင်နှုန်း အထိ မြင့်တက်သွားတယ်ဆိုတဲ့သတင်းပါ။ ဒါကြောင့် ဓာတ်ဆီတစ်ဂါလန်ကို ၄ ဒသမ ၇၁ ဒေါ်လာဖြစ်လာပါပြီ။ မြန်မာနိုင်ငံ ဗဟိုဘဏ်ရဲ့ ရည်ညွှန်းငွေလဲနှုန်းဖြစ်တဲ့ အမေရိကန်တစ်ဒေါ်လာကို ၁၇၇၈ ကျပ် နှုန်းနဲ့တွက်မယ်ဆိုရင် သူတို့ဆီမှာဓာတ်ဆီ တစ်ဂါလန်ကို မြန်မာငွေ ၈၄၀၀ လောက်ဖြစ် သွားပါပြီ။ ရှေ့လျှောက်လည်း ဓာတ်ဆီဈေး တွေတက်ဖို့ရှိပါသေးတယ်။ ဒါတောင်မှ အမေရိကန်ဆိုတာ ပြည်တွင်းကနေ ရေနံစိမ်းထွက်ရှိပြီး ရေနံထုတ်ကုန်တွေကို ထုတ်လုပ်သုံးစွဲနိုင်နေတဲ့ နိုင်ငံဖြစ်သလို ပြည်ပကနေ တင်သွင်းမှုကို အတတ်နိုင်ဆုံးလျှော့ချဖို့ လုပ်နေတဲ့နိုင်ငံဖြစ်ပါတယ်။
အခုဆက်လက်ပြီး ကျွန်တော်တို့ အိမ်နီးချင်းနိုင်ငံတွေ အထူးသဖြင့် အာဆီယံ အဖွဲ့ဝင်နိုင်ငံတွေမှာလည်း စက်သုံးဆီ ဈေးနှုန်းက ဘယ်လောက်အထိဖြစ်နေပြီလဲဆိုတာကို နှိုင်းယှဉ်လေ့လာ ကြည့်ပါဦးမယ်။ အာဆီယံဒေသရဲ့ စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုအရှိဆုံး စင်ကာပူနိုင်ငံမှာဆိုရင် ပြီးခဲ့တဲ့လက ဓာတ်ဆီ တစ်လီတာကို စင်ကာပူဒေါ်လာ ၂ ဒေါ်လာခန့်သာရှိရာမှ အခုဆိုရင် ၃ ဒေါ်လာကျော်လာပါပြီ။
မြန်မာငွေနဲ့တွက်မယ် ဆိုရင်တော့ ကျပ် ၃၉၀၀ ကျော်ရှိပါတယ်။ အလားတူ အာဆီယံရဲ့ ဒုတိယမြောက်စီးပွားရေး အင်အားကြီး ထိုင်းနိုင်ငံမှာဆိုရင် ဓာတ်ဆီတစ်လီတာကို ၄၁ ဘတ် ကျော်လာပါပြီ။
မြန်မာငွေနဲ့တွက်ရင်တော့ ၂၂၀၀ ကျော် ရှိပါတယ်။ ဒါ့အပြင် အင်ဒိုနီးရှားနိုင်ငံမှာဆိုရင် ဓာတ်ဆီတစ်လီတာကို ၁၂၈၉၂ ရူပီးယားအထိရှိပါတယ်။ ဒီဈေးနှုန်းတွေကို မြန်မာနိုင်ငံအတွင်းရှိ ဓာတ်ဆီတစ်လီတာဈေးနှုန်း ၂၁၀၀ ဝန်းကျင်နဲ့နှိုင်းယှဉ်ကြည့်နိုင်ပါတယ်။
ကမ္ဘာ့နိုင်ငံရေးနဲ့ စက်သုံးဆီ ဈေးနှုန်းနောက်တစ်ချက်က ကမ္ဘာ့နိုင်ငံရေးအခြေ အနေပါ။ ယနေ့ ဥရောပ အရှေ့ပိုင်းမှာ စစ်ဖြစ်နေပါတယ်။ အတိအလင်းပြောရရင် ရုရှားနဲ့ယူကရိန်းတို့ကြားက ကျည်ဆန် တွေအသုံးပြုတဲ့ စစ်ဖြစ်နေသလို အမေရိကန် ဦးဆောင်တဲ့ အနောက်အုပ်စုဝင်နိုင်ငံများ နဲ့ ရုရှားတို့ကြားမှာတော့ စီးပွားရေး၊ နိုင်ငံ ရေး၊ ငွေကြေး အစရှိတဲ့ နယ်ပယ်ပေါင်းစုံ ကနေ စစ်ပွဲတွေဆင်နွှဲနေကြပါတယ်။
ရုရှားနဲ့ယူကရိန်းတို့ကြား တရားဝင်စစ်ဖြစ်တာက ဖေဖော်ဝါရီ ၂၄ ရက်မှာပါ။ အဲဒီမတိုင်ခင် ဒီဇင်ဘာလကုန်နဲ့ ဇန်နဝါရီ လဆန်းပိုင်းတုန်းက ရေနံစိမ်းတစ်စည်ကို ၇၇ ဒေါ်လာနှုန်းသာရှိပါတယ်။ ဒါပေမဲ့ အခုတော့ ရေနံစိမ်းတစ်စည်ကို ဒေါ်လာ ၁၃၀ နားကပ်လာပါပြီ။ ဆိုရရင် အင်အား ကြီးနိုင်ငံတွေကြား ပဋိပက္ခမဖြစ်ခင်နဲ့ ပဋိပက္ခဖြစ်နေစဉ်ကြား ကမ္ဘာ့ရေနံစိမ်း ဈေးနှုန်းကွာဟချက်က နှစ်ဆနီးပါးရှိပါတယ်။
ကျွန်တော်တို့ပြည်တွင်းမှာ စက်သုံးဆီဈေးနှုန်းမြင့်တက်ပြီဆိုရင် အခုလိုမျိုး ကမ္ဘာ့နိုင်ငံရေးမှာ ဘာတွေဖြစ်နေပြီလဲ ဆိုတာကို လေ့လာသုံးသပ်ဖို့လည်း လိုပါသေးတယ်။
အခက်အခဲကိုကျော်လွှားမယ်
ဒီနေရာမှာ ထောက်ပြစရာတစ်ခုရှိတာ က မြန်မာနိုင်ငံသည် အာဆီယံအဖွဲ့ဝင်နိုင်ငံတွေထဲမှာ စင်ကာပူ၊ ထိုင်း၊ အင်ဒိုနီးရှားတို့ လောက် စီးပွားရေးပြေလည်မှုမရှိခြင်းပါပဲ။
ဒီလိုစီးပွားရေး ပြေလည်မှုမရှိတဲ့အတွက် အခုလို ကမ္ဘာ့အခြေအနေအရပ်ရပ်ကြောင့် မြင့်တက်လာတဲ့ စက်သုံးဆီသည် အသုံးပြု သူသာမန်လူတန်းစားများအတွက်တော့ အခက်အခဲတစ်ခုဖြစ်နေပါလိမ့်မယ်။ ဒီတော့ အဲဒီအခက်အခဲကို ဘယ်လိုကျော်လွှားကြ မလဲ။
အကောင်းဆုံးသောဖြေရှင်းနည်းကတော့ စက်သုံးဆီအသုံးပြုမှုကို တတ်နိုင်သမျှ လျှော့ချခြင်းပါပဲ။ ဥပမာ လူနှစ်ယောက်ကို ကားတစ်စီးနှုန်းနဲ့ လူ ၁၀ ယောက်က ကားတစ်စီးလျှင် စက်သုံးဆီ ၁၀ လီတာကုန်မယ့် ခရီးတစ်ခုကို သွားမယ်ဆိုရင်ကား ငါးစီးဖြစ်တဲ့အတွက် စက်သုံးဆီလီတာ ၅၀ ကုန်ကျပါလိမ့်မယ်။ ဒါပေမဲ့ အဲဒီလူ ၁၀ ယောက်ကပဲ အများသုံးသယ်ယူပို့ဆောင် ရေးစနစ်နဲ့သွားမယ်ဆိုရင် စက်သုံးဆီလီတာ ၅၀ အစား ၁၀ လီတာသာကုန်မှာပါ။ ဒါဆိုရင်အလိုလိုနေရင်း စက်သုံးဆီ လီတာ ၄၀ ကို ချွေတာပြီးသား ဖြစ်သွားပါလိမ့်မယ်။
ဒီလိုချွေတာနိုင်တာနဲ့အမျှ ပြည်တွင်း စက်သုံးဆီအသုံးပြုမှုကို လျှော့ချနိုင်မှာ ဖြစ်သလို ပြည်ပမှ တင်သွင်းရမှုကိုလည်း လျှော့ချနိုင်မှာဖြစ်တဲ့အတွက် မလိုအပ်ဘဲ နိုင်ငံခြားငွေကြေး အသုံးပြုရမှုကိုလည်း လျှော့ချနိုင်ကာ တိုင်းပြည်စီးပွားရေး တိုးတက်မှုမှာ တစ်ဖက်တစ်လမ်းကနေ အထောက် အကူပြုနိုင်ပါလိမ့်မယ်။
နောက်တစ်ချက်က ရုပ်ကြွင်းလောင်စာ အသုံးပြုမှုလျော့နည်း သွားတဲ့အတွက်လည်း သဘာဝပတ်ဝန်းကျင် ညစ်ညမ်းမှုကို လျှော့ချနိုင်မှာဖြစ်သလို ရာသီဥတုပြောင်းလဲမှု ကိုလည်း အလိုလို ထိန်းချုပ်ပြီးသား ဖြစ်သွားမှာပါ။ ဒါကြောင့် ပြောရရင် လူတစ်ဦးချင်း အနေနဲ့ စက်သုံးဆီအသုံးပြုမှုကို လျှော့ချလိုက်မယ်ဆိုရင် ရရှိလာမယ့်နောက်ဆက် တွဲကောင်းကျိုးတွေက လွန်စွာမှများပြားတာကို မျက်မြင်ထင်ရှားတွေ့ရပါလိမ့်မယ်။
နိုင်ငံ့ခေါင်းဆောင်တစ်ဦးရဲ့အမြော်အမြင်
ဒါနဲ့ပတ်သက်ပြီး နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီရဲ့ (၁)နှစ်ပြည့် နိုင်ငံတော်တာဝန် ထမ်းဆောင်မှုနဲ့ ပတ်သက်လို့ မိန့်ခွန်းပြောရာမှာ အခုလိုပဲ ထည့်သွင်း ပြောကြားခဲ့တာကို တွေ့ရပါတယ်။
အလားတူ စက်သုံးဆီသုံးစွဲမှုကို အသိပေးလိုပါတယ်။ ကျွန်တော်တို့ နိုင်ငံမှာ မော်တော်ကားမျိုးစုံ ၁ သန်းကျော်ခန့်နဲ့ ဆိုင်ကယ်က ၆ သန်းကျော်ခန့်ရှိပါတယ်။ ၂၀၂၁ ခုနှစ်မှာ စက်သုံးဆီတင်သွင်းခဲ့မှု ဟာ တန်ချိန် ၄ ဒသမ ၁၂ သန်းကျော် တန်ဖိုးအမေရိကန်ဒေါ်လာ ၂၄၉၆ ဒသမ ၆၅၂ သန်းရှိခဲ့ပါတယ်။ ဒီလိုဖြစ်ရခြင်းဟာ ကျွန်တော်တို့နိုင်ငံမှာ အများသုံးသယ်ယူ ပို့ဆောင်ရေးစနစ် (Public Transportation) အားနည်းလို့ ပြည်သူတွေဟာ ကိုယ်ပိုင် ယာဉ်နဲ့သာ အားကိုးသွားလာကြရပါတယ်။ အများသုံး သယ်ယူပို့ဆောင်ရေး စနစ်ဖြစ်တဲ့ ရထား၊ ဘတ်စကား၊ သင်္ဘောရေယာဉ်များ ရဲ့ ဝန်ဆောင်မှုကို မြှင့်တင်ခြင်း၊ တစ်ဦး ချင်းစက်သုံးဆီ သုံးစွဲမှုကို ချွေတာခြင်း ဆောင်ရွက်ပြီး ဒီကိစ္စကိုဖြေရှင်းရမှာဖြစ်ပါ တယ်။ ကျွန်တော်တို့အစိုးရအနေနဲ့ အများ သုံးသယ်ယူ ပို့ဆောင်ရေးစနစ်ဖြစ်တဲ့ ရထားပို့ဆောင်ရေးစနစ်၊ ဘတ်စကားယာဉ်တွေ နဲ့ပို့ဆောင်ရေးစနစ်၊ သင်္ဘောရေယာဉ်တွေနဲ့ ပို့ဆောင်ရေးစနစ်တို့ကို ဝန်ဆောင်မှု မြှင့်တင်နိုင်ရေး ဆောင်ရွက်လျက်ရှိပါတယ်။ တိုင်းရင်းသားပြည်သူလူထု အနေနဲ့လည်း ကိုယ်တိုင်စက်သုံးဆီသုံးစွဲမှုကို ချင့်ချိန်ချွေတာသုံးစွဲခြင်းဖြင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးမှာ ဝိုင်းဝန်းကူညီကြဖို့ တိုက်တွန်းလိုပါ တယ်။ ဥပမာ-ဆိုင်ကယ် ၆ သန်းဟာ တစ် ရက်ကိုဆီသုံးစွဲမှု နို့ဆီဘူးတစ်ဝက်ခန့်လျှော့ချနိုင်ရင် တစ်ရက်ကိုဂါလန် ၁၂၅၀၀၀ သက်သာမှာဖြစ်သလို ကားတစ်စီးဟာ တစ်ရက်ကိုသုံးစွဲမှု ဆီပုလင်းတစ်ဝက် လျှော့ချနိုင်ရင် တစ်ရက်ကိုဂါလန် ၁၂၅၀၀၀ လျှော့ချနိုင်မှာဖြစ်ပါတယ်။ တန်ဖိုးအားဖြင့် တစ်ဂါလန် ၆၀၀၀ ကျပ်ပျမ်းမျှဈေးနဲ့ တွက်ကြည့်ရင် တစ်ရက်ကိုငွေကျပ် ၁ ဒသမ ၅ ဘီလီယံထိ လျှော့ချနိုင်မှာဖြစ်ပါတယ်။ ဒီလိုဖြစ်လာဖို့ ပူးပေါင်းဆောင်ရွက်မှုလို ပါတယ်။ ပူးပေါင်း ဆောင်ရွက်ကြဖို့လည်း နှိုးဆော်လိုပါတယ်။ ဒါမှ ကျွန်တော်တို့ နိုင်ငံဖွံ့ဖြိုးတိုးတက်လာမှာ ဖြစ်ပါတယ်။
နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ မိန့်ခွန်းကောက်နုတ် ချက်ကိုကြည့်ရင် အများသုံး သယ်ယူပို့ ဆောင်ရေးစနစ်ကို တွင်တွင်ကျယ်ကျယ် အသုံးပြုခြင်းအားဖြင့် စက်သုံးဆီအသုံးပြု ရမှုကို လျှော့ချနိုင်မယ်ဆိုတာ တွေ့ရပါတယ်။ ဒါ့အပြင် ကျွန်တော်တို့ လူတစ်ဦးတိုင်း တစ်ယောက်စီတိုင်းက မိမိတို့နေ့စဉ် သုံးစွဲနေတဲ့ စက်သုံးဆီပမာဏကို ဆိုင်ကယ်ဆိုရင် နို့ဆီဘူးတစ်ဝက်ခန့်၊ ကားဆိုရင် ပုလင်းတစ်ဝက်ခန့် လျှော့ချလိုက်ရုံနဲ့ တိုင်းပြည်ဖွံ့ဖြိုး တိုးတက်ရေးမှာ ဘယ်လောက်အထိ ကူညီ ထောက်ပံ့ပေးရာ ရောက်တယ်ဆိုတာကို အထင်းသား မြင်တွေ့နိုင်ပါတယ်။
ဒါကြောင့် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်လာ တာနဲ့အမျှ ရေမြင့်ရင်ကြာတင့်တယ်ဆိုတဲ့ စကားပုံအတိုင်း ဒီတိုင်းပြည်မှာ နေထိုင်ကြတဲ့ ပြည်သူတွေရဲ့ဘဝကလည်း တိုးတက်မြင့်မားလာဖို့သာရှိပါတယ်။ ဒီလိုဘဝတွေ တိုးတက်မြင့်မားဖို့အတွက် ဆိုရာမှာလည်း ပြည်သူတစ်ဦးတစ်ယောက်ချင်းစီက တစ်တပ်တစ်အား ပါဝင်ပေးနိုင်မှသာ ဖြစ်နိုင်ပါ လိမ့်မယ်။ ဒီအတွက် မိမိတို့ရဲ့ တစ်နေ့တာ စက်သုံးဆီအသုံးပြုမှုကို လျှော့ချပေးရုံမျှနဲ့ တိုင်းပြည်နဲ့လူမျိုးအကျိုးကို အုတ်တစ်ချပ် သဲတစ်ပွင့်အဖြစ် ပါဝင်အားဖြည့်ထမ်း ဆောင်နိုင်မှာ ဖြစ်ကြောင်း စေတနာအရင်းခံကာ ရေးသားတင်ပြလိုက်ရပါတယ်။ ။
ထက်မြက်