လာမည့် မတ် ၃၁ ရက် ကြာသပတေးနေ့မှာတော့ တစ်ပြည်လုံးမှာရှိတဲ့ တက္ကသိုလ်ဝင်တန်း ကျောင်းသား၊ ကျောင်းသူတွေ စာမေးပွဲစတင်ဖြေဆိုရမယ်ပေါ့ဗျာ။ မိမိတို့အတွက် အရေးကြီးတဲ့ စာမေးပွဲကြီးဖြစ်သလို တိုင်းပြည်အတွက်လည်း အရေးပါတဲ့ နေ့ထူးနေ့မြတ်လို့ ပြောနိုင်ပါတယ်ဗျာ။ ဘာဖြစ်လို့လဲဆိုတော့ အနာဂတ်ကာလမှာ တိုင်းပြည်ကိုဦးဆောင်ရမယ့်သူတွေ ဖြစ်နေလို့ပါဗျာ။ မိမိတို့ဘဝအတွက် လှေကားထစ် တစ်ထစ်တက်ရမယ့် နေ့ကောင်းရက်မြတ်ပါဗျာ။ အတက်မှာ ခြေချော်မသွားဖို့နဲ့ နောက်ပြန်လန်မကျဖို့ အရေးကြီးလှပါတယ်ဗျာ။
မြန်မာမှုနယ်ပယ်မှာ မြင်းကောင်းခွာလိပ် ဆိုတဲ့ စကားပုံရှိတယ်ဗျ။ စာတွေရတယ်။ တော်တယ်။ တတ်တယ်။ ဒါပေမဲ့ စာမေးပွဲရှုံးသွားတယ်ဆိုတာ ဖြစ်လေ့ဖြစ်ထတစ်ခုပါဗျာ။ အဲဒီအထဲ ကိုယ်မပါဖို့ အရေးကြီးတယ် မဟုတ်လားဗျာ။
ပထမအချက်အနေနဲ့ ပြောချင်တာက မတ်လ ၃၀ ရက်နေ့ညမှာတော့ ညဉ့်နက်အောင် စာကြည့်တာတွေ၊ မိုးလင်းခါနီးအထိ စာကျက်တာတွေ လုံးဝမလုပ်သင့်ပါဘူးဗျာ။ အိပ်ရေးမဝတော့ စာမေးပွဲခန်းထဲမှာ ဦးနှောက်မကြည်မလင်နဲ့ မူးနောက်နောက်ဖြစ်နေရင် ရထားတဲ့စာတွေပင်လျှင် မေ့တေ့တေ့ဖြစ်တတ်ပါတယ်။
ဒါကြောင့် အဲဒီနေ့ရက်မှာတော့ စောစောစီးစီးအိပ်ကြပါဗျာ။ နံနက် ၅ နာရီလောက်အထိ အိပ်ရေး၀၀အိပ်ကြပါဗျာ။ အိပ်ရာထပြီးတော့ ကျက်မှတ်ထားတဲ့စာတွေကို စိတ်လက်ပေါ့ပေါ့ပါးပါးနဲ့ ပြန်ပြီး နွှေး ချင်ရင်လည်း နွှေးပေါ့ဗျာ။ အဲဒီအချိန်ကျမှ ကုန်းရုံးအော်ဟစ်ပြီး ကျက်နေဖတ်နေတာမျိုးတော့ မလုပ်သင့်တော့ပါ။ ဒီအချိန်မှာတော့ စိတ်ကို ပျော်ပျော်ရွှင်ရွှင်နဲ့ သက်သက်သာသာပေါ့ပေါ့ပါးပါးနေတာဟာ အကောင်းဆုံးပါပဲဗျာ။
ဒုတိယအချက်အနေနဲ့ကတော့ ကိုယ့်ရဲ့စာရေးကိရိယာအသုံးအဆောင်တွေ ဥပမာ-ဘောပင်၊ ခဲတံ၊ခဲဖျက်၊ ဖြေဆိုခွင့်ကတ်၊ ကိုယ်သုံးနေကျ ရှူဆေး၊ ကွန်ပါဘူး စတာတွေကို စိစစ်ပြီး ၃၀ ရက်နေ့ညကတည်းက ထည့်ထားရမယ်။ ဘောပင်ရဲ့သဘာဝဟာ ရေးနေရင်းနဲ့ မင်ကုန်သွားတတ်လို့ နှစ်ချောင်းလောက် ထည့်သွားသင့်ပါတယ်။ ဗေဒင်ဆရာအမျိုးမျိုးတွေ၊ အထက်ပုဂ္ဂိုလ်အမျိုးမျိုးတွေ၊ အဘအမျိုးမျိုးတွေ၊ နတ်ကတော် အမျိုးမျိုးတွေက ယတြာအနေနဲ့ ပေးထားတဲ့ အဆောင်အမျိုးမျိုးတွေ၊ ပန်းအမျိုးမျိုးတွေ၊ ရင်ထိုးအမျိုးမျိုးတွေ မေ့ကျန်ခဲ့လို့ ဘာမှမဖြစ်ပါဘူးဗျာ။ ကွန်ပါဘူး မေ့ကျန်ခဲ့ရင်၊ ဖြေဆိုခွင့်ကတ်မေ့ကျန်ခဲ့ရင် ဒုက္ခရောက်ပြီသာမှတ်။
တတိယအချက်အနေနဲ့ မိမိဖြေရမယ့် စာစစ်ဌာနရဲ့နေရာကို ဘယ်လမ်းကြောင်းကသွားမလဲ ကြိုတင်စဉ်းစားထားပါ။ ဘယ်လမ်းကြောင်းက တိုသလဲ။ ဘယ်လမ်းကြောင်းက ယာဉ်ကြောရှင်းသလဲ။ အမှတ်မထင် ယာဉ်ကြောပိတ်ဆို့မှု ဖြစ်နေရင် ဘယ်လမ်းဘက်က ကွေ့သွားမလဲ။ ဒါတွေကို အိမ်မှမထွက်ခင် စဉ်းစားဆုံးဖြတ်ပြီးမှ သွားသင့်ပါတယ်။ စာမေးပွဲဖြေရမယ့် အချိန်မတိုင်ခင် စောစောသွားသင့်တယ်။ လမ်းမှာကြန့်ကြာမယ့် အချိန်တွေကိုပါ မှန်းဆတွက်ချက်ပြီးမှ ပိုပိုမိုမို စောထွက်တာဟာ အကောင်းဆုံးပါဗျာ။ စာမေးပွဲခန်းကို သတ်မှတ်ချိန်ထက် (မိနစ် ၃၀ ထက်) ပို၍ နောက်ကျလို့၊ စာမေးပွဲစည်းကမ်းအရ ဖြေဆိုခွင့်မရလို့ အိမ်ကိုငိုပြန်ရတဲ့ သာဓကတွေ နှစ်စဉ်နှစ်တိုင်းရှိခဲ့ပါတယ်ဗျာ။
စတုတ္ထအချက်ကတော့ စာမေးပွဲခန်း အနီးတစ်ဝိုက်မှာ ကောလာဟလတွေလာတတ်တယ်လေ။ အဲဒါတွေကို နားမယောင်ပါနဲ့။ နားမထောင်ပါနဲ့။ ဥပမာပေါ့ဗျာ။ ဒီနေ့ ဒီအပုဒ်သေချာပေါက်ပါမယ်ကွ။ ဘယ်ကျူရှင်က မနေ့ညကမှ ရထားတာကွ။ အဲဒါမင်းကျက်ပြီးပလား။ တွက်ပြီးပလား လို့ ဆိုတဲ့အသံတွေကို အဟုတ်ထင်ပြီး နားယောင်မိရင် မိမိကလည်း အဲဒီအပုဒ်ကို မကျက်မှတ်ရသေး၊ မတွက်ရသေးဘူးဆိုရင် မိမိရင်ထဲမှာ ဒိန်းခနဲ ဖြစ်ပြီး နှလုံးတုန်၊ ရင်ခုန်တာတွေဖြစ်တတ်ပါတယ်။ စိုးရိမ်သောကတွေရောက်ပြီး စိတ်မချမ်းမသာဖြစ်မယ်။ ဒီအခါ မိမိကျက်မှတ်ထားတဲ့ စာတွေလည်း မေ့ပျောက်သွားတတ်ပါတယ်။ ဒါကြောင့် စာမေးပွဲခန်း အနီးတစ်ဝိုက်မှာ ကောလာဟလစကားတွေကိုတော့ နားမထောင်ကြပါနဲ့။ နားမယောင်ကြပါနဲ့ဗျာ။
မယုံကြပါနဲ့။
ပဉ္စမအချက်အနေနဲ့ စာမေးပွဲခန်းထဲ ဝင်ထိုင်ပြီးတာနဲ့ မေးခွန်းကို သေသေချာချာဖတ်ပါ။ အစမှအဆုံးအထိ အနည်းဆုံးနှစ်ခေါက်ဖတ်ပါ။ ဖတ်ပြီးမှသာ အလွယ်ဆုံးအပုဒ်ကို ပထမဆုံးဖြေပါ။ ဥပမာပေါ့ဗျာ။
မေးခွန်းက ခြောက်ပုဒ်ပေးထားပြီး ကြိုက်ရာ ငါးပုဒ်ဖြေရမယ်ဆိုပါစို့။ တချို့က မေးခွန်းကို အစအဆုံးမဖတ်ဘဲ နံပါတ် (၁) မေးခွန်းကို ဖတ်ပြီးပြီးချင်းပဲ လွယ်တာ ပဲလေဆိုပြီး ဖြေဆိုမိလိုက်တယ်။ နံပါတ် (၂) (၃)(၄) (၅) တို့ကိုဖြေပြီး နံပါတ် (၆) မေးခွန်းကို တွေ့တော့မှ မိမိအတွက် အလွယ်တကာ့ အလွယ်ဆုံး အပုဒ်ဖြစ်နေမှန်း သိလိုက်ရတယ်။
အမှတ်ပြည့်ရမယ့် အပုဒ်ဖြစ်နေတယ်။ အဲဒီအခါမှာ မေးခွန်းနံပါတ် (၁) ကို ခြစ်ပစ်ပြီး မေးခွန်းနံပါတ် (၆) ကို ဖြေရမလား။ ဒီလိုဖြေရင်ကော အချိန်လောက်ပါ့မလား။ မေးခွန်းနံပါတ် (၁) ဖြေထားတာကတော့ အမှတ်ပြည့်မရနိုင်တာကို သိထားနေတော့ စိတ်ထဲမှာ ဝေခွဲမရ၊ စနိုးစနောင့်နဲ့ ဇောချွေးတွေ ပြန်လာတတ်ပါတယ်။ ဒါကြောင့်မို့ မေးခွန်းကို အစမှအဆုံး သေသေချာချာ စေ့စေ့စပ်စပ်ဖတ်ပြီးမှသာ အလွယ်ဆုံးအပုဒ် (အမှတ်ပြည့်ရမယ့်အပုဒ်) ကို ဦးစွာဖြေသင့်ပါတယ်ဗျာ။
ဆဋ္ဌမအချက်အနေနဲ့ကတော့ မေးခွန်းနံပါတ်စဉ်အတိုင်း ဖြေတာဟာ အကောင်းဆုံးပါဗျာ။ ဟိုကျော်ဒီကျော်၊ ဟိုကူးဒီကူးနဲ့ ပြောက်သောက်မဖြေသင့်ပါ။ ဘာဖြစ်လို့လဲဆိုတော့ စာစစ်သူက အမှတ်တွေပေါင်းထည့်တဲ့အခါမှာ ကျန် သွားတတ်တယ်။ ကျန်သွားရင် စာဖြေသူပဲ နစ်နာမှာပါဗျာ။ ဥပမာပေါ့ဗျာ-မေးခွန်း(၆) ပုဒ်ဖြေရမယ်ပေါ့ဗျာ။ နံပါတ် (၁) မေးခွန်းမှာ -၁။ (က) (ခ)//နံပါတ် ၂။မေးခွန်း//နံပါတ် (၃) မေးခွန်းမှာ ၃(က)(ခ)(ဂ)//နံပါတ် (၄)မေးခွန်း//နံပါတ်(၅) မေးခွန်းမှာ ၅။ (က) (ခ)//နံပါတ် (၆) မေးခွန်းမှာ ၆။ (က) (ခ) (ဂ) ဆိုပါစို့ပေါ့ဗျာ။ ပထမစာဖြေသူကတော့ မေးခွန်းနံပါတ်စဉ်အတိုင်း (၁)(၂)(၃)(၄)(၅)(၆) အထိ ဖြေတော့ စာစစ်သူ အမှတ်ပေါင်းတဲ့အခါ လွယ်လွယ်ကူကူပေါ့ဗျာ။
ဒုတိယစာဖြေသူကတော့ မေးခွန်းနံပါတ် ၁။ (က) ကိုဖြေတယ်။ (ခ)ကို ချန်ခဲ့တယ်။ ပြီးတော့ မေးခွန်းနံပါတ် ၃။ (ခ)နဲ့ (ဂ)ကိုဖြေပြန်တယ်။ (က) ကိုချန်ခဲ့တယ်။ ပြီးတော့ စောစောက ချန်ထားခဲ့တဲ့ မေးခွန်းနံပါတ် ၁။ (ခ) ကိုပြန်ဖြေတယ်။ ပြီးတော့မှ မေးခွန်းနံပါတ် (၄) ကိုဖြေတယ်။ ပြီးတော့မှ စောစောက ချန်ခဲ့တဲ့မေးခွန်းနံပါတ် ၃။ (က) ကိုပြန်ဖြေတယ်။ အဲဒီနောက် မေးခွန်းနံပါတ် ၆။(က)နဲ့(ဂ)ကိုဖြေတယ်။ (ခ)ကိုချန်ခဲ့ပြန်တယ်။ ပြီးတော့ မေးခွန်းနံပါတ် ၅။ (က) ဖြေတယ်။ (ခ)ကို ချန်ခဲ့တယ်။ အဲဒီနောက် စောစောကချန်ခဲ့တဲ့ မေးခွန်းနံပါတ် ၆။ (ခ)ကို ပြန်ဖြေတယ်။ နောက်ဆုံးမှာတော့ စောစောက ချန်ခဲ့တဲ့ မေးခွန်းနံပါတ် ၅။ (ခ)ကို ဖြေလိုက်တယ်ပေါ့ဗျာ။
စာဖတ်ပရိသတ်ကြီးခင်ဗျာ ဒုတိယဖြေဆိုသူရဲ့ အဖြေကို ဖတ်ကြည့်ရုံနဲ့ မျက်စိလည်ကုန်ကြပြီလားဗျာ။
စာစစ်သူတွေလည်း မျက်စိလည်မှာ သေချာပါတယ်ဗျာ။ မေးခွန်း (၆) ပုဒ်လုံးရဲ့ အမှတ်တွေကို စာစစ်သူ ပေါင်းတဲ့အခါ အကြိမ်ကြိမ်အခါခါ ရှေ့လှန်လိုက်၊ နောက်လှန်လိုက်နဲ့ (နောက်ကိုလှန်လိုက်၊ ရှေ့ကိုပြန်လှန် လိုက်နဲ့) ရှုပ်ရှုပ်ထွေးထွေးဖြစ်နေတာပေါ့ဗျာ။ စာစစ်သူတွေဟာ မျက်စိတွေလည်းနောက်၊ ဦးနှောက်တွေလည်း ခြောက်ရပြီလေ။ အဲဒီမှာ မျက်စိမှောက်ပြီး အမှတ်ပေါင်းဖို့ ကျန်သွားတတ်ပါတယ်။
ကျန်ခဲ့တဲ့သာဓကတွေရှိခဲ့ဖူးပါတယ်ဗျာ။ စာဖြေသူပဲ နစ်နာတာပေါ့ဗျာ။ ဒါကြောင့် နံပါတ်အစဉ်အတိုင်းဖြေတာ အကောင်းဆုံးပါဗျာ။ လောလောဆယ်မဖြေနိုင်သေးတဲ့အပုဒ်အတွက် အဖြေလွှာစာရွက်မှာ ကွက်လပ် (လုံလုံလောက်လောက်) (ပိုပိုသာသာ)ချန်ခဲ့ပါဗျာ။ ပြီးမှ အဲဒီကွက်လပ်နေရာမှာ ပြန်ဖြေလို့ ရပါတယ်။ အဲဒီအဖြေလွှာစာရွက်တွေဟာ စာဖြေသူတွေရဲ့ ကိုယ်ပိုင်တွေပါဗျာ။ မိမိတို့ကြိုက်သလို သုံးစွဲလို့ရတယ်ဗျ။
စာမေးပွဲကြေးပေးသွင်းထားရတယ်မဟုတ်လားဗျာ။
သတ္တမအချက်အနေနဲ့ စာမေးပွဲခန်းထဲမှာ တချို့က မဖြေနိုင်တော့ စာမေးချင်လို့ ခုံကိုခေါက်ပြီး အချက်ပေးနေတာတွေ၊ တချို့က မိမိကျောကုန်းကို သူ့ရဲ့လက်ညှိုး၊ ပေတံ၊ ခဲတံနဲ့ တို့တို့နေတာတွေ၊ တချို့က ချောင်းတဟန့်ဟန့် အသံပေးနေတာတွေ၊ တချို့က သူ့ရဲ့ တံတောင်ဆစ်နဲ့ မိမိတံတောင်ဆစ်ကို တို့တို့နေတာတွေရှိတယ်ဗျာ။ အဲဒါတွေကို အားမနာပါနဲ့။ အားနာပြီး သူ့ကိုလှည့်ကြည့်မိရင်၊ စကားပြောမိရင်တော့ကိုယ်လည်း အလိုတူအလိုပါဖြစ်ပြီး စာမေးပွဲစည်းကမ်းအရ နှင်ထုတ်ခံရတတ်ပါတယ်။ နှင်ထုတ်ခံရလို့ မျက်ရည်စက်လက်နဲ့ အိမ်ပြန်သွားရတဲ့ သာဓကတွေရှိပါ့ဗျာ။ ဒါ့ကြောင့် စာမေးပွဲခန်းထဲမှာ ဘယ်သူ့ကိုမှငဲ့နေစရာမလိုပါဘူး။ မြန်မာမှုနယ်ပယ်ထဲမှာ ကြက်သွန်ဟာ ကိုယ့်ဘာသာနေရင် အကောင်းသား၊ ငရုတ်သီးနဲ့ပေါင်းမှရောထောင်းခံရတယ်ဆိုတဲ့ ဆိုရိုးစကားကို သတိပြုကြပါဗျာ။
နောက်ဆုံးအဋ္ဌမအချက်အနေနဲ့ မိမိအတွက် ပြန်လှန်စစ်ဆေးဖို့ အနည်းဆုံးတော့ (၁၅) မိနစ်ခန့်အချိန်ပိုကျန်အောင် ဖြေသင့်ပါတယ်။ တချို့လည်း နာရီဝက် လောက်စောပြီးတာတွေရှိတယ်ဗျ။ အဲဒီပိုနေတဲ့အချိန်တွေမှာ မပျက်မကွက်ပြန်လှန်စစ်ဆေးကြပါဗျာ။ စာမေးပွဲခန်းပြင်ပရောက်မှ ဟာကွာ၊ သိလျက်သားနဲ့ကွာ၊ မေ့ကျန်သွားတယ်ကွာ၊ ဟာကွာ၊ နှစ်ထပ်တင်ဖို့ မေ့ကျန်သွားတယ် အဲဒီလို အာမေဋိတ်သံတွေဟာ စာမေးပွဲခန်းပြင်ပမှာ မကြာခဏ နေ့စဉ်ရက်ဆက်ဆိုသလို ကြားကြားနေရပါတယ်ဗျာ။ ဒါကြောင့် စောစောစီးစီးပြီးတယ်ဆိုပြီး လည်တိုင်တမော့မော့၊ ဦးခေါင်းတယမ်းယမ်းနဲ့ ကြွားလုံး ထုတ်မနေကြပါနဲ့။ အစမှအဆုံးအကြိမ်ကြိမ်အခါခါ ပြန်လှန်စစ်ဆေးသင့်ပါတယ်ဗျာ။ အဲဒီလိုစစ်ဆေးရာမှာ ကြီးကြီးမားမား အမှားအယွင်း မတွေ့ရင်လည်း နငယ်လေးအမြီးတို(န) နေရင်တောင်မှ ယခုလို အမြီး(န) ဆက်ပေးလိုက်ရင် မိမိအတွက် အကျိုးရှိပါကြောင်း တင်ပြရင်း နိဂုံးချုပ်လိုက်ပါတယ်ဗျာ။ ။
တက္ကသိုလ်အငြိမ်းစားဆရာကြီး