နိုင်ငံတော်နှင့် တပ်မတော်အတွက်အမြင် ၄ မြင်
အယ်ဒီတာ့အာဘော်
(၂ဝ၂၂ ခုနှစ်၊ မတ် ၁၃ ရက်)
နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မတ်လ ၉ ရက်နံနက်ပိုင်းတွင် နိုင်ငံတော် ကာကွယ်ရေးတက္ကသိုလ်မှ နည်းပြအရာရှိကြီး များနှင့် သင်တန်းသားအရာရှိကြီးများအား Video Conferencing ဖြင့် အမှာစကားပြောကြားရာတွင် ''နိုင်ငံတော်ကာကွယ်ရေး တက္ကသိုလ်သည် နိုင်ငံတော်နှင့် တပ်မတော်အတွက် အရေးကြီးသည့်တက္ကသိုလ် တစ်ခုဖြစ်ပြီး သင်တန်းသားများကို မှန်ကန်သည့်အယူအဆများ၊ တိကျပြတ်သားသည့် ဆုံးဖြတ်ချက်များ ချမှတ်နိုင်ရေးနှင့် တိုင်းပြည်၏ ပကတိအခြေအနေမှန်များကိုသိရှိကာ မှန်ကန်သည့်အတွေးအမြင်များ ရရှိစေရေး အတွက် နိုင်ငံ့အရေးကို ဆောင်ရွက်ရာတွင် နိုင်ငံရေး၊ စီးပွားရေး၊ အုပ်ချုပ်ရေးနှင့် ကာကွယ်ရေးစသည့် အမြင် ၄ မြင်ဖြင့် ထည့်သွင်းစဉ်းစား တွက်ချက်တတ်စေရန် ဆွေးနွေးပို့ချပေးလျက်ရှိကြောင်း'' ပြောကြားခဲ့သည်။
နိုင်ငံတော်ကာကွယ်ရေး တက္ကသိုလ်သည် သင်တန်းသားများကို အဆင့်မြင့်ရာထူး တာဝန်များ ထမ်းဆောင်ရာတွင် အထောက်အကူဖြစ်စေရန်နှင့် အသိပညာများ ရရှိစေရန်ရည်ရွယ် သင်ကြားပေးလျက်ရှိပြီး နိုင်ငံတော်တွင် အဆင့်အမြင့်ဆုံး တက္ကသိုလ်ဖြစ်သည်။ အနာဂတ်နိုင်ငံတော်ကို ဦးဆောင်နိုင်မည့် မျိုးဆက်သစ်များကို မွေးထုတ်ပေးရာ တက္ကသိုလ်ဖြစ်သည်။ တပ်မတော်တွင် ဗိုလ်မှူးကြီးအဆင့်မှ နောက်ထပ် အဆင့်မြင့်တာဝန်များ ထမ်းဆောင်နိုင်ခွင့်ရရှိရန်မှာ ဤတက္ကသိုလ်ပညာရပ်များ ပြည့်စုံမှသာ သာမန်အားဖြင့် စဉ်းစားရွေးချယ်လေ့ ရှိကြောင်း သိရသည်။
သင်တန်းသားများတွင် တပ်မတော်သား အရာရှိကြီးများသာမက ဝန်ကြီးဌာနမှ အရာရှိကြီးများလည်း ပါဝင်သည်။ ကာကွယ်ရေးတာဝန် တစ်ခုတည်းသာမကဘဲ အုပ်ချုပ်ရေးပိုင်း တာဝန်များကိုလည်း ထမ်းဆောင်ရသည့်အတွက် အမြင်လေးမြင်ကို မှန်ကန်စွာသိရှိရန် လိုအပ်လှသည်။ ထို့ကြောင့်နိုင်ငံတော် ကာကွယ်ရေး တက္ကသိုလ်သို့ တက်ရောက်လျက်ရှိကြသော သင်တန်းသား အရာရှိကြီးများအား နိုင်ငံ့အရေး တာဝန်များကို မှန်မှန်ကန်ကန်သိရှိ ထမ်းဆောင်နိုင်ရန် ဆွေးနွေးလေ့ကျင့် ပို့ချနေခြင်းလည်းဖြစ်သည်။
အရာရှိကြီးများအနေဖြင့် အထက်မှ ပေးအပ်လာသည့် အမိန့်နှင့်တာဝန်ကို အောင်မြင်အောင် အကောင်အထည်ဖော်ဆောင် ရသည်ရှိသကဲ့သို့ မိမိကိုယ်တိုင် ဦးဆောင်မှုဖြင့် ရည်မှန်းချက် တာဝန်များကိုအောင်မြင်အောင် လုပ်ဆောင်ရသည်များလည်းရှိသည်။ ထိုသို့ဆောင်ရွက်ရာတွင် နိုင်ငံရေး၊ စီးပွားရေး၊ အုပ်ချုပ်ရေးနှင့် ကာကွယ်ရေးစသည့် အမြင် ၄ မြင်ဖြင့်ပြည့်စုံစွာ ထည့်သွင်းစဉ်းစားတွက်ချက် ဆောင်ရွက်နိုင်ခြင်း မရှိပါက နိုင်ငံတော်အတွက် လိုအပ်ချက်များ ဖြစ်ပေါ်လာနိုင်မည်ဖြစ်ကြောင်း နိုင်ငံတော် အကြီးအကဲ၏ အမှာစကားတွင် ဖော်ပြပါရှိသည်။
တပ်မတော်သည် မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းမှုနှင့်အတူ ပေါ်ပေါက်လာခဲ့သော အဖွဲ့အစည်းဖြစ်ပြီး နိုင်ငံတော်၏ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးကို အစဉ်ဦးတည် စွမ်းဆောင်လျက်ရှိသည်။ လွတ်လပ်ရေး ရရှိအောင်ကြိုးပမ်းခဲ့သလို ရရှိထားသော လွတ်လပ်ရေးကြီး တည်တံ့ခိုင်မြဲအောင်လည်း ထိန်းသိမ်း ကာကွယ် စောင့်ရှောက်လျက်ရှိသည်။ နိုင်ငံတစ်ခု၏ ပိုင်နက်နယ်မြေကို တည်တံ့ရှည်ကြာစွာ လက်ဆင့်ကမ်း ကာကွယ်နိုင်ရေးအတွက် တပ်မတော်သားတို့သည် စွမ်းရည် ၃ ရပ်ပြည့်စုံနေရမည်ဖြစ်သည်။ မိမိတို့ကို ပေးအပ်ထားသော ရာထူးအဆင့်လိုက် တာဝန်များကို တစ်ဦးချင်းက ကျေပွန်စွာထမ်းဆောင်လျက် ရှိနေခြင်းကြောင့်လည်း တပ်မတော်သည် နိုင်ငံတော်တွင် အခက်အခဲ အကျပ်အတည်းနှင့် ကြုံရလေတိုင်း မားမားမတ်မတ် ရပ်တည်ကာ နိုင်ငံတော်ကိုဦးဆောင်နိုင်ခဲ့သည်။
တပ်မတော်သားတိုင်းမှာ ပြည်သူတို့၏ သားသမီးများသာဖြစ်ကြသည့်အတွက် တပ်မတော်သည် ပြည်သူလူထုနှင့် တစ်ဆက်တည်းရှိနေသော အဖွဲ့အစည်းဖြစ်သည်။ နိုင်ငံတော်တွင် တပ်မတော်၏ စွမ်းဆောင်ချက်များမှာထင်ရှားမြင်သာသော သမိုင်းမှတ်တမ်းများရှိနေသည်။ တပ်မတော်ကြောင့်နိုင်ငံတော်နှင့် ပြည်သူတို့နစ်နာဆုံးရှုံးမှုမရှိခဲ့သလို တပ်မတော်ကြောင့်သာ နိုင်ငံတော်၏ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲခြင်း ဖြစ်ပေသည်။
နိုင်ငံတော်ကာကွယ်ရေး တက္ကသိုလ်သို့ တက်ရောက်ပညာ သင်ကြားလျက်ရှိသော အရာရှိကြီးများမှာ နိုင်ငံတော်နှင့် တပ်မတော်တွင် ခေါင်းဆောင်ကောင်းများအဖြစ် ဆက်လက် ထမ်းဆောင်ရမည့်သူများ ဖြစ်သည်။ အဆင့်မြင့်တက္ကသိုလ်မှ သင်ကြားပေးလိုက်သော ပညာရပ်များအပြင် နိုင်ငံရေး၊ စီးပွားရေး၊ အုပ်ချုပ် ရေးနှင့် ကာကွယ်ရေး အမြင်များကိုပါ လေ့လာသင်ကြားကြရသည်။ ခေါင်းဆောင်မှုအင်္ဂါရပ် ၁၆ ရပ်နှင့် ပြည့်စုံအောင် ဖြည့်ဆည်းထားကြသူများဖြစ်သည်။ နိုင်ငံတော်ကာကွယ်ရေး တက္ကသိုလ်တွင် သင်တန်းသား အရာရှိကြီးများအား အဘက်ဘက်က ပြည့်စုံအောင် သင်ကြားပေးနေသကဲ့သို့ သင်တန်းသား အရာရှိကြီးများ အနေဖြင့်လည်း နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်မှာကြားချက်များအတိုင်း နိုင်ငံတော်အတွက် လိုအပ် ချက်မရှိအောင် ကြိုးစားကြရမည်ဖြစ်သည်။ သို့မှသာ နိုင်ငံတော်က အားထားရသော တပ်မတော်အဖြစ် ဆက်လက်ရပ်တည်နေမည်ဖြစ်သည်။ အနှစ်ချုပ်ဆိုရသော် နိုင်ငံတော်နှင့် တပ်မတော်အတွက် အမြင် ၄ မြင် ကိုယ်စီရှိနေကြရမည်ဖြစ်ပါကြောင်း ရေးသားလိုက်ရပေသည်။ ။