ချောင်းဦးမြို့နယ်၊ ကံကြီးကုန်းကျေးရွာအနီး အကြမ်းဖက်သမားများ၏ လက်လုပ်စိန်ပြောင်းကျရောက် ပေါက်ကွဲမှုကြောင့် ကျေးရွာနေအိမ်အချို့မီးလောင်ပျက်စီး

နေပြည်တော်  မတ်  ၉

စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့နယ်အတွင်း နယ်မြေလုံခြုံရေးဆောင်ရွက်နေသော လုံခြုံရေးတပ်ဖွဲ့ဝင် များသည် ယနေ့နံနက် ၆ နာရီ ၁၅ မိနစ်တွင် ကံကြီးကုန်းကျေးရွာအနီးသို့ ရောက်ရှိစဉ် အကြမ်းဖက်အင်အား ၅၀ ဦးခန့်က လက်နက်ကြီး/လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြန်လည်ပစ်ခတ်ခဲ့ရာ အကြမ်းဖက်သမားများသည် ကျေးရွာ၏မြောက်ဘက်သို့ ဆုတ်ခွာထွက်ပြေးသွားခဲ့သည်။

ဖြစ်စဉ်တွင် အကြမ်းဖက်သမားများ ပစ်ခတ်ခဲ့သည့် လက်လုပ်စိန်ပြောင်း ကျရောက်ပေါက်ကွဲမှုကြောင့် ကျေးရွာ၏အရှေ့ဘက်ခြမ်းရှိ နေအိမ်အချို့မီးလောင် ပျက်စီးခဲ့ကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ကျေးရွာပတ်ဝန်းကျင်အား အသေးစိတ် ရှာဖွေစစ်ဆေးခဲ့ရာ အကြမ်းဖက်သမားများ၏ လက်လုပ်တစ်တောင့်ထိုး သေနတ်တစ်လက်ကို သိမ်းဆည်းရမိခဲ့ကြောင်း သိရှိရသည်။

အကြမ်းဖက်သမားများ အနေဖြင့် ယခုကဲ့သို့စစ်ရေးနှင့်သက်ဆိုင်သည့် ပစ်မှတ်များ မဟုတ်သော ဘာသာရေး၊ ပညာရေးဆိုင်ရာ အဆောက်အဦများနှင့် လူနေအိမ်များကို အကာအကွယ်ရယူပစ်ခတ်တိုက်ခိုက်ခြင်း၊ စခန်းချအခြေပြု အကာအကွယ်ယူတိုက်ခိုက်ခြင်းသည် ဂျီနီဗာကွန်ဗင်းရှင်းနှင့် အပြည်ပြည်ဆိုင်ရာဥပဒေတို့အရ စစ်ရာဇဝတ်မှု ကျူးလွန်ရာရောက်ပြီး အဆိုပါရာဇဝတ်မှုများအတွက် အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေ   ရာဇသတ်ကြီးနှင့် သက်ဆိုင်ရာတည်ဆဲ ဥပဒေများဖြင့် ထိရောက်စွာ အရေးယူနိုင်ရေး ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ အနေဖြင့် အကြမ်းဖက်မှုနှိမ်နင်းရေး လုပ်ငန်းများကို ပြည်သူလူထုတို့နှင့်အတူ ပူးပေါင်း၍ ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သတင်း ရရှိသည်။