ရှမ်းပြည်နယ်(မြောက်ပိုင်း)တွင် ယခုနှစ်မိုးရာသီ၌ စိုက်ပျိုးသော အစေ့ထုတ်ပြောင်းစိုက်ခင်းများ ဖြစ်ထွန်း အောင်မြင်ကြသော်လည်း ပြောင်းဖူးရင့်ချိန် ချိုးခါနီးတွင် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ပြောင်းဖူးအတွင်း မိုးရေများဝင်ရောက်သဖြင့် ပျက်စီးမှုအနည်းငယ်ဖြစ်ပေါ်ကြောင်း လားရှိုးမြို့ ရပ်ကွက်(၁၂)မှ ကိုယ်တိုင်စိုက်ပျိုး လုပ်ကိုင်ပြီး အစာစပ်လုပ်ငန်းလုပ်ကိုင်သူ ဦးလောက်စန်းထံမှ သိရသည်။
“အစေ့ထုတ်ပြောင်းတွေကတော့ စတင်ချိုးယူနေပါပြီ။ ကျွန်တော်တို့မိသားစုက ကိုယ်တိုင်ပဲစိုက်ပျိုးတယ်။ ဝယ်လည်းဝယ်ပါတယ်။ အစာစပ်တဲ့အလုပ်ကို လုပ်ကိုင်ရတာဆိုတော့ ပေါက်ဈေးအတိုင်း ဝယ်ရတာပေါ့။ ဒီနှစ်ပြောင်းရင့်တဲ့အချိန် မိုးရွာတာများတော့ ပြောင်းဖူးအစေ့တွေမှာ အမည်းစက်ကလေးတွေဖြစ်တာ၊ ထိပ်ရှုံ့တာလေးတွေရှိတယ်။ အရင်တုန်းက လိုတော့ ဈေးမရဘူး။ လက်ရှိ ပြောင်းတစ်ပိဿာငွေကျပ် ၄၀၀ ရှိပါတယ်” ဟု ပြောင်းစိုက်တောင်သူ ဦးလောက်စန်းက ပြောသည်။
ပြောင်းစိုက်ပျိုးရာတွင် ထွက်ရှိသော ပြောင်းများကို ပြည်တွင်း၌သာ ပြန်လည်ရောင်းချရသဖြင့် ဈေးကောင်း မရရှိကြောင်း၊ ယခုနှစ်တွင် စိုက်ပျိုးရေးအချိန်၌ မိုးရွာသွန်းမှု နောက်ကျသောကြောင့် စိုက်ပျိုးရေးလုပ်ငန်းများ လုပ်ကိုင်ရာတွင် နောက်ကျခဲ့ပြီး ပြောင်းဖူးရင့်ချိန်တွင် မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် အနည်းငယ်ပျက်စီးမှုများ ဖြစ်ပွားလျက် ရှိကြောင်း သိရသည်။