ပြင်သစ်မဂ္ဂဇင်းက ကမ္ဘာ့အကောင်းဆုံး ရွှေဘောလုံးဆု (Ballon d'Or) ရွေးချယ်သည့် ပုံစံကို ဝေဖန်မှုများ မြင့်တက်ခဲ့ပြီးနောက် စည်းမျဉ်းသစ်များ ပြောင်းလဲ၍ ပေးအပ်ချီးမြှင့်မည်
ကမ္ဘာ့ဘောလုံးလောကတွင် ဂုဏ်သိက္ခာအကြီးမားဆုံး တစ်ဦးချင်းဆုဖြစ်သည့် ကမ္ဘာ့အကောင်းဆုံး ရွှေဘောလုံးဆု (Ballon d'Or) ကို ကမကထပြုလုပ်ကာ ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ်နှင့် ပူးပေါင်း၍ ပေးအပ်ချီးမြှင့်လျက်ရှိသည့် ပြင်သစ်မဂ္ဂဇင်းက လာမည့်နှစ် မှစတင်ကာ ဆုရွေးချယ်ချီးမြှင့်မည့် စည်းမျဉ်းသစ်များ ပြောင်းလဲပြီး ပေးအပ်ချီးမြှင့်မည် ဖြစ်ကြောင်း သိရသည်။
ပြင်သစ်မဂ္ဂဇင်းက ကမ္ဘာ့အကောင်းဆုံး ရွှေဘောလုံးဆု(Ballon d'Or) ကို ၁၉၅၆ ခုနှစ်က စတင်ပေးအပ် ချီးမြှင့်ခဲ့ပြီး လက်ရှိ ကမ္ဘာ့ဘောလုံး အားကစားလောကရှိ တစ်ဦးချင်းဆုများတွင် ဂုဏ်သိက္ခာအကြီးမားဆုံး နှင့် သက်တမ်း အရှည်ဆုံးဆုဖြစ်သည်။
ပြင်သစ်မဂ္ဂဇင်းက ကမ္ဘာ့အကောင်းဆုံး ရွှေဘောလုံးဆု (Ballon d'Or) ရွေးချယ်ရာတွင် ဆုရွေးချယ်သည့် ကာလသတ်မှတ်ထားပြီး အစောပိုင်းက ဇန်နဝါရီလမှ ဒီဇင်ဘာလအထိ တစ်နှစ်တာ စွမ်းဆောင်ရည်များအပေါ် သတ်မှတ်ခဲ့သော်လည်း ယခု အခါ ပြက္ခဒိန်နှစ်တစ်ခုအတွင်း သြဂုတ်လမှ စတင်သတ်မှတ်ပြီး နောက်နှစ် ဇူလိုင်လကုန်အထိ ပြောင်းလဲ သတ်မှတ်မည်ဖြစ်ကာ ဆုပေးပွဲကိုလည်း ဒီဇင်ဘာလမှ နိုဝင်ဘာလသို့ ပြောင်းလဲကျင်းပမည်ဖြစ်သည်။
အစောပိုင်းက နှစ်အလိုက် အမည်တပ်ချီးမြှင့်ခဲ့ပြီး နောက်ဆုံးအကြိမ်အဖြစ် ၂ဝ၂၁ ကမ္ဘာ့အကောင်းဆုံး ရွှေဘောလုံးဆု (Ballon d'Or) အမည်ဖြင့် ပေးအပ်ခဲ့သော်လည်း ယခုအခါ ၂ဝ၂၁-၂ဝ၂၂ ဘောလုံးရာသီ ကမ္ဘာ့အကောင်းဆုံး ရွှေဘောလုံးဆု (Ballon d'Or) အမည်ဖြင့် ပေးအပ်ချီးမြှင့်မည်ဖြစ်သည်။
အစောပိုင်းက ပြင်သစ်မဂ္ဂဇင်းက ကမ္ဘာ့အကောင်း ဆုံး ရွှေဘောလုံးဆု(Ballon d'Or) ရွေးချယ်ရာတွင် ကစားသမားများ၏ ကလပ်အသင်းနှင့် နိုင်ငံအသင်း တို့၏ အောင်မြင်မှုတို့ကို အခြေခံပြီး ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ်လက်အောက်ခံ လက်ရွေးစင်အသင်းများမှ နည်းပြနှင့် အသင်းခေါင်းဆောင်တို့က ဆန္ဒမဲပေး ရွေးချယ် ဆုံးဖြတ်ခဲ့ကြခြင်းဖြစ်သည်။
အသစ်ပြောင်းလဲခဲ့သည့် စည်းမျဉ်းသစ်များအရ ကစားသမားတစ်ဦး၏ တစ်ကိုယ်ရည်စွမ်းဆောင်ရည်ဖြင့် ပွဲအဆုံးအဖြတ်ဖြစ်စေမည့် စွမ်းဆောင်နိုင်သည့် အချက်၊ တစ်ရာသီအတွင်း သွင်းဂိုး၊ ဂိုးဖန်တီးနိုင်မှု၊ တစ်ပွဲချင်းအကောင်းဆုံး ကစားသမားဆုရရှိသည့် အကြိမ်ရေ၊ တစ်လတာအကောင်းဆုံး ကစားသမားဆု ရရှိသည့်အကြိမ်ရေနှင့် တစ်ရာသီအတွင်း ဆုဖလား ရရှိမှု၊ ကစားသမား တစ်ဦး၏ အဝါကတ်၊ အနီကတ် ပြသခံရမှု အနည်းဆုံး၊ Fair Play အနည်းဆုံးဖြင့် ကစားနိုင်မှုစသည်တို့ကို အခြေခံပြီး တွက်ချက်မည်ဖြစ်ကာ ကစားသမားတစ်ဦး၏ ယခင်ရရှိခဲ့သည့် အောင်မြင်မှုများကို ထည့်သွင်းတွက်ချက်မည် မဟုတ်ဘဲ တစ်ရာသီအတွင်း စွမ်းဆောင်ရည်များကိုသာ ထည့်သွင်း တွက်ချက်မည်ဖြစ်သည်။
၂ဝ၂၁ ကမ္ဘာ့အကောင်းဆုံး ရွှေဘောလုံးဆု (Bal-lon d'Or) ကို လီဝန်ဒေါစကီးအား ကျော်ဖြတ်ပြီး မက်ဆီက ရရှိခဲ့သည့်အတွက် ဝေဖန်မှုများ မြင့်တက်လာပြီးနောက် ပြင်သစ်မဂ္ဂဇင်းက ကမ္ဘာ့အကောင်းဆုံး ရွှေဘောလုံးဆု (Ballon d'Or) ရွေးချယ်ပေးအပ်မည့် စည်းမျဉ်းများကို ၂ဝ၂၁-၂ဝ၂၂ ဘောလုံးရာသီ မှစ၍ ပြောင်းလဲမည် ဖြစ်ကြောင်း သိရသည်။