ပြည်ထဲရေးဝန်ကြီးဌာန မိသားစုများက ဆွမ်းဆန်တော်လှူဒါန်းခြင်းများ ဆောင်ရွက်
နေပြည်တော် မတ် ၁၀
ကိုဗစ်- ၁၉ ရောဂါကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည့်ကာလအတွင်း ဆွမ်း ကိစ္စရပ်များအဆင်ပြေစေရန် ရည်ရွယ်၍ ပြည်ထဲရေးဝန်ကြီးဌာန၊ တပ်ဖွဲ့ဝင်/ဝန်ထမ်း အရာထမ်း၊ အမှုထမ်းမိသားစုများက မြို့နယ်အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းဆန်တော်များ ဆက်ကပ် လှူဒါန်းခြင်းကို ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်ရှိ မကုဋာရာမ ကျောင်းတိုက်သို့လည်းကောင်း၊ မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်ရှိ အပြည်ပြည်ဆိုင်ရာဖားအောက် တောရ(ပင်မ)သာသနာ့ရိပ်သာကျောင်းတိုက်သို့လည်းကောင်း၊ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်ရှိ အောင်တော်မူကျောင်းတိုက်သို့လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး၊ ပုဇွန်တောင်မြို့နယ်ရှိ ဓမ္မိကာရာမ ကျောင်းတိုက်သို့လည်းကောင်း၊ ရှမ်းပြည်နယ်၊ လားရှိုးမြို့နယ်ရှိ စိတ္တသုခပရိယတ္တိစာသင်တိုက်သို့ လည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာမြို့နယ်ရှိ သုခိတာရာမပရဟိတကျောင်းတိုက်သို့ လည်းကောင်း ဆရာတော်၊ သံဃာတော်များအတွက် ဆွမ်းဆန်တော်များကို ပြည်ထဲရေးဝန်ကြီးဌာန၊ တပ်ဖွဲ့/ဦးစီးဌာနများမှ သက်ဆိုင်ရာတိုင်းဒေသကြီး/ပြည်နယ်တို့ရှိ တာဝန်ရှိသူများက သွားရောက် ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သတင်းရရှိပါသည်။