မြန်မာနိုင်ငံ၏ သမိုင်းကြောင်းကို ပြန်ပြောင်းလေ့လာကြည့်မည် ဆိုပါက ပျူမြို့ပြနိုင်ငံများသည် ပုဂံခေတ် မတိုင်မီ ဘီစီ ၉၂၅ မှ အေဒီ ၉၄ ထိ ထင်ထင်ရှားရှား ရှိခဲ့သည်။ ပျူမြို့ပြနိုင်ငံများ၏ သမိုင်းကြောင်းသည် လွန်စွာမြင့်မားခဲ့သည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် မတ်လ ၉ ရက်နေ့က နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်မှ နည်းပြအရာရှိကြီးများနှင့် သင်တန်းသား အရာရှိကြီးများအား Video Conferencing ဖြင့် အမှာစကား ပြောကြားရာတွင် ပျူယဉ်ကျေးမှု သမိုင်းကြောင်း မြင့်မားမှုနှင့် ပတ်သက်၍ မိမိအနေဖြင့် မကြာသေးမီက ဗိဿနိုးရှေးဟောင်းယဉ်ကျေးမှုနယ်မြေသို့ သွားရောက်ခဲ့ပြီး ပျူခေတ်သမိုင်းကြောင်း အထောက်အထားများကို လေ့လာခဲ့ရကြောင်း၊ ပျူခေတ်ယဉ်ကျေးမှုများသည် သမိုင်းကြောင်း မြင့်မားသဖြင့် ပျူစာပေယဉ်ကျေးမှုများကို ဖော်ထုတ်ထိန်းသိမ်း ဆောင်ရွက်ရမည်ဖြစ်ပြီး မိမိနိုင်ငံ၏ သမိုင်းကြောင်းယဉ်ကျေးမှုကို သိရှိထိန်းသိမ်းမှ သာလျှင် သမိုင်းကြောင်း အစဉ်အလာမြင့်မားခဲ့မှုကို လက်ဆင့်ကမ်းနိုင်မည် ဖြစ်ကြောင်း၊ ထို့ကြောင့် စစ်တက္ကသိုလ်၌ ယခင်ကပင် ပျူစာပေလေ့လာ သင်ကြားမှုကို ဖြစ်မြောက်အောင်ဆောင်ရွက်ပေးခဲ့ကြောင်း ပြောကြားခဲ့သည်။
နိုင်ငံသားတိုင်းသည် မိမိနိုင်ငံ၏ နိုင်ငံရေးသမိုင်းကြောင်းကို မှန်မှန်ကန်ကန် သိရှိရန် လိုအပ်ပေသည်။
သမိုင်းကြောင်းတွင် မြန်မာနိုင်ငံသည် အချုပ်အခြာအာဏာပိုင် တည်တံ့ခိုင်မြဲသည့်ရေမြေပိုင် နက်နယ်နိမိတ်နှင့် ခိုင်မာသည့်သမိုင်းကြောင်း ရှိခဲ့သည့်နိုင်ငံ ဖြစ်သည်။ အနော်ရထာ၊ ဘုရင့်နောင်၊ အလောင်းဘုရားမင်းကြီး သုံးပါးသည် ဘုန်းလက်ရုံးကြီးမားခဲ့ပြီး နိုင်ငံတော်အား တည်ဆောက်ရာတွင် အင်အားကြီးမား၍ စွမ်းရည်ထက်မြက်သော တပ်မတော်များကို အခြေပြုလျက် တည်ထောင်နိုင်ခဲ့သည်ကို တွေ့ရှိရမည် ဖြစ်ပါသည်။
တပ်မတော်တစ်ရပ်၏ အရေးပါမှုကို သမိုင်းတွင် ထင်ထင်ရှားရှား တွေ့မြင်နိုင်သည်။
လွတ်လပ်ရေး ရရှိပြီးချိန်မှစ၍ နိုင်ငံတော်ကိုအုပ်ချုပ်ခဲ့သော အစိုးရအဆက်ဆက်ကို ပိုင်းခြားကြည့်လျှင် ၁၉၄၈ ခုနှစ်မှ ၁၉၅၈ ခုနှစ်ထိသည် ဖဆပလအစိုးရကာလ၊ ၁၉၅၈ ခုနှစ်မှ ၁၉၆၀ ပြည့်နှစ်အထိ အိမ်စောင့်အစိုးရကာလ၊ ၁၉၆၀ ပြည့်နှစ်မှ ၁၉၆၂ ခုနှစ်အထိ သန့်ရှင်းဖဆပလအစိုးရကာလ၊ ၁၉၆၂ ခုနှစ်မှ ၁၉၈၈ ခုနှစ်ထိ တော်လှန်ရေးကောင်စီနှင့် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ် ပါတီကာလ၊ ၁၉၈၈ မှ ၂၀၁၀ ပြည့်နှစ်ထိ တပ်မတော်အစိုးရကာလ၊ ၂၀၁၀ မှ ၂၀၂၀ ပြည့်နှစ်ထိ ဒီမိုကရေစီအစိုးရကာလတို့ ဖြစ်သည်။ တပ်မတော်သည် နိုင်ငံလွတ်လပ်ရေးကြိုးပမ်းမှု သမိုင်းနှင့်အတူ ပေါ်ပေါက်လာခြင်း ဖြစ်သည့်အတွက် နိုင်ငံတွင် အရေးကိစ္စ ပေါ်ပေါက်လာတိုင်း အမျိုးသားနိုင်ငံရေးတွင် ဦးဆောင် ပါဝင်ခဲ့ရသည်။
၂၀၂၁ ခုနှစ်မှယနေ့အချိန်အထိကာလမှာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက တာဝန်ယူဆောင်ရွက် နေရသော ကာလဖြစ်သည်။ နိုင်ငံတော် အစိုးရအနေဖြင့် နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ကိုကာကွယ်စောင့်ရှောက်ကာ ထိုဥပဒေနှင့်အညီ နိုင်ငံတော်ကိုစီမံအုပ်ချုပ်နေခြင်း ဖြစ်သည်။ တပ်မတော်က ဦးဆောင်တာဝန်ယူထားသည် ဆိုသော်လည်း အရပ်ဘက် စစ်ဘက်မျှတစွာ ပါဝင်ပေါင်းစုထားသည့် အစိုးရ တစ်ရပ်သာဖြစ်သည်။ တပ်မတော်သည် ဖွဲ့စည်းပုံအခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ရန် အဓိကတာဝန် ရှိသည်နှင့်အညီ အဆိုပါ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဆန့်ကျင်ကာ ပါတီစုံဒီမိုကရေစီအစား တစ်ပါတီတည်းက ကြီးစိုးလွှမ်းမိုးရေးကို ဦးတည်လုပ်ဆောင်ပြီး မဲမသမာမှုများနှင့် တရားမဲ့ပြုကျင့်မှုများကြောင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီပေါ်ပေါက်လာခြင်း ဖြစ်ပါသည်။ တစ်နည်းအားဖြင့် ဆိုရသော် ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာစေရေးအတွက် နိုင်ငံတော်တာဝန်များကို အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် ထိန်းသိမ်းဆောင်ရွက်ခဲ့ရခြင်းပင် ဖြစ်ပါသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ရှေ့လုပ်ငန်းစဉ် ၅ ရပ်၊ ဦးတည်ချက် ၉ ရပ်တို့ကို ချမှတ်၍ စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီလမ်းကြောင်းကို လျှောက်လှမ်းလျက်ရှိသည်။ ရှေ့လုပ်ငန်းစဉ် ၅ ရပ်တွင် ပထမဆုံး လုပ်ငန်းစဉ်ဖြစ်သည့် မဲစာရင်းစစ်ဆေးခြင်းများကို ဦးစားပေးဆောင်ရွက်ခဲ့သည်။ ရွေးကောက်ပွဲ ကော်မရှင်မှ စစ်ဆေးတွေ့ရှိသည့် မဲစာရင်းမသမာမှုများသည် တပ်မတော်မှ စစ်ဆေးတွေ့ရှိသည့် ရလဒ်များ ထက်ပင်ပိုမိုများပြားနေသည်။ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် အနေဖြင့် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ မဲမသမာမှု တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေး တွေ့ရှိချက်များကို ပြည်တွင်းပြည်ပသို့ တိတိကျကျ ခိုင်ခိုင်မာမာ တင်ပြခဲ့ပြီး ဖြစ်ပါသည်။ ဆိုလိုသည်မှာ ရွေးကောက်ပွဲ မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများသည် ငြင်းချက်ထုတ်၍ မရလောက်အောင်ပင် ပြုလုပ်ခဲ့ကြောင်း ထင်ရှားလှသည်။
ရွေးကောက်ပွဲဆိုသည်မှာ ဒီမိုကရေစီစနစ်၏ အသက်ပင်ဖြစ်ပေသည်။ မြန်မာနိုင်ငံတွင် စနစ်အမျိုးမျိုးကို ကျင့်သုံးခဲ့ကြပြီး လက်ရှိနိုင်ငံရေးစနစ်မှာ စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်ဖြစ်ရာ ထိုစနစ်လမ်းကြောင်း လွဲချော်နေသည်ကို တွေ့မြင်ကြား သိနေရပါလျက် တပ်မတော်အနေဖြင့် မသိကျိုးကျွန် ပြုနေမည်ဆိုပါက နိုင်ငံတော်၏ အမျိုးသားနိုင်ငံရေး ဦးဆောင်မှု အခန်းကဏ္ဍတွင် တပ်မတော်က ပါဝင် ထမ်းဆောင်နိုင်ရေးတို့ကို အစဉ်တစိုက်ဦးတည်သည် ဟူသော ဖွဲ့စည်းပုံအခြေခံဥပဒေက ပေးအပ်ထားသည့် တာဝန်ကိုလွှဲရှောင်ရာလည်း ရောက်ပေလိမ့်မည်။ ထို့ကြောင့်တပ်မတော်သည် အမျိုးသားရေး တာဝန်ထမ်းဆောင်နေရခြင်း ဖြစ်ပါကြောင်း ရေးသားလိုက်ရပေသည်။ ။