မိတ်ဟောင်းဆွေကောင်းဖွဲနုဆီအကြောင်း

စပါးခွံနှင့်ဖွဲနုတို့မှ တန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ်နိုင်ရေး ဆောင်ရွက်မည်ဟူသော သတင်းဆောင်းပါး တစ်ပုဒ်ကို မတ်လ ၇ ရက်နေ့သတင်းစာများတွင် ဖတ်လိုက်ရသည်။

ဆန်စပါးကြိတ်ခွဲသန့်စင် ထုတ်လုပ်သည့် ဆန်စက်များ၏ ဘေးထွက်ပစ္စည်း၊ စွန့်ပစ်ပစ္စည်းများဖြစ်သော စပါးခွံနှင့်ဖွဲနုတို့မှ တန်ဖိုးမြင့်ထွက်ကုန်များ ထုတ်လုပ်နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း မြန်မာနိုင်ငံဆန်စပါး အသင်းချုပ်မှ သိရကြောင်း သတင်းတွင်ဖော်ပြထားသည်။ စာရေးသူစိတ်ဝင်စားသည်က ဖွဲနုဖြစ်သည်။ ဖွဲနု၏တန်ဖိုးမြှင့် ထုတ်ကုန်သည် ဖွဲနုဆီဖြစ်ပေမည်။ ဖွဲနုဆီသည် ယနေ့ကာလတွင် လူသိနည်းပါးမည်ဟု ထင်မိသော်လည်း မြန်မာနိုင်ငံတွင်ဖွဲနုဆီ ပေါ်ပေါက်လာသည့် သက်တမ်းမှာ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ် ပါတီခေတ်ကပင်ဖြစ်သည်။

ထိုအချိန်ကတည်းက ဖွဲနုဆီကို အသက်အရွယ်ကြီးရင့်သူများကြိုက်နှစ်သက်ခဲ့သည်။

ထိုစဉ်ကထုတ်လုပ်မှု နည်းပါးခြင်းနှင့် ဖွဲနုဆီ၏ အနံ့ကို ပိုမိုပျော့ပျောင်းအောင်မလုပ်ဆောင်နိုင်ခြင်းတို့ကြောင့် ဖွဲနုဆီကိုလူသိနည်းခဲ့သည်။ မကွေးတိုင်းမှ ထွက်ရှိသောမြေပဲဆီကို လူအများကြိုက် နှစ်သက်သည့်အတွက်လည်း ဖွဲနုဆီ၏တန်ဖိုးကို လူသိနည်းပါးခဲ့ခြင်းဖြစ်သည်။ ထို့ပြင် ၁၉၈၈ ခုနှစ်အရေးအခင်းတွင် မသမာသူ အဖျက်သမားတို့က အစိုးရစက်ရုံ၊  အလုပ်ရုံများကို အကြောင်းမဲ့ ဖျက်ဆီးခဲ့သည့် အတွက်လည်း ဖွဲနုဆီထုတ်လုပ်မှု လျော့နည်းခဲ့ရသည်။ ယခုအခါ တန်ဖိုးမြှင့်ထုတ်ကုန်ထုတ်လုပ်မှု လုပ်ငန်းများကို    အလေးထားလာခြင်းမှာ နိုင်ငံတော်၏ စားသုံးဆီကဏ္ဍ၊ ပြန်လည်ပြည့်ဖြိုးမြဲ လျှပ်စစ်စွမ်းအင် ထုတ်လုပ်မှုကဏ္ဍ၊ မွေးမြူရေးအစာထုတ်လုပ်မှုကဏ္ဍတို့တွင် အကျိုးပြုစေရန်ဖြစ်ကြောင်း သိရှိရသည်။

ခေတ်မီတိုးတက်လာသောနည်းပညာ များနှင့်အတူ ဖွဲနုဆီ၏အခန်းကဏ္ဍသည်လည်း မြင့်တက်လာခဲ့ပြီဖြစ်သည်။ ဖွဲနုဆီထုတ်လုပ်မှုသည်လည်း အဆင့်မြင့်လာခဲ့ပြီဖြစ်သည်။

စီးပွားရေးဈေးကွက်၊ ကြော်ငြာတစ်ခုတွင် ဖွဲနုဆီနှင့်ပတ်သက်၍ အဆင့်မြင့်ဖွဲနုဆီကို စွဲစွဲမြဲမြဲသုံးစွဲပါက ကျန်းမာရေးအတွက်ဆို ဘာဆေးမှမလိုအောင် ပြီးပြည့်စုံပါတယ်လို့ အဆိုရှိပါတယ်ခင်ဗျာ။ ဟိုးယခင်က မြန်မာပြည်မှာထုတ်လုပ်ခဲ့တာလည်း  ဖွဲနုဆီပါပဲခင်ဗျ။     ဒါပေမဲ့   ယခင်ထုတ်လုပ်ခဲ့သည့် နည်းပညာအရအနံ့နဲ့ အရောင်ရှိတာကြောင့် လူကြိုက်မများခဲ့တာပါ။ ကျန်းမာရေးဆီအဖြစ် သုံးစွဲခဲ့ကြပါသေးသည်။ ယခုအခါမှာတော့ ဘယ်လ်ဂျီယံနိုင်ငံနှင့် ဂျာမနီနိုင်ငံတွေမှာ သုတေသနပြုပြီးရရှိလာတဲ့ နည်းပညာအသစ်တွေနဲ့ ထုတ်လုပ်နိုင်ပြီ ဖြစ်လို့   အနံ့လည်း ကောင်းလှပါတယ်။ အရောင်လည်း ဝင်းနေပါတယ်။ ထိုင်းနိုင်ငံက  ဆန်မွှေးဖြစ်တဲ့ Jasmine Riceရဲ့ ဖွဲနုစစ်စစ် ၁၀၀ ရာခိုင်နှုန်းမှထုတ်ယူထားလို့ ရနံ့မွှေးသင်းနေပါတယ် ဟူ၍ဖော်ပြထားသည်။

အဆိုပါ အချက်အလက်များကိုကြည့်ခြင်းအားဖြင့် ဖွဲနုဆီ၏ အခန်းကဏ္ဍမြင့်မားနေသည်ကို သိရှိနိုင်ပါသည်။ မြန်မာနိုင်ငံတွင် လိုအပ်နေသည်မှာ အဆင့်မြင့်နည်းပညာဖြစ်သည်။ ဆန်အကောင်းစားထုတ်လုပ်နိုင်ဖို့ လိုအပ်နေသလို ထိုဆန်မှ အဆင့်မြင့်ဖွဲနုဆီထုတ်လုပ်နိုင်ရမည်ဖြစ်သည်။ စပါးခွံနှင့်ဖွဲနုတို့မှ တန်ဖိုးမြှင့် ထုတ်ကုန်များ ထုတ်လုပ်နိုင်ရေး ဆောင်ရွက်မည် သတင်းတွင် စပါးခွံမှ လျှပ်စစ်ထုတ်သည့်  ပြန်လည်ပြည့်ဖြိုးမြဲ လျှပ်စစ်စွမ်းအင်စက်ရုံ၊ ဖွဲနုမှဆီကြမ်းထုတ်လုပ်ရေးစက်ရုံ၊ ဖွဲနုဆီချောသန့်စင်စက်ရုံများကို အကောင်အထည် ဖော် ဆောင်ရွက်သွားမည် ဖြစ်၍ အသင်းဝင်ကုမ္ပဏီများ၊ ဆန်စက်လုပ်ငန်းရှင်များ အနေဖြင့် တစ်ဖွဲ့တည်း ဖြစ်စေ၊ စုပေါင်း၍ဖြစ်စေ ရင်းနှီးမြှုပ်နှံနိုင်ကြောင်းနှင့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် သုတေသနနှင့်   ဖွံ့ဖြိုးရေးကော်မတီသို့ ဆက်သွယ်ဆောင်ရွက်နိုင်ကြောင်း ဖော်ပြပါရှိသည်။

အဆင့်မြင့်ဖွဲနုဆီ ထုတ်လုပ်နိုင်ရေးအတွက် သတင်းကောင်းတစ်ရပ်ဖြစ်သည်။ မိမိနိုင်ငံအတွင်း စားသုံးဆီများ ပိုမိုထုတ်လုပ်နိုင်လေလေ ပြည်ပမှမှာယူတင်သွင်းရမှု နည်းလေလေ ဖြစ်ပါမည်။ နောက်ဆုံးတွင် လုံးဝတင်သွင်းရန်မလိုသည့်အခြေအနေသို့ ရောက်ရှိသွားမည် ဖြစ်သည်။     ဆန်စပါးတန်ဖိုးကွင်း ဆက်ရေရှည် ဖွံ့ဖြိုးတိုးတက်စေရေးအတွက် သုတေသနနှင့်ဖွံ့ဖြိုးရေး လုပ်ငန်းများ၊ ဆန်ကြိတ်ခွဲမှု ဆန်စက်လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအပြင်   ပေါင်းဆန်စက်များ ပြန်လည်တိုးချဲ့ဆောင်ရွက်နိုင်ရေး၊ အခြောက်ခံစက်များ တိုးမြှင့်သုံးစွဲ နိုင်ရေး၊ တန်းမြင့်ဆန်ထုတ်လုပ်ရေးစက်များ၊ အားဖြည့်ဆန်ထုတ်လုပ်ရေး စသော လုပ်ငန်းများကို ပြည်တွင်းပြည်ပဖွံ့ဖြိုးရေး မိတ်ဖက်များနှင့် ပူးပေါင်းဆောင်ရွက်နေကြောင်း သိရှိရသည့်အတွက် လွန်စွာဝမ်းသာ ဖွယ်သတင်းကောင်းဖြစ်ပါသည်။

ဖွဲနုဆီကောင်းကောင်းရရှိရေးမှာတန်းမြင့် ဆန်ထုတ်လုပ်နိုင်ရေးသည် အခြေခံဖြစ်သည်။ ထိုမှတစ်ဆင့် Solvent Extraction and Physical Refining နည်းပညာဖြင့် ဖွဲနုဆီထုတ်လုပ်နိုင်မည် ဖြစ်သည်။ ဖွဲနုဆီများပြားစွာ ထုတ်လုပ်နိုင်ရေးမှာ ဆန်စပါးတစ်ဧကအထွက်နှုန်းတိုးဖို့ လိုအပ်ပါသည်။ အထွက်နှုန်းလည်း တိုးနေမည်။ ဆန်စက်များ၏ ဘေးထွက်နှင့် စွန့်ပစ်ပစ္စည်းများကို တန်ဖိုးမြှင့်ထုတ်လုပ်နိုင်မည် ဆိုပါက ပြည်တွင်းတွင် ထုတ်လုပ်မှုနှင့် အလုပ်အကိုင်အခွင့်အလမ်းများ ပေါများမည် ဖြစ်သည်။ လုပ်ငန်းတစ်ခု အောင်မြင်ရန်မှာ စိတ်ဓာတ်သည်အဓိကဖြစ်ပါသည်။ တကယ်ဖြစ်ချင်တကယ်လုပ် အဟုတ်ဖြစ်ရမယ်ဆို သောစိတ်ဖြင့် တစိုက်မတ်မတ်သုတေသနပြု၊   တီထွင်ဖန်တီးမည်ဆိုလျှင် လုပ်ငန်းအောင်မြင်နေမည်သာ ဖြစ်ပါသည်။

မည်သည့်လုပ်ငန်းကိုမဆို   လုပ်ကိုင်ဆောင်ရွက်မည့်သူ အားလုံး၏  စိတ်တွင် တစ်စိတ်တည်းတူညီစွာ ထားရှိရမည်မှာ နိုင်ငံချစ်စိတ် ဖြစ်သည်။ သူများနိုင်ငံတွေ တိုးတက်နေသလို ငါတို့နိုင်ငံတိုးတက်အောင် ငါတို့ကြိုးစားမယ်ဟူသောစိတ်သည် ထားရှိသင့်သောစိတ် ဖြစ်သည်။ နိုင်ငံချစ်စိတ်သည် နိုင်ငံသားတိုင်း အသက်ရှင်နေသမျှထားရှိမည့်စိတ် ဖြစ်သည်။ လက်ရှိအနေအထားတွင် မြန်မာနိုင်ငံသည် စားအုန်းဆီများကို ပြည်ပမှမှာ ယူတင်သွင်းနေရသည်။ ထိုသို့တင်သွင်းမှု ပပျောက်အောင် ဆီထွက်သီးနှံမှန်သမျှကို စိုက်ပျိုးပြီး  ဆီထွက်နှုန်းမြင့်မားအောင်၊ အရည်အသွေးမီအောင် လုပ်ဆောင်သင့်လှပေသည်။  နေကြာမှဆီထုတ်လုပ်ခြင်း၊ ပြောင်းဖူးမှဆီထုတ်လုပ်ခြင်း၊ မြေပဲ၊ နှမ်းတို့မှ ဆီထုတ်လုပ်ခြင်းတို့အပြင် ယခုအခါမိတ်ဆွေဟောင်းဖြစ်သော  ဖွဲနုမှဆီထုတ်လုပ်ခြင်းတို့ကို  အောင်အောင်မြင်မြင်ဖြစ်အောင်လုပ်ဆောင်ခြင်းဖြင့်     နိုင်ငံချစ်စိတ်ကို ဖော်ထုတ်ပြသကြရပေတော့မည်။

စာရေးသူအနေဖြင့်    ဤဆောင်းပါးခေါင်းစဉ်ကို မိတ်ဟောင်းဆွေကောင်းဖွဲနုဆီ အကြောင်းဟူ၍ အမည်ပေး ထားသည်မှာ ဖွဲနုဆီသည် ဆိုရှယ်လစ်ခေတ်တွင် ပေါ်ပေါက်လာခဲ့ခြင်း၊ စားသုံးသူတိုင်းအတွက် ကျန်းမာရေး အထောက်အကူပြုခြင်းတို့ကြောင့် ဖြစ်သည်။ ယနေ့အချိန်အခါတွင် အဆိုပါဖွဲနုဆီကို အဆင့်မြင့်မြင့် ထုတ်လုပ်ရေး ဆောင်ရွက်နေသည်မှာ စားသုံးဆီဈေးကွက် လိုအပ်ချက်ကို ဖြည့်ပေးခြင်းဖြစ်သည်။ ထို့ကြောင့် ယခင်က သိကျွမ်းပြီးဖြစ်သော ဖွဲနုဆီအကြောင်းကို လေ့လာသိရှိရသလောက်တင်ပြရလျှင် ဆီထုတ်ယူရသော ဖွဲနုမှာ ဆန်ဖြူဖွဲနုဖြစ်သည်။ သူ့တွင်ဆီပါဝင်မှုရာခိုင်နှုန်း ၁၄ မှ ၁၆ ရှိသည်။ လတ်ဆတ်မှုရှိရသည်။ လတ်ဆတ်မှု ဆိုသည်မှာ ဆန်စက်မှထွက်ရှိသော ဖွဲနုကို တစ်ရက်အတွင်း  ဆီထုတ်စက်ရုံသို့ပို့ပေးရသည်။

သို့မှသာဆီအရည်အသွေးကောင်းပြီး ဆီရရှိမှုနှုန်းလည်းမြင့်မားမည်ဖြစ်သည်။

ဖွဲနုတွင်ပါဝင်သော ဆီပမာဏမှာ ၂၅ ရာခိုင်နှုန်းအောက်သာဖြစ်သည့်အတွက် ဆီဖြစ်လာရန် ဓာတုဗေဒနည်းဖြင့် ထုတ်ယူကြသည်။ ဖွဲနုကိုဓာတုဖျော်ရည် တစ်မျိုးမျိုးတွင် စိမ်သောအခါ ဆီများသည် အဆိုပါ ဓာတုဖျော်ရည်အတွင်း ပျော်ဝင်သွားသည်။ ထိုဖျော်ရည်အရောကို အပူပေးခြင်းဖြင့် ဓာတုဖျော်ရည်အား အငွေ့ပြန်စေကာ ဖွဲနုဆီကြမ်းရရှိသည်။ အဆိုပါဆီကြမ်းတွင် အရောင်ဆိုး၊ အနံ့ဆိုး၊ အချဉ်ဓာတ်နှင့်အချွဲဓာတ်တို့ ပါဝင်နေသည့်အတွက် အချဉ်ချွတ်ခြင်း၊ အချွဲချွတ်ခြင်း၊ အရောင်ချွတ်ခြင်း၊ အနံ့ချွတ်ခြင်းနှင့် အအေးခံဖယောင်းချခြင်း တို့ကို ပြုလုပ်ရသည်။   အဆင့်ဆင့် ဆောင်ရွက်ပြီးမှသာ စားသုံးရန်အသင့်ဖြစ်သော ဖွဲနုဆီကိုရရှိခြင်း ဖြစ်ပါသည်။

ဖွဲနုဆီသည် နှလုံးရောဂါရှိသူများအတွက် အလွန်သင့်လျော်သည်။ ဆီးချို-၂ရောဂါကို သက်သာစေနိုင်သည်။ ကမ္ဘာ့ကျန်းမာရေး အဖွဲ့က ဖွဲနုဆီကို ကျန်းမာရေး အထောက်အကူပြု စားသုံးဆီအဖြစ် ထောက်ခံထားပြီး ဖြစ်ပါသည်။ ဖွဲနုဆီတွင် ဓာတ်တိုးဆန့်ကျင်ပစ္စည်းများဖြစ်သော  r-oryzanol နှင့် tocotrienol တို့များစွာ ပါဝင်သောကြောင့် ဆီ၏သက်တမ်းကို ကြာရှည်စေသည့်အပြင် စားသုံးသူတွင်လည်း အရွယ်မတိုင် မီအိုမင်းခြင်းကို တားဆီးပေးခြင်း၊ ကင်ဆာဆဲလ်များကို ခုခံကာကွယ်နိုင်ခြင်း စသည့်ကောင်းကျိုးများ ရရှိစေကြောင်း လေ့လာသိရှိရသည်။

အနှစ်ချုပ်ဆိုရသော် ဖွဲနုဆီဆိုသည်မှာ မြန်မာတို့အတွက် မြေပဲ၊ နှမ်း၊ နေကြာတို့ ကဲ့သို့မိတ်ဆွေဟောင်း (မူလလက်ဟောင်း) ဆီဖြစ်ပါသည်။ နိုင်ငံတော်ကိုချစ်သူတိုင်းက  အဆင့်မြင့်ဖွဲနုဆီ အများအပြား ထုတ်လုပ်နိုင်ပါစေ။ စားသုံးသူများ အနေဖြင့်လည်း နိုင်ငံချစ်စိတ်ဖြင့် ပြည်တွင်းဖြစ်ကို ပိုမိုအားပေးနိုင်ကြပါစေ။ ပြည်ပမှ စားအုန်းဆီတင်သွင်းခြင်းမျိုး တဖြည်းဖြည်း ဝေးကွာပါစေ။ တိုင်းပြည်သာယာဝပြော၍   စားရေရိက္ခာ ဖူလုံပါစေကြောင်း ဆုတောင်းရေးသား လိုက်ရပေသည်။   ။

ဘုန်းမောင်ဝင်း