နိုင်ငံတော်ဓာတ်အားစနစ်သို့ ပို့လွှတ်လျက်ရှိသော လျှပ်စစ်ဓာတ်အားပမာဏ ရက်သတ္တပတ်တာကာလအတွင်း လျော့နည်း ထုတ်လုပ်ဖြန့်ဖြူးသွားမည့်အပေါ် အများပြည်သူများသိရှိနိုင်ရန် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ ပြည်သူသို့ အသိပေးပန်ကြားချက် တစ်ရပ်ကို မတ်လ ၆ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။ ပြည်သူများ လျှပ်စစ်ဓာတ်အား သုံးစွဲနိုင်ရေးအတွက် လက်ရှိကာလတွင် ရေအားနှင့် နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေး စက်ရုံများမှ ၆၆၇ ဒသမ ၈ မဂ္ဂါဝပ်ခန့်၊ ဓာတ်ငွေ့သုံး အပူစွမ်းအင်ဓာတ်အားပေးစက်ရုံများနှင့် ကျောက်မီးသွေး သုံးဓာတ်အားပေး စက်ရုံများမှ ၁၅၀၀ ဒသမ ၃ မဂ္ဂါဝပ်နှင့် ဒီဇယ်ဓာတ်အားပေးစက်များမှ ၈ ဒသမ ၉ မဂ္ဂါဝပ်ခန့်စုစုပေါင်း ၂၁၇၇ မဂ္ဂါဝပ်ခန့်ကို နိုင်ငံတော်ဓာတ်အားပေးစနစ်သို့ ထုတ်လုပ်ပို့လွှတ်လျက်ရှိကြောင်း သိရှိရသည်။
တစ်နိုင်ငံလုံးမှ တစ်ရက်တာပျမ်းမျှ ရယူသုံးစွဲမှုအနေဖြင့် နေ့ဘက်တွင် အများဆုံး ၃၄၀၀ မဂ္ဂါဝပ်ခန့်၊ ညဘက်တွင်အများဆုံး ၃၆၀၀ မဂ္ဂါဝပ်ခန့်ရှိပြီး တစ်ရက်တာပျမ်းမျှ လျှပ်စစ်ဓာတ်အားသုံးစွဲလိုမှုမှာ ၂၆၀၀ မဂ္ဂါဝပ်သုံးစွဲလျက် ရှိပါသည်။ ပုံမှန်အချိန်တွင် အမြင့်ဆုံးဓာတ်အား ထုတ်လုပ်နိုင်မှုသည် ၄၂၀၀ မဂ္ဂါဝပ် ခန့်ရှိသော်လည်း ဓာတ်ငွေ့ဈေးနှုန်းမြင့်တက်နေသဖြင့် ရပ်တန့်ထားရခြင်း၊ ဘီလူးချောင်းဓာတ်အားပေး စက်ရုံများမှ ထွက်ရှိသည့် ဓာတ်အားများကို ပို့လွှတ်လျက်ရှိသည့် ရွှေမြို့တော်ဓာတ်အားလိုင်း၊ တောင်ငူဓာတ်အားလိုင်းနှင့် တီကျစ်ဓာတ်အားလိုင်းများကို အကြမ်းဖက်သမားများက ဖောက်ခွဲ ဖျက်ဆီးခဲ့သဖြင့် ပြင်ဆင်လျက် ရှိခြင်းတို့ကြောင့် အဆိုပါဓာတ်အားလိုင်းများမှ နိုင်ငံတော်ဓာတ်အားလိုင်းသို့ ပုံမှန်ပို့လွှတ်လျက် ရှိသော မဂ္ဂါဝပ် ၂၂၀ ခန့်မှာ ပို့လွှတ်နိုင်ခြင်းမရှိဘဲ ဓာတ်အားပြတ်တောက်လျက်ရှိသည်။ ဓာတ်အားပို့လွှတ်မှုများ လျော့နည်းနေသဖြင့် ဝန်အားထိန်းညှိခြင်းများ ဆောင်ရွက်လျက်ရှိပြီး အလှည့်ကျဓာတ်အားပေးခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း အသိပေးပန်ကြားချက်တွင် ဖော်ပြထားပါသည်။
ကမ်းလွန်ဓာတ်ငွေ့ စီမံကိန်းများဖြစ်သော ရတနာ၊ ဇောတိကနှင့် ရွှေကမ်းလွန်စီမံကိန်းများနှင့် ကုန်းတွင်း ဓာတ်ငွေ့ တွင်းများမှ သဘာဝဓာတ်ငွေ့များကို အသုံးပြု၍ ဓာတ်အား ၁၄၅၅ မဂ္ဂါဝပ်ခန့်ကို နိုင်ငံတော်ဓာတ်အားစနစ်သို့ ထုတ်လုပ်ဖြန့်ဖြူးပေးလျက်ရှိသည်။ လက်ရှိတွင် ရွှေကမ်းလွန်စီမံကိန်းမှ တစ်ရက်သဘာဝဓာတ်ငွေ့ကုဗပေသန်းပေါင်း ၁၃၀ ကိုအသုံးပြု၍ ဓာတ်အား ၆၆၈ မဂ္ဂါဝပ်ခန့်ကို ထုတ်လုပ်ဖြန့်ဖြူးပေးလျက်ရှိသည်။ ယခုအခါ ရွှေကမ်းလွန်စီမံကိန်းတွင် ထပ်မံတူးဖော်တွေ့ရှိသော တွင်းသစ်နှစ်တွင်းမှ သဘာဝဓာတ်ငွေ့များကို လက်ရှိပိုက်လိုင်းအတွင်းထည့်သွင်းပို့လွှတ်နိုင်ရန်အတွက် ရေအောက်ပိုက်လိုင်း ဆက်သွယ်ခြင်း လုပ်ငန်းများကို မတ်လ ၁၂ ရက်မှ ၁၈ ရက်နေ့အထိ ဆောင်ရွက်မည် ဖြစ်ကြောင်း၊ ဆောင်ရွက်နေစဉ် ထုတ်လုပ်မှုကို ရပ်ဆိုင်းထားပြီး ပိုက်လိုင်းအတွင်းကျန်ရှိသော ရွှေသဘာဝ ဓာတ်ငွေ့မှ စုစုပေါင်းဓာတ်အား ၃၄၀ မဂ္ဂါဝပ်ခန့်သာ နိုင်ငံတော်ဓာတ်အားစနစ်သို့ ပို့လွှတ်နိုင်မည် ဖြစ်သည်။
ပြည်သူများအနေဖြင့် ယခုရက်ပိုင်းအတွင်း လျှပ်စစ်ဓာတ်အားနေ့စဉ် ပြတ်တောက်မှုကြောင့် ပြည်သူများ၏ လူနေမှုဘဝတွင် အခက်အခဲများရှိနေမည် ဖြစ်ပါသည်။ ပြည်သူများအား လျှပ်စစ်ဓာတ်အား ပြည့်ပြည့်၀၀ ပေးနိုင်ရန် နိုင်ငံတော်အနေဖြင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။ လက်ရှိအခြေအနေတွင် အကြောင်း အမျိုးမျိုးကြောင့် အခက်အခဲများ ရှိနေသည်ကိုလည်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန အနေဖြင့် ပြည်သူများအား အသိပေးပန်ကြားလျက်ရှိပါသည်။ အခက်အခဲများတွင်အဆိုးရွားဆုံးမှာ အကြမ်းဖက်အဖျက်သမားတို့၏ လုပ်ရပ်များ ဖြစ်သည်။ နိုင်ငံတော်အစိုးရ တစ်ရပ်ကို သဘောထားအမြင်မတူ၍ လက်နက်စွဲကိုင် တိုက်ခိုက်နေခြင်းမှာ အများပြည်သူဒုက္ခရောက်အောင် လုပ်ဆောင်နေခြင်း ဖြစ်သည်။ လက်တွေ့ သာဓကအားဖြင့် ဓာတ်အားလိုင်းများ၊ ဓာတ်အားတိုင်များအား ဖောက်ခွဲဖျက်ဆီးနေခြင်းသည် လူမှုစီးပွားဘဝကို ပျက်စီးအောင် ဖျက်ဆီးနေခြင်းဖြစ်သည်။ မလုပ်သင့်၊ မလုပ်ထိုက်သော အများပြည်သူအပေါ် ကျူးလွန်နေသည့်လုပ်ရပ် ဖြစ်သည်။ အကြမ်းဖက်သမားတို့ ဖျက်ဆီးလိုက်သည့်အတွက် ပြည်သူများသာ ထိခိုက်နေသည်မှာ လက်ရှိလျှပ်စစ်ဓာတ်အား စနစ်ပြတ်တောက်နေခြင်းက သက်သေပြုလျက်ရှိသည်။
ယခုအခါ စုစုပေါင်းလျော့နည်းသွားမည့် ၁၃၀၄ မဂ္ဂါဝပ်ခန့်အတွက် ဝန်အားထိန်းညှိမှုအရ အချို့ဒေသများတွင် ၂၄ နာရီ ဝန်အားလျှော့ချခြင်းများ ဆက်လက်ဆောင်ရွက်သွားရမည်ဖြစ်သောကြောင့် လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုများ ဆက်လက်ဖြစ်ပေါ်နေမည် ဖြစ်ကြောင်း သိရှိရသည်။ လျှပ်စစ်ဓာတ်အား ပြတ်တောက်ရခြင်းမှာ နိုင်ငံတော်ကမ ဆောင်ရွက်ပေးနိုင်၍ မဟုတ်ဘဲ လျှပ်စစ်ဓာတ်အား တာဝါတိုင်များ ဖျက်ဆီးခံရမှု၊ ဝယ်ယူသုံးစွဲရသည့် စရိတ်များ ကြီးမြင့်မှုနှင့်ပြင်ဆင်စီမံဆောင်ရွက်နေမှု တို့ကြောင့် ပြည်သူလူထု လျှပ်စစ်ဓာတ်အားလိုအပ်ချက်ရှိနေခြင်း ဖြစ်ပါသည်။ လတ်တလော အခြေအနေတွင် ပြည်သူများအနေဖြင့် အဆင်မပြေမှုရှိနေသည်များကို နားလည်ပေးနိုင်ပါရန်၊ လျော့နည်းလျက်ရှိသော လျှပ်စစ်ဓာတ်အားများ အမြန်ဆုံး ပြန်လည် ဖြည့်ဆည်း ပေးနိုင်ရန်နှင့် စီမံကိန်းအသစ်များကိုလည်း ကြိုးပမ်းဆောင်ရွက် လျက်ရှိ ပါကြောင်း အသိပေး ပန်ကြားထားသည်ကို ရေးသား ဖော်ပြလိုက်ရပေသည်။ ။