အခုမတ်လ ၁၀ ရက်နေ့ဟာ ကမ္ဘာ့ကျောက်ကပ်ကျန်းမာရေးနေ့ ဖြစ်ပါတယ်။ ကျွန်မတို့အားလုံးရဲ့ ကျောက်ကပ်ကလေးတွေ ကျန်းမာသန်စွမ်းအောင် တစ်နည်းအားဖြင့် ကျောက်ကပ်အားနည်းတာမဖြစ်အောင် ဘယ်လိုဂရုစိုက်ပြီး နေထိုင်စားသောက်ရမလဲဆိုတာကို ရည်ရွယ်ပြီး ဒီဆောင်းပါးလေးကို ရေးလိုက်တာပါ။
ကျောက်ကပ်အားနည်းစေတဲ့ အကြောင်းတရားတွေ အများကြီးရှိတဲ့အထဲမှာ အရေးကြီးတာတစ်ခုကတော့ ဆီးချိုရောဂါကို သေသေချာချာဂရုစိုက်ပြီး ကုသမှုမလုပ်တဲ့ အချက်ပါပဲ။ ဆီးချိုရောဂါကို သေသေချာချာ မထိန်းရင် မျက်စိလည်းကွယ်တတ်ပါတယ်။
အဲဒါနဲ့အတူ ကျောက်ကပ်ကိုလည်း အားနည်းစေပါတယ်။ ဆီးချိုရောဂါကို ထိန်းတဲ့နည်းလမ်းတွေကတော့ ကစီဓာတ်ပါတဲ့ အစာတွေလျှော့စားခြင်း၊ ကိုယ်လက်လှုပ်ရှားမှုပုံမှန်ပြုလုပ်ခြင်း၊ ဆီးချိုထိန်းဆေးများ သောက်ခြင်း၊ ထိုးခြင်းတွေပဲဖြစ်ပါတယ်။
အခုဆိုရင် လူတွေရဲ့ နေထိုင်စားသောက်မှုပုံစံက အဝလွန်ခြင်း၊ ဆီးချို၊ သွေးချိုဓာတ်များခြင်းများကို ဖြစ်စေပါတယ်။ ဒါကြောင့်ကိုယ့်မှာဆီးချိုရောဂါဖြစ်ပြီးလား ဆိုတာကို အနည်းဆုံးတော့ ခြောက်လတစ်ခါ။ တစ်နှစ်တစ်ခါ စမ်းသပ်စစ်ဆေးသင့်ပါတယ်။ ဆီးချိုရောဂါရှင်များအနေနဲ့လည်း ကျောက်ကပ်ကို ထိပြီးလားဆိုတာကိုသိဖို့ ဆီးစစ်တာ၊ သွေးစစ်တာလုပ်သင့်ပါတယ်။
ကျောက်ကပ်ကို အားနည်းစေတဲ့ နောက်ထပ်ရောဂါတစ်ခုကတော့ သွေးတိုးရောဂါဖြစ်ပါတယ်။ ခေတ်ပေါ် အစားအစာတွေ၊ အသင့်စား အစားအစာတွေမှာ ဆားတွေ၊ ဆိုဒါတွေ၊ အချိုမှုန့်တွေပါဝင်မှုများတဲ့အတွက် ဒီ ၂၁ ရာစုပိုင်းမှာ အသက်မကြီးသေးသူတွေမှာတောင် သွေးတိုးရောဂါဖြစ်တာ တွေ့ရပါတယ်။ ဟိုတုန်းကတော့ အသက် ၄၀-၅၀ ကျော်မှ သွေးတိုးရောဂါဖြစ်တတ်တာလေ။ အခုဆိုရင် အသက် ၃၀ ဝန်းကျင်တွေမှာတောင် သွေးတိုးဖြစ်တာ သွေးတိုးမှန်းမသိဘဲ လေဖြတ်ရောဂါဖြစ်တော့မှ သွေးတိုးရှိမှန်းသိတာတို့ တွေ့လာရပါတယ်။ သွေးတိုးရောဂါကို သေသေချာချာဆေးမသောက်ရင် သို့မဟုတ် အစားမဆင်ခြင်ရင် ကျောက်ကပ် အားနည်းတာတို့၊ လေဖြတ်တာတို့၊ နှလုံးသွေးကြောကျဉ်းတာတို့ ဖြစ်လာနိုင်ပါတယ်။
အဲဒါကြောင့် သွေးတိုးရောဂါအသက်ငယ်ငယ်မှာကတည်းက မဖြစ်အောင်၊ အစားအသောက်ဆင်ခြင်ရမယ်။ အငန်ဓာတ်များတာတွေ ရှောင်ရမှာပေါ့နော်။
မြန်မာအစားအစာထဲမှာ ငန်တာတွေက ဆား၊ ငါးပိ၊ ငါးခြောက်၊ ငံပြာရည် ပဲပေါ့။
အဲဒါဆိုရင် ဆားပေါ့ခြောက်ဆိုရင်ရော ဆားပေါ့ခြောက်ဆိုရင်လည်း ဆင်ခြင်သင့်ပါတယ်။ ဒါ့အပြင်တာရှည်ခံ အချဉ်တွေ ဥပမာ-မုန်ညင်းချဉ်၊ ကြက်သွန်ချဉ်၊ ခံတက်ချဉ်တွေမှာလည်း ဆားပါဝင်မှုများပါတယ်။
ဆီတို့ဟူးလည်းအတူတူပဲပေါ့။ မငန်ပေမယ့် ဆား(ဆိုဒီယမ်) ပါဝင်မှုပမာဏများတာက နွယ်ချိုလေ။ လျက်ဆားတွေမှာပါတာပေါ့။
အသင့်စားအစာတွေ အာလူးကြော်၊ ငါးမုန့်ကြော်၊ ငါးအရေခွံကြော်တွေမှာလည်း အချိုမှုန့်ဓာတ်ရော၊ ဆားဓာတ်ရော များတာမို့ တတ်နိုင်သရွေ့ရှောင်သင့်ပါတယ်။ ခေါက်ဆွဲဆိုရင်လည်း ဆော်ဒါဓာတ်များတာပေါ့။
အစာရှောင်ရုံတင်မကဘူး သွေးပေါင်ကျဆေးလည်း မှန်မှန်သောက်ရမှာပေါ့လေ။
ဒါ့အပြင် အဝလွန်ရင်လည်း သွေးတိုးတာဆီးချိုဖြစ်တာ ပိုဆိုးတတ်တာကြောင့် အဝလွန်တာကိုလည်း ကစီဓာတ်လျှော့စားခြင်းဖြင့် ထိန်းနိုင်ပါတယ်။ ဒါ့အပြင် သင့်တင့်တဲ့ ကိုယ်လက်လှုပ်ရှားမှုလုပ်ခြင်း၊ အလုပ်ဖိစီးမှုကိုလျှော့ခြင်း၊ အနားယူခြင်း၊ တရားထိုင်ခြင်း အစရှိသော နည်းလမ်းများပါ ထပ်လောင်းပြီး သွေးတိုးရောဂါကို ထိန်းထားနိုင်ပါတယ်။ ဒါဆိုရင် ကျောက်ကပ်အားနည်းတာဖြစ်ဖို့လည်း ဝေးသွားတာပေါ့။
ကျောက်ကပ်အားနည်းတာ အစပိုင်းမှာ သိပ်မသိသာတတ်ပေမယ့် ကြာလာရင်အစာလည်း မစားနိုင်ဖြစ်လာ တတ်ပါတယ်။
ခံတွင်းပျက်တာပေါ့နော်။ သွေးအားလည်းနည်းလာတယ်။ ပိန်လာတယ်။ တချို့မှာခြေထောက်တွေ ယောင်လာတတ်တာပေါ့။
သိပ်ဆိုးလာရင် ကျောက်ကပ်က အလုပ်လုံးဝ မလုပ်သလောက်ဖြစ်သွားတာပေါ့။
အဲဒီအချိန်မှာ ခန္ဓာကိုယ်က အညစ်အကြေးတွေကို စွန့်ထုတ်ဖို့အတွက် ကျောက်ကပ်သွေးသန့်စင်စက်နဲ့မှ ပဲရတော့မယ်ပေါ့။
တကယ်လို့ နှစ်ခါသုံးခါလောက် ကျောက်ကပ်ဆေးနေမှ အသက်ရှင်နိုင်တော့မှာပေါ့။
သို့တည်းမဟုတ် ဝမ်းဗိုက်ထဲမှာ ဆေးရည်ဖြင့် ပုံမှန်ဆေးခြင်းလုပ်ရင်လည်းရပါတယ်။
ဒါ့အပြင် ကျောက်ကပ်အစားထိုးတဲ့နည်းနဲ့လည်း အသက်ရှင်နိုင်ပါတယ်။ ဘယ်လောက်များ ကရိကထများ လိုက်မလဲနော်။
ငွေကုန်ကြေးကျလည်း များမှာပေါ့။ လူနာရော မိသားစုရော စိတ်ပင်ပန်းကြမှာပေါ့။
ဒါကြောင့်မို့လို့ မိမိတို့ရဲ့ ကျောက်ကပ်လေး ကျန်းကျန်းမာမာနဲ့ အလုပ်လုပ်နေရင် တစ်နည်းအားဖြင့် သက်ရှည်ကျန်းမာအောင် သွေးတိုးရောဂါ၊ ဆီးချိုရောဂါမဖြစ်အောင် ကြိုတင်ဆင်ခြင်ကြပါ။ ရောဂါဖြစ်လာပြီဆိုရင်လည်း ဂရုတစိုက်နဲ့ဆေးဝါးရော၊ အစားအစာရော၊ လေ့ကျင့်ခန်းရော လုပ်ကြပါလို့ တိုက်တွန်းလိုပါတယ်။ အခုဒီဆောင်းပါးကို ဖတ်ပြီးရင် အခုကစပြီး ဆင်ခြင်လိုက်ပါ။ အချိန်မနှောင်းသေးပါ။
နောက်ထပ်ကျောက်ကပ်အားနည်းတာကို ဖြစ်စေတာကတော့ ဆေးတွေကြောင့်ပါပဲ။ အင်္ဂလိပ်ဆေးပဲဖြစ်ဖြစ်၊ မြန်မာဆေးပဲဖြစ်ဖြစ်၊ ရှမ်းဆေးပဲဖြစ်ဖြစ်၊ ကချင်ဆေးပဲဖြစ်ဖြစ်၊ တရုတ်ဆေးပဲဖြစ်ဖြစ်၊ ဆေးတွေအားလုံးဟာ ကျောက်ကပ်ကို ထိခိုက်စေနိုင်ပါတယ်။ ဆေးတစ်လုံးတည်းနဲ့ကို ကျောက်ကပ်ပျက်စီးသွားတာဖြစ်နိုင်ပါတယ်။ ကျွန်မတို့လူမျိုးက ယုံလွယ်တယ်လေ။ သူငယ်ချင်းအချင်းချင်း ဒီဆေးသောက်ရင် စားဝင်အိပ်ပျော်တယ်ဆိုရင် လိုက်ပြီးသောက်ကြည့်တတ်ကြပါတယ်။ ကြာလာမှ ကျောက်ကပ်အားနည်းတာသိလာကြပါတယ်။ ဒါကြောင့်ဆရာဝန်ညွှန်တဲ့ဆေးကိုပဲ သောက်ပါလို့ တိုက်တွန်းလိုပါတယ်။
နောက်တစ်ခုကတော့ ဆီးပိုးခဏခဏ ဖြစ်တာလေ အမျိုးသမီးတွေမှာ ဆီးပိုးခဏခဏဝင်တတ်ပါတယ်။ အမျိုးသားများမှာတော့ အသက်ကြီးမှ ဆီးကျိတ်ကြီးတဲ့အရွယ်မှ ဆ်ီးပိုးဝင်တတ်တာပါ။ ဆီးပိုးဝင်တာကို သေသေချာချာကုသသင့်ပါတယ်။
ဒါ့အပြင် ဆီးကျောက်တည်ခြင်း အထူးသဖြင့် ကျောက်ကပ်မှာ ကျောက်တည်ပြီး ဆီးလမ်းကြောင်းပိတ်တာ ကြာရင်လည်း ကျောက်ကပ်အားနည်းတတ်ပါတယ်။ ဆီးကျောက်မတည်အောင် ရေများများသောက်တာ လုပ်သင့်ပါတယ်။ ကျောက်အမျိုးအစားပေါ်မူတည်ပြီး အစားအစာဆင်ခြင်ရပါတယ်။ ယူရစ်အက်စစ်ကြောင့် ဖြစ်တဲ့ ကျောက်ဆိုရင် မှိုတို့၊ မျှစ်တို့၊ ကညွတ်တို့၊ ကလီစာတို့၊ အသားနီအသား၊ စတော်ဘယ်ရီသီး၊ ခရမ်းချဉ်သီး၊ ငါး၊ ပုစွန်သေးသေးလေးတွေ ရှောင်သင့်ပါတယ်။
တချို့ကျောက်တွေ (အောက်ဆဲလိတ်) အတွက်ဆိုရင် ကော်ဖီလျှော့သောက်တာ၊ လက်ဖက်ရည်လျှော့ သောက်တာ၊ ဟင်းနုနယ်၊ ချဉ်ပေါင်ရွက်များ စားသင့်ပါတယ်။
အရည်ရွှမ်းအချဉ်ဓာတ်ပါသည့် အသီးများ (သံပရာသီး၊ ရှောက်သီး၊ ဂရိတ်ဖရုသီး)များသည် ကျောက်ဖြစ်ခြင်းကို ဟန့်တားစေပါတယ်။ ကယ်ဆီယမ်ဓာတ်များတဲ့ နို့နဲ့နို့ထွက်ပစ္စည်းတွေဟာ အောက်ဆဲလိတ်ကျောက် ဖြစ်ခြင်းကို ကာကွယ်ပေးပါတယ်။
နောက်တစ်ခုက ကိုလာပါတဲ့ ဖျော်ရည်တွေဟာ ဖော့စဖိတ်ဓာတ်များသဖြင့် ကျောက်ဖြစ်နိုင်ပါတယ်။ ကိုလာသောက်တာ လျှော့သင့်ပါတယ်။ ဘီယာလည်း ရှောင်သင့်ပါတယ်။
အချုပ်ပြောရရင်တော့ ကျွန်မတို့ အားလုံးရဲ့ ကျောက်ကပ်လေးတွေ ကျန်းမာအောင် အစားအသောက် အနေအထိုင်ပုံစံတွေ ပြောင်းကြရပါမယ်။ ဆီးချိုရောဂါ၊ သွေးတိုးရောဂါ၊ ဆီးပိုးဝင်ရောဂါ၊ ဆီးကျောက်တည် ရောဂါတွေကို သေသေချာချာ ကုသကြရပါမယ်။ ကိုယ်လက်လှုပ်ရှားမှုဟာ ဆီးချိုရောဂါနဲ့ သွေးတိုးရောဂါအတွက် အရေးကြီးပါတယ်။ ဘယ်သူပြောပြော ဆရာဝန်ညွှန်တာမဟုတ်ရင် ဘယ်ဆေးမှ မသောက်သင့်ပါ။ မတ် ၁၀ ရက် ကမ္ဘာ့ကျောက်ကပ်ကျန်းမာရေးနေ့ ကို လူသားအားလုံးအတွက် ကျောက်ကပ်ကျန်းမာရေး အားလုံးဝိုင်းဝန်းလုပ်ဆောင်ပေးခြင်း ဖြင့် ကြိုဆိုကြပါစို့။ ။
ပါမောက္ခဒေါက်တာခင်ဖြူပြာ