ရေပေါ်နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေး စက်ရုံများဖြင့် အစိမ်းရောင် စွမ်းအင်ဆီ ကူးပြောင်းမယ့် ထိုင်းနိုင်ငံ

ရေပေါ်နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေး စက်ရုံများဖြင့် အစိမ်းရောင် စွမ်းအင်ဆီ ကူးပြောင်းမယ့် ထိုင်းနိုင်ငံ

ထိုင်းနိုင်ငံအရှေ့မြောက်ပိုင်းရှိ ရေလှောင်ကန်ကြီး တစ်ခုအတွင်းမှာ  ဝင်းဝင်းလဲ့လဲ့နဲ့တောက်ပနေတဲ့    ရေပေါ်အရာဝတ္ထု တချို့ကို မြင်တွေ့နေရပါတယ်။

အဲဒီရေပေါ်  အရာဝတ္ထုတွေကတော့ လွန်စွာများပြားလှတဲ့ ဆိုလာပြားများပါပဲ။ တစ်နည်းဆိုရရင် ရေပေါ်နေရောင်ခြည် စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေး စက်ရုံသာဖြစ်ပါတယ်။

ဒီစက်ရုံဟာ ၂ဝ၅ဝ ပြည့်နှစ် အရောက်မှာ  ကာဗွန်ထုတ်လွှတ်မှု ကင်းစင်တဲ့နိုင်ငံ ဖြစ်လာစေရေး ရည်မှန်းချက်ထား လုပ်ဆောင်နေတဲ့ ထိုင်းနိုင်ငံရဲ့   သန့်ရှင်းစွမ်းအင်ဆောင်ရွက်မှုအတွက်  အမှတ်သင်္ကေတ တစ်ခုပါပဲ။

ရေမျက်နှာပြင်ဧရိယာ  စတုရန်းမီတာ ၇၂ဝဝဝဝ မှာ တပ်ဆင်ထားတဲ့ ဆိုလာပြားတွေကတော့  အံ့မခန်းလောက်အောင်ကို များပြားလွန်းပါတယ်။

တကယ်တမ်းတော့ ဒီရေလှောင်ကန်ကြီး ကိုယ်၌က လျှပ်စစ်ဓာတ်အား ထုတ်လုပ်ပေးရာ နေရာကြီးတစ်ခု ဖြစ်နေပါတယ်။ ရှင်းအောင်ပြောရမယ်ဆိုရင် နေ့အခါမှာ ဆိုလာပြားတွေက နေရောင်ခြည်စွမ်းအင် ရယူပြီး  လျှပ်စစ်ထုတ်လုပ် ပေးနေသလို ညအခါမှာတော့  ရေအားကနေ လျှပ်စစ်ကို ထုတ်လုပ်ပေးနေတာဖြစ်ပါတယ်။

ဒါကြောင့် ဒီစီမံကိန်းကြီးကို   ကမ္ဘာ့အကြီးဆုံး ရေပေါ်နေရောင်ခြည်စွမ်းအင်-ရေအားလျှပ်စစ် ထုတ်လုပ်ရေး စက်ရုံရယ်လို့ တာဝန်ရှိသူတွေက အမွှမ်းတင်ထားကြတာပါ။

အဲဒီရေလှောင်တမံကြီးရဲ့   နာမည်ကတော့  ဆီရင်ထွန်လို့ အမည်ရပါတယ်။ နိုင်ငံအရှေ့မြောက်ပိုင်း  အူဘွန်ရတ်ချာထာနီ ပြည်နယ်မှာ တည်ရှိပါတယ်။

ထိုင်းအစိုးရက ၂ဝ၃၇ ခုနှစ် အရောက်မှာ အလားတူစက်ရုံပေါင်း ၁၅ လုံးအထိ တည်ဆောက်သွားမှာဖြစ်ပြီး  ဆီရင်ထွန် စီမံကိန်းဟာ  အဲဒီစက်ရုံ ၁၅ လုံးအနက် ပထမဆုံး စီမံကိန်းဖြစ်ပါတယ်။

ထိုင်းနိုင်ငံက ရုပ်ကြွင်းလောင်စာ အသုံးပြုမှုကို ဖြတ်တောက်ဖို့အတွက် ခြေလှမ်းတွေကို   စတင်လျှောက်လှမ်းနေသလို ပြီးခဲ့တဲ့နှစ် ဂလက်စဂိုးမြို့မှာ ကျင်းပတဲ့ COP26 ရာသီဥတုပြောင်းလဲမှု ညီလာခံမှာ ဝန်ကြီးချုပ် ပရာယုချန်အိုချာက  ရာသီဥတုပြောင်းလဲမှု တိုက်ဖျက်ရေးနဲ့ ပတ်သက်လို့ ရည်မှန်းချက် ချမှတ်ထားခဲ့ပါတယ်။

အဲဒီရည်မှန်းချက်ကတော့    ၂ဝ၅ဝ ပြည့်နှစ်အရောက်မှာ  ကာဗွန်အသုံးပြုမှု ကင်းစင်တဲ့ နိုင်ငံဖြစ်လာစေရေးနဲ့ ၂ဝ၆၅ ခုနှစ်အရောက်မှာ  ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်မှု လုံးဝမရှိတဲ့ နိုင်ငံဖြစ်လာစေဖို့ပါပဲ။

ဒီလိုရည်မှန်းချက်နဲ့အညီ တည်ဆောက်လာတဲ့  ဆီရင်ထွန်လျှပ်စစ် ဓာတ်အားပေး စက်ရုံကြီးမှာ ဆိုလာပြားစုစုပေါင်း ၁၄၄ဝဝဝ ကျော် တပ်ဆင်ထားပါတယ်။

သူ့ရဲ့အကျယ်အဝန်းကို မြင်သာအောင် ပြရရင် ဘောလုံးကွင်းပေါင်း ၇ဝ ရဲ့ အကျယ်အဝန်းနဲ့ ညီမျှပါတယ်။   အဲဒီလောက် ပမာဏရှိတဲ့စက်ရုံကနေ    လျှပ်စစ်ဓာတ်အား ၄၅ မဂ္ဂါဝပ် ထွက်ရှိမှာပါ။

ဒါ့အပြင် ဒီလိုလျှပ်စစ်ဓာတ်အား ၄၅ မဂ္ဂါဝပ်ထွက်ရှိမယ့် နေရောင်ခြည်စွမ်းအင်နဲ့ရေအားနှစ်မျိုးစပ် လျှပ်စစ်ဓာတ်အားပေး စက်ရုံဟာ ကမ္ဘာမှာ ပထမဆုံးနဲ့ အကြီးဆုံး စီမံကိန်းဖြစ်တယ်လို့  ထိုင်းနိုင်ငံ လျှပ်စစ်ထုတ်လုပ်ရေး အာဏာပိုင်အဖွဲ့ (EGAT)မှ ဒုတိယအုပ်ချုပ်ရေးမှူး ပရာဆာဆက်က ပြောပါတယ်။

ဒီစီမံကိန်းကို  တည်ဆောက်ရခြင်းရဲ့ ရည်ရွယ်ချက်က တစ်နှစ်ကို ကာဗွန်ဒိုင်အောက်ဆိုက် ဓာတ်ငွေ့ထုတ်လွှတ်မှု တန်ချိန် ၄၇ဝဝဝ  လျော့ကျစေဖို့ဖြစ်တဲ့ အပြင် ၂ဝ၃၇ ခုနှစ်အရောက်မှာ ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်တွေကနေ  လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု ၃ဝ ရာခိုင်နှုန်း ထွက်ရှိစေဖို့ ဖြစ်တယ်လို့ EGAT ရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အစိမ်းရောင်ကိုပြောင်းလဲမယ်

ထိုင်းနိုင်ငံအနေနဲ့  အခုလိုနေရောင်ခြည် စွမ်းအင်နဲ့   ရေအားသုံးလျှပ်စစ် စွမ်းအင်တွေကို   ထုတ်လုပ်နိုင်မှု တိုးမြှင့်လုပ်ဆောင်နေပေမယ့်လည်း   နိုင်ငံရဲ့ စွမ်းအင်လိုအပ်ချက်ကို အနည်းငယ်မျှသာ ဖြည့်ဆည်း ပေးနိုင်ပါသေးတယ်။

ထိုင်းနိုင်ငံဟာ လျှပ်စစ်စွမ်းအင် ရရှိရေးအတွက် ရုပ်ကြွင်းလောင်စာတွေအပေါ်မှာ အလွန်အကျွံ မှီခိုနေရပါတယ်။ နိုင်ငံက လိုအပ်တဲ့ လျှပ်စစ်စွမ်းအင် စုစုပေါင်း အနက် ၅၅ ရာခိုင်နှုန်းကို သဘာဝဓာတ်ငွေ့ အသုံးပြုမှုကနေ ရရှိနေတာပါ။

ဒီနေရာမှာ ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်တွေနဲ့ ရေအားလျှပ်စစ် စွမ်းအင်တွေကနေ နိုင်ငံအတွက်  လျှပ်စစ်ဓာတ်အား ရရှိမှုက ၁၁ ရာခိုင်နှုန်းသာ ရှိပါသေးတယ်။

ဒီအချက်အလက်တွေကိုတော့ စွမ်းအင်ဝန်ကြီးဌာန လက်အောက်ရှိ    စွမ်းအင်မူဝါဒနဲ့ စီမံကိန်းရေးဆွဲရေး ရုံးရဲ့ထုတ်ပြန် ချက်ကနေ သိရှိရတာပါ။

အခုတည်ဆောက်ပြီးစီးတဲ့ ရေအား-နေရောင်ခြည်စွမ်းအင်သုံး    လျှပ်စစ်ဓာတ်အားပေး စက်ရုံလိုမျိုး    စက်ရုံနောက်ထပ် ၁၄ လုံးကို  နိုင်ငံတစ်ဝန်းမှာ တည်ဆောက်သွားဖို့ ရှိနေပါသေးတယ်။

၂ဝ၃၇ ခုနှစ်အရောက်မှာ တည်ဆောက်ပြီးစီးမယ့် အလားတူစက်ရုံစုစုပေါင်း ၁၅ လုံးကနေ လျှပ်စစ်ဓာတ်အား ၂၇၂၅ မဂ္ဂါဝပ် ထွက်ရှိမှာပါ။

အခုတည်ဆောက်ထားတဲ့ ဆီရင်ထွန် လျှပ်စစ်ဓာတ်အားပေး  စက်ရုံပြီးစီးဖို့ အချိန်အားဖြင့် နှစ်နှစ်ကြာမြင့်ခဲ့ပါတယ်။ ငွေအရင်းအနှီးကတော့   အမေရိကန်ဒေါ်လာ ၃၅ သန်းရှိပါတယ်။

တကယ်တမ်းဆိုရင်  အချိန်က အဲဒီလောက်အထိ မကြာပါဘူး။ ဒါပေမဲ့ ကြားထဲမှာ  ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ပွားလို့ ဆိုလာပြားတွေ မပို့နိုင်တာ၊ ပညာရှင်တွေ နေမကောင်းဖြစ်တာ စတဲ့ အကြောင်းအရာတွေကြောင့်သာ လုပ်ငန်းတွေနှောင့်နှေးကုန်တဲ့အတွက်   အချိန်နှစ်နှစ်ကြာ သွားခဲ့ရတာပါ။

ဆီရင်ထွန်စီမံကိန်းကနေ  ထွက်ရှိတဲ့ လျှပ်စစ်ဓာတ်အားက ပြည်နယ်လျှပ်စစ် ဓာတ်အားခွဲရုံကိုရောက်ရှိပြီး အဲဒီကနေမှ တစ်ဆင့် ထိုင်းနိုင်ငံ အရှေ့မြောက်အောက်ပိုင်းမှာတည်ရှိတဲ့   အိမ်တွေနဲ့စီးပွားရေး လုပ်ငန်းတွေဆီကို  ထပ်ဆင့်ပို့လွှတ်တာ ဖြစ်ပါတယ်။ ဒီနေရာမှာကြည့်ရင်   ထိုင်းနိုင်ငံဟာ လက်ရှိအချိန်မှာ ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်တွေကနေ  လျှပ်စစ်ဓာတ်အား ရရှိမှုက  ၁၁  ရာခိုင်နှုန်းသာ ရှိပေမယ့် နောင်တစ်ချိန်မှာ ၁ဝဝ ရာခိုင်နှုန်းအထိ ရောက်ရှိလာစေရေးအတွက် အခုကတည်းက   အစိမ်းရောင်စွမ်းအင်ကို  ပိုမိုပြောင်းလဲ အသုံးပြုလာနေပြီဆိုတာကို တွေ့ရမှာဖြစ်ပါတယ်။

ခရီးသွားတွေကိုဆွဲဆောင်မယ်

ထိုင်းနိုင်ငံကတော့ ခရီးသွား လုပ်ငန်းကို ဦးစားပေးတဲ့နိုင်ငံ    ဖြစ်တဲ့အလျောက် သူတို့စဉ်းစားပြီးလုပ်လိုက်တဲ့ စီမံကိန်းတိုင်းမှာ ခရီးသွားလုပ်ငန်း အတွက်ပါ တွဲပါနေတာတွေတွေ့ရပါတယ်။

အခုလည်း ဆီရင်ထွန် လျှပ်စစ်ဓာတ်အားပေး စက်ရုံကြီးကို ခရီးသွားတွေ လာရောက်လည်ပတ်ရာ နေရာအဖြစ် အကောင်အထည်ဖော်ဦးမှာပါ။

ဒီစီမံကိန်းမှာ အရှည်ပေ ၁၃၆ဝ ရှိတဲ့ နေရောင်ခြည်ပုံစံ သဘာဝ လျှောက်လမ်းကိုလည်း ထည့်သွင်း တည်ဆောက်ထားပါ သေးတယ်။ အဲဒီလျှောက်လမ်းကနေ လမ်းလျှောက်သွားမယ်ဆိုရင် ရေလှောင်ကန်ကြီးနဲ့  ရေပေါ် ဆိုလာပြားတွေကို  မြင်ကွင်းကျယ်ကျယ်နဲ့  မျက်စိတစ်ဆုံး တွေ့မြင်နိုင်မှာပါ။အထူးသဖြင့်တော့ ဒီရေလှောင်ကန်မှာရှိတဲ့ ရေပေါ်ဆိုလာပြားတွေဟာ  ကမ္ဘာ့ပထမဆုံးနဲ့ အကြီးဆုံး လျှပ်စစ်ဓာတ်အားပေး စက်ရုံတွေဖြစ်တာကြောင့်  လူအများက သူတို့မျက်စိနဲ့ တပ်အပ်မြင်ချင်ကြတာ ထုံးစံပါပဲ။

ဒါဟာ ထိုင်းနိုင်ငံကို အလည်အပတ်လာရောက်တဲ့ ဘယ်သူမဆို၊   ပြည်တွင်းမှာပဲ ခရီးသွားတဲ့ ဘယ်လိုပြည်သူတွေမဆို ကမ္ဘာ့ပထမဆုံးနဲ့   အကြီးဆုံး ရေအား-နေရောင်ခြည်စွမ်းအင်သုံး  လျှပ်စစ်ဓာတ်အားပေး စက်ရုံဆိုတာနဲ့   အပြေးလေး သွားကြည့်ကြမယ်ဆိုတဲ့ လူတွေရဲ့စိတ်ကို ထိုင်းအစိုးရက   ကောင်းကောင်းကြီး အသုံးချထားတာပဲဖြစ်ပါတယ်။

ဒွန်တွဲနေတဲ့ အကောင်းအဆိုး ကိစ္စရပ်တိုင်းမှာ  အကောင်းနဲ့အဆိုး ဆိုတာရှိပါတယ်။ ဘယ်တော့မှ အကောင်းဆုံးတွေချည်းပဲ မရနိုင်သလို အဆိုးဆုံးတွေချည်းပဲလည်း မဖြစ်လာနိုင်ပါဘူး။

အခု ဆီရင်ထွန် စီမံကိန်းမှာဆိုရင်လည်း အကောင်းနဲ့အဆိုးဟာ ဒွန်တွဲနေပါတယ်။ အကောင်းကတော့  အထက်မှာပြောခဲ့တဲ့ အချက်တွေပါပဲ။

အဆိုးကတော့  ဒေသခံပြည်သူတွေရဲ့ တိုင်တောမှု အကြောင်းအရာတွေဖြစ်ပါတယ်။

ဘယ်လိုအကြောင်းအရာတွေ တိုင်တောလာလဲဆိုတော့ ရေလှောင်ကန်မှာ အခုလိုဆိုလာပြားတွေ တပ်လိုက်တဲ့အတွက် ဖမ်းမိတဲ့ ငါးအရေအတွက် ကျဆင်းပြီး  ဝင်ငွေလည်း နည်းပါးလာတယ်လို့   ဒေသခံတံငါသည်တချို့က တိုင်တောလာတာပါ။

ဒါပေမဲ့လည်း သူတို့တွေဟာ ကိုယ်ကျိုးစီးပွားထက်  ဒေသဖွံ့ဖြိုး တိုးတက်ရေးကို ဦးစားပေးလိုစိတ်ရှိတာကိုလည်း ကောင်းတဲ့ အချက်အနေနဲ့ သွားတွေ့ရပါတယ်။

ဘာကြောင့်လဲဆိုရင် အစိုးရက အမြော်အမြင်ရှိရှိနဲ့   ဒေသဖွံ့ဖြိုးရေး အတွက် လုပ်ဆောင်တာကိုတော့ ဒေသခံတွေက လက်ခံပါတယ်လို့  အသက် ၆၅ နှစ်ရှိပြီ ဖြစ်တဲ့ ဒေသခံတံငါသည်က ပြောလာခြင်းကြောင့် ဖြစ်ပါတယ်။

သို့သော် လျှပ်စစ်ထုတ်လုပ်ရေး အာဏာပိုင်အဖွဲ့ကတော့  သူတို့ရဲ့စီမံကိန်းဟာ စိုက်ပျိုးမွေးမြူရေး၊ ငါးဖမ်းလုပ်ငန်းနဲ့ တခြားရပ်ရွာအခြေပြု လုပ်ငန်းတွေကို  ထိခိုက်မှုမရှိတဲ့အကြောင်း ပြောထားပါတယ်။

ဒါ့အပြင် သူတို့စီမံကိန်းဟာ ရေလှောင်ကန်ရဲ့ ရေမျက်နှာပြင်  သုည ဒသမ ၂ ရာခိုင်နှုန်းမှ သုည ဒသမ ၃ ရာခိုင်နှုန်းကိုသာ    ရယူအသုံးပြုထားတဲ့ အတွက် ဒေသခံတွေအနေနဲ့  စိုက်ပျိုးမွေးမြူရေး၊  နေထိုင်ရေးတို့ကို ပုံမှန်အတိုင်း လုပ်ဆောင်နိုင်တယ်လို့ သူတို့ကဆိုပါတယ်။

မည်သို့ပင်ဆိုစေကာမူ ထိုင်းနိုင်ငံဟာ ၂ဝ၅ဝ ပြည့်နှစ်အရောက်မှာ   ကာဗွန်ကင်းစင်တဲ့ နိုင်ငံအဖြစ်ကို တက်လှမ်းနိုင်ရေးအတွက် အခုအချိန်ကတည်းကစလို့ ရေပေါ်နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေး စက်ရုံတွေကို တည်ဆောက် ကာ အစိမ်းရောင် စွမ်းအင်ဆီ ကူးပြောင်းနေပြီဖြစ်ကြောင်း   ရေးသား တင်ပြလိုက်ရပါတယ်။   

Source: Energy World