မြန်မာတို့၏ နယ်ချဲ့ဆန့်ကျင်ရေး၊ ဖက်ဆစ်တော်လှန်ရေး၊ လုံးဝလွတ်လပ်ရေးကြိုးပမ်းမှုများတွင် တပ်မတော်သည် အမျိုးသားရေးရှေ့ဆောင်ရှေ့ရွက်အင်အားစုကြီး ဖြစ်သည်။ မြန်မာနိုင်ငံတွင် မျိုးချစ်စိတ်ဓာတ် ရှင်သန်မှုကို စတင်မျိုးစေ့ချပေးခဲ့သော ဝိုင်အမ်ဘီအေ အသင်းကြီးကဲ့သို့ တည်တံ့ရှည်ကြာသော အဖွဲ့အစည်းကိုပြပါဆိုလျှင် ထိုအဖွဲ့အစည်းမှာ တပ်မတော်သာဖြစ်ပေသည်။ လွတ်လပ်ရေးမရခင်က လွတ်လပ်ရေးရရှိရေးအတွက် ကြိုးပမ်းခဲ့သည်။ လွတ်လပ်ရေး ရပြီးသောအခါ ထိုလွတ်လပ်ရေးကြီး တည်တံ့ခိုင်မာစေရေး ကာကွယ်စောင့်ထိန်းပေးရပြန်သည်။ နိုင်ငံတော်အတွက်ဆိုပါလျှင် တပ်မတော်သည် ကျစ်လျစ်ခိုင်မာ၍ စုစည်းညီညွတ်သော အဖွဲ့အစည်း ဖြစ်ပေသည်။
နိုင်ငံတော်၏ ဖြတ်သန်းခဲ့ရသော သမိုင်းကြောင်းတွင် နိုင်ငံရေး၊ စစ်ရေးမုန်တိုင်း အမျိုးမျိုး ပေါ်ပေါက်ခဲ့သည်။ ထိုသို့ပေါ်ပေါက်လာသည့်အခါတိုင်း တပ်မတော်က ရှေ့ဆုံးမှကာကွယ်ခဲ့ရသည်။ လွတ်လပ်ရေးရပြီးစ နိုင်ငံ့အခြေအနေကို ပြန်တွေးကြည့်လိုက်လျှင် ရရှိပြီးသော လွတ်လပ်ရေးကြီး ဘယ်နေ့များပြန်ဆုံးသွားမလဲ ဆိုသောစိတ်ဖြင့် အသည်းတထိတ်ထိတ် ရင်တဖိုဖို ဇာတ်လမ်းတစ်ခုကို ကြည့်နေရသကဲ့သို့ ခံစားနေကြရသည်။
ဖက်ဆစ်တော်လှန်ရေးတွင် အတူတကွညီညွတ်စွာလက်တွဲခဲ့သူတို့သည် လွတ်လပ်ရေးနှင့်အတူ ဂိုဏ်းဂဏစွဲ၊ ဝါဒစွဲ၊ လူမျိုးစွဲဖြင့် ကွဲပြားခြားနားသွားကြသည်။
ကွန်မြူနစ်ဝါဒကို သက်ဝင်ယုံကြည်သူတို့က နယ်ချဲ့တို့ပေးသော လွတ်လပ်ရေးကို အတုအယောင် လွတ်လပ်ရေးဟု သတ်မှတ်ကြသည်။ သခင်စိုး ဦးဆောင်သော ကွန်မြူနစ်ပါတီက လွတ်လပ်ရေးမရမီကပင် တောခိုခဲ့ပြီး သခင်သန်းထွန်း ဦးဆောင်သော ကွန်မြူနစ်ပါတီက လွတ်လပ်ရေးရပြီး မကြာမီတောခို သွားကြသည်။ ဖက်ဆစ်တော်လှန်ရေးကာလတွင် အင်အားများပြားခဲ့သောတပ်မတော်သည် နယ်ချဲ့တို့ ဒုတိယအကြိမ် မြန်မာနိုင်ငံသို့ ပြန်ရောက်သည်နှင့် တပ်မတော်အင်အားကို လျှော့ချခြင်း ခံရပြန်သည်။ ထိုသူများကို ပြည်သူ့ရဲဘော်များဟု ဗိုလ်ချုပ်အောင်ဆန်းက သီးခြားဖွဲ့ပေးထားခဲ့သည်။ ထိုပြည်သူ့ရဲဘော်များ သည်လည်း လွတ်လပ်ရေး ရပြီးသောအခါ ရဲဘော်ဖြူနှင့်ရဲဘော်ဝါဟူ၍ ကွဲသွားကြပြန်သည်။ ထိုသူအားလုံးတို့ သည်လည်း တောခိုသွားကြပြန်သည်။
ကျေးလက်တောရွာဘုန်းကြီးကျောင်းများတွင် ကိုရင်ဝတ်သူနည်းပါးလှသည်။ ထိုနည်းပါးသည့်အထဲမှ ရှင်အဂ္ဂသည် လူထွက်ပြန်သောအခါ ရှင်နည်းရာအဂ္ဂလူထွက် ဆိုစကားကိုသုံးခဲ့ကြသည်။ ထိုအချိန်က တပ်မတော် အနေအထားသည်လည်း ဤနည်းဤပုံဖြစ်ခဲ့သည်။ တပ်မတော်တပ်ရင်းများ အင်အားသည် လက်ချိုးရေတွက်၍ ရနိုင်သည့် အနေအထားမှ ကွန်မြူနစ်ဝါဒမှိုင်းမိသူတို့က တပ်ရင်းအလိုက် တောခိုကြပြန်သည်။
ယနေ့မျိုးဆက်သစ် လူငယ်တို့အနေဖြင့် သမိုင်းမှန်ကိုသိသင့်သည်။ လေ့လာသင့်သည်။ ဤဖြစ်ရပ်မှန်များသည် လိမ်လည်လှည့်ဖြားမှုတစ်ခုမျှမပါ။ လွတ်လပ်ရေးရပြီးစ အချိန်က နိုင်ငံတော်အစိုးရကို သောင်းကျန်းသူ အဖွဲ့အစည်းမျိုးစုံ ဆန့်ကျင်ပုန်ကန်ကြသည်။ လူမျိုးရေးလက်နက်ကိုင်များလည်း ပါဝင်သည်။ ထိုစဉ်က နိုင်ငံတော်ဝန်ကြီးချုပ် ဦးနုနှင့်အဖွဲ့သည် အိန္ဒိယနိုင်ငံသို့သွားရောက်ရှောင်တိမ်းရန်ပြင်ဆင်ခဲ့သည်ကို ရဲဘော်သုံးကျိပ်ဝင် ဗိုလ်ချုပ်ကြီးနေဝင်းက တပ်မတော်အနေနဲ့ သောင်းကျန်းသူတွေကို နိုင်အောင် တိုက်ထုတ်ပါမည်ဟု ကတိခံကာ ဝန်ကြီးချုပ်၏ အစီအစဉ်ကို ပယ်ဖျက်စေခဲ့သည်။
နိုင်ငံအနှံ့ရှိမြို့ကြီးများကို သောင်းကျန်းသူတို့က ထိန်းချုပ်ထားသည်။ အစိုးရ၏အာဏာစက်မှာ ရန်ကုန်မြို့ ကွက်ကွက်ကလေးတွင်သာ သက်ရောက်မှုရှိသည်။ တပ်မတော်ကသာ စွန့်စွန့်စားစားတိုက်ပွဲ မဝင်ခဲ့သော် မြန်မာနိုင်ငံသည် အစိတ်စိတ်အမြွှာမြွှာ ဖြစ်နေမည်သာ သေချာပါသည်။ ထိုအချိန်က ကာကွယ်ရေးဦးစီးချုပ် ဖြစ်သူ ဗိုလ်ချုပ်ကြီးနေဝင်းသည် ပါတီစွဲ၊ ဝါဒစွဲကင်းရှင်းစွာဖြင့် ငါ့နိုင်ငံတော်၊ ငါ့နိုင်ငံသား၊ ငါ့တပ်မတော် အတွက်ဟူသော မွန်မြတ်သည့်စိတ်ဖြင့် ရောင်စုံသောင်းကျန်းသူ ပေါင်းမြောက်မြားစွာကို အနိုင်တိုက်ခဲ့ခြင်း ဖြစ်သည်။ တပ်မတော်သားတို့သည် ကြံ့ခိုင်သည့် စိတ်ဓာတ်ရှိခဲ့သည်။ စွန့်လွှတ်စွန့်စားသည့် စိတ်ဓာတ်ရှိခဲ့သည်။ ရန်သူနှင့် ရင်ဆိုင်ရာတွင် ကျည်တစ်တောင့် လူတစ်ယောက်ကျန်သည်အထိ တိုက်ရဲသည့် စိတ်ဓာတ်ရှိခဲ့သည်။ တပ်မတော်၏ ဂုဏ်ကို အသက်စွန့်ပြီး မြှင့်တင်လိုသည့် စိတ်ဓာတ်ရှိခဲ့သည်။ ရဲဘော်ရဲဘက်စိတ်ဖြင့် အချင်းချင်း ရိုင်းပင်းကူညီလိုသည့် စိတ်ဓာတ်များ ရှိခဲ့သည်။ ထို့ကြောင့် တိုက်ပွဲတစ်ရာအောင်ပွဲတစ်ရာ ဖြစ်ခဲ့သည်။
ထိုစဉ်က နိုင်ငံတော်အစိုးရအဖွဲ့ဝန်ကြီးချုပ်ဖြစ်သူ ဦးနုသည် အလျဉ်းသင့်တိုင်း တပ်မတော်၏ ဆောင်ရွက် ချက်များကို ချီးကျူးဂုဏ်ပြုစကား ပြောကြားခဲ့သည်။ ထို့ကြောင့် အစိုးရတွင် အခက်အခဲပေါ်လာတိုင်း တပ်မတော်ကို အားကိုးခဲ့သည်။ တပ်မတော်အနေဖြင့်လည်း နိုင်ငံတော်တွင် အရေးပေါ် အခြေအနေဖြစ်လာတိုင်း နိုင်ငံတော်၏ တာဝန်အရပ်ရပ်ကို ဦးဆောင်ခဲ့ရသည်ဖြစ်ပေရာ မည်သည့် အချိန်အခါမဆို တပ်မတော်သား တို့သည်ကား အထက်ကပေးအပ်သော အမိန့်နှင့်တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်နေမည်သာ ဖြစ်သည်။
နိုင်ငံတော်အပေါ် ကျရောက်လာမည့် မည်သည့်အန္တရာယ်မျိုးကိုမဆို သက်စွန့်ကြိုးပမ်း ထမ်းဆောင်နေမည်သာ ဖြစ်သည်။ တပ်မတော်သည် နိုင်ငံတော်အတွက် ကောင်းမွန်သော သမိုင်းကြောင်းများနှင့် ရပ်တည်လျက် ရှိပါကြောင်း ဂုဏ်ပြုရေးသား လိုက်ရပေသည်။ ။