ထိပ်တန်းလျှို့ဝှက်လေယာဉ် စက်ရုံမှာ စမ်းသပ်နေပြီဖြစ်တဲ့ အမေရိကန်တို့ရဲ့ ပထမဆုံး B-21 Raider
အမေရိကန်လေတပ်ရဲ့ ဗုံးကြဲလေယာဉ်အုပ်ဟာ လက်ရှိအနေအထားမှာ ဆိုရင် သက်တမ်းကြာမြင့်နေပြီဖြစ်တဲ့ ဗုံးကြဲ လေယာဉ်တွေကို အသုံးပြုနေတယ်လို့ ဆိုနိုင်ပါတယ်။ ဒါပေမဲ့လည်း သူ့အတွက် သတင်းကောင်းနှစ်ခု ထွက်ပေါ်လာပါပြီ။
ပထမတစ်ခုကတော့ ဗုံးကြဲလေယာဉ် အသစ်ဖြစ်တဲ့ B-21 Raider ပထမတစ်စင်းကို တည်ဆောက်ပြီးစီးလို့ မြေပြင်မှာ စစ်ဆေးမှုတွေ လုပ်နေပြီဆိုတဲ့ သတင်းပါ။ ဒီလိုစစ်ဆေးမှုတွေ လုပ်နေတဲ့အတွက် ဒီနှစ်နှောင်းပိုင်းမှာ ပထမဆုံး ပျံသန်းမှုကို လုပ်ဆောင်နိုင်တော့မယ့် အခြေအနေရှိပါတယ်။
ဒုတိယသတင်းကောင်းက လေတပ်အတွက် မောင်းသူမဲ့ ဗုံးကြဲလေယာဉ် တစ်စင်း လိုချင်ကြောင်းနဲ့ အဲဒီမောင်းသူမဲ့လေယာဉ်ရဲ့ ကုန်ကျစရိတ်ကလည်း B-21 ကုန်ကျစရိတ်ရဲ့ ထက်ဝက်ရှိရမယ်လို့ လေတပ်ဝန်ကြီး ဖရန့်ကန်ဒဲက ပြောလာခြင်းပါပဲ။ လေတပ်က အဲဒီမောင်းသူမဲ့ ဗုံးကြဲလေယာဉ်ကို အလွန်အန္တရာယ် များလွန်းတဲ့ စစ်ဆင်ရေးတွေမှာ အသုံးပြုသွားမှာပါ။
မြေပြင်စစ်ဆေးမှုလုပ်တယ် ဆိုတာကတော့ လေယာဉ်အသစ်ကျပ်ချွတ် တစ်စင်းဟာမြေပြင်မှာ ရှိနေစဉ်ကာလမှာ ဖြစ်လာနိုင်တဲ့ အရာတွေအားလုံးကို ရှာဖွေစမ်းသပ်အတည်ပြုမှု လုပ်တာမျိုးဖြစ်ပါတယ်။
အဲဒီလိုစမ်းသပ် အတည်ပြုမှုတွေထဲမှာ ပင့်အားမြှင့်လေရွက်များ၊ တက်မများ၊ ဘယ်/ညာ ထိန်းကျောင်းအစိတ်အပိုင်း၊ ဝေဟင်ဆီဖြည့်ငုတ်များနဲ့ လေယာဉ်ဘီးများအပါအဝင် လေယာဉ်ရဲ့ ရုပ်ပိုင်းဆိုင်ရာ အစိတ်အပိုင်းတွေ မှန်ကန်စွာ အလုပ်လုပ်ခြင်းရှိ၊ မရှိကို စစ်ဆေးမှုတွေ ပါဝင်ပါတယ်။
အလားတူ ရေဒါ၊ လေကြောင်း လမ်းညွှန်စနစ်၊ ဆက်သွယ်ရေး စနစ်တို့လို အမျိုးမျိုးသော လျှပ်စစ်သံလိုက်လှိုင်း စနစ်တွေက တစ်ခုနဲ့တစ်ခု နှောင့်ယှက်မှုမရှိဘဲ မှန်ကန်စွာ အလုပ်လုပ်စေဖို့ စမ်းသပ်မှုတွေလည်း ပါဝင်ပါတယ်။
လေယာဉ်အသစ်တစ်စင်းကို မြေပြင်စမ်းသပ်မှု လုပ်တဲ့နေရာမှာ အဓိကအကျဆုံးက ဆော့ဝဲတွေကို စမ်းသပ်စစ်ဆေးမှုဖြစ်ပါတယ်။
အထူးသဖြင့် အခု B-21 လိုလေယာဉ်တွေကို စမ်းသပ်ရာမှာပေါ့။
ဘာကြောင့်လဲဆိုရင် သူ့ရဲ့တောင်ပံပုံစံက သမားရိုးကျ လေယာဉ်တောင်ပံပုံစံမဟုတ်ဘဲလင်းနို့တောင်ပံ ပုံစံမျိုးဖြစ်တာကြောင့် လေထဲမှာကောင်းစွာ ပျံသန်းနိုင်ဖို့အတွက် သမားရိုးကျ ထိန်းချုပ်မှုစနစ်ထက် Fly-By-Wire နည်းပညာလို့ခေါ်တဲ့ ဆော့ဝဲအသုံးပြုထိန်းချုပ်မှုစနစ်ကို အသုံးပြုထားရလို့ပါ။
Fly-By-Wire နည်းပညာဆိုတာ လေယာဉ်ထိန်းချုပ်မှုစနစ် တစ်မျိုးဖြစ်ပြီး လေယာဉ်မှူးများက ထည့်သွင်းလိုက်တဲ့ အချက်အလက်တွေကို ကွန်ပျူတာ အသုံးပြုတွက်ချက်ကာ သင့်လျော်ရာ လျှပ်စစ်လှိုင်းတွေကို ပျံသန်းမှုထိန်းချုပ်စနစ်ဆီ ပေးပို့စေတဲ့စနစ်ဖြစ်ပါတယ်။ တကယ်လို့များ လေယာဉ်ပျံသန်းမှုမှာ ပုံသေချိန်သားကိုက် ဖြစ်စေဖို့ ဆောင်ရွက်ပေးတဲ့ ကွန်ပျူတာဆော့ဝဲက တစ်ခုခုမှားယွင်းနေတယ်ဆိုရင် B-21လို လေယာဉ်က မြေပြင်ကနေကိုကြွမှာမဟုတ်ပါဘူး။
ဒီလိုစစ်ဆေးစမ်းသပ်မှုတွေ အပြီးသတ်ပြီဆိုရင် ဒီနှစ်အတွင်းမှာပဲ အများပြည်သူသိရှိအောင် ထုတ်ပြသွားဖို့ရှိပါတယ်။ ပထမဆုံး ပျံသန်းမှုကိုတော့ ဒီနှစ်နှောင်းပိုင်းလောက်မှာ လုပ်ဖြစ်ဖို့များပါတယ်။
လက်ရှိမှာတော့ လေတပ်ရဲ့ထိပ်တန်းလျှို့ဝှက်လေယာဉ် ထုတ်လုပ်ရေးစက်ရုံ အမှတ်(၄၂)မှာ ထုတ်လုပ်မှု အဆင့်အမျိုးမျိုး ရောက်ရှိနေပြီဖြစ်တဲ့ B-21 ဗုံးကြဲလေယာဉ်ခြောက်စင်းရှိပါတယ်။
အမေရိကန်လေတပ်ဟာ သူတို့လက်ရှိစစ်ဆင်ရေး အသုံးပြုနေတဲ့ B-1B Lancer ဗုံးကြဲလေယာဉ် ၆၂ စင်းနဲ့ B-2A Spirit ဗုံးကြဲလေယာဉ်အစင်း ၂ဝ နေရာမှာ B-21 ဗုံးကြဲလေယာဉ်တွေကို အစားထိုးသွားမှာပါ။
ဒါ့အပြင် ြ-၂၁ ဗုံးကြဲလေယာဉ်တွေကို သမားရိုးကျ ဗုံးကြဲတိုက်ခိုက်မှုတွေ အပြင်နျူကလီးယား လက်နက်အသုံးပြု စစ်ဆင်ရေး လုပ်ငန်းတွေမှာ အသုံးပြုဦးမှာဖြစ်ပါတယ်။
ဒါကြောင့် လေတပ်က B-21 ဗုံးကြဲလေယာဉ် အနည်းဆုံးအစင်း ၁ဝဝ ကို လိုချင်ကာဖြစ်နိုင်ပါက အစင်း ၂ဝဝ အထိ ထုတ်လုပ်သွားဖို့ ရှိနေပါတယ်။
အထူးသဖြင့် အမေရိကန်ဟာ တရုတ်၊ ရုရှားနိုင်ငံတို့နဲ့ သမားရိုးကျသာမက နျူကလီးယားစစ်ပွဲဖြစ်ပွားနိုင်တဲ့ အခြေ အနေ နှစ်ရပ်စလုံးကို ကြိုတင်မြော်တွေး ရည်မှန်းထားတာကြောင့် အခုလိုမဟာဗျူဟာမြောက် ဗုံးကြဲလေယာဉ် အများအပြားကို ထုတ်လုပ်နိုင်ရေး ဆောင်ရွက်နေတာပါ။
တစ်ချိန်တည်းမှာပဲ လေတပ်ဝန်ကြီး ဖရန့်ကန်ဒဲက သူ့အနေနဲ့ မောင်းသူမဲ့တာဝေး ဗုံးကြဲလေယာဉ်တွေကို ထုတ်လုပ်ဖို့လည်း စိတ်ဝင်စားတယ်လို့ဆိုလာပါတယ်။ ကုန်ကျစရိတ်အားဖြင့်လည်း အခု B-21 ဗုံးကြဲလေယာဉ်တစ်စင်းထုတ်လုပ်မှုတန်ဖိုးရဲ့ထက်ဝက်သာရှိရမယ်လို့ ဆိုပါတယ်။
သူလိုချင်တဲ့ဗုံးကြဲလေယာဉ်က ကိုယ်ပျောက်စွမ်းရည်လည်း ရှိရမယ့်အပြင် တာဝေးခရီးလည်းသွားနိုင်ရမှာဖြစ်ပြီး B-21 ဗုံးကြဲလေယာဉ်တွေနဲ့အတူ စစ်မြေပြင်ကိုလိုက်ပါနိုင်စွမ်းရှိရပါမယ်။
တကယ်လို့များ မောင်းသူမဲ့ဗုံးကြဲ လေယာဉ်တစ်စင်းက B-21ဗုံးကြဲလေယာဉ်နဲ့ အတူတွဲပြီး စစ်ဆင်ရေးတာဝန် ထမ်း ဆောင်နိုင်မယ်ဆိုရင် B-21 နောက်ကို တကောက်ကောက် လိုက်နိုင်ရုံသာမက ပစ်မှတ်တွေပေါ်ကို လက်နက်ခဲယမ်းတွေ စုပြုံသွန်ချပစ်ခတ်မှုတွေ လုပ်နိုင်မယ့်အပြင် တစ်ချိန်တည်းမှာ ပစ်မှတ်အများအပြားကိုတိုက်ခိုက်နိုင်ဦးမှာဖြစ်ပါတယ်။
နောက်ထပ်စိတ်ဝင်စားဖို့ကောင်းတဲ့ အချက်က ဗုံးကြဲလေယာဉ် အနေနဲ့ စစ်ဆင်ရေး တာဝန်တစ်ရပ်ကို ထမ်းဆောင်နေတုန်းမှာပဲ လောင်စာဆီ နည်းလာတဲ့အခါ၊ ဝေဟင်ဆီဖြည့် လေယာဉ်နဲ့လည်း လောင်စာဆီပြန်မဖြည့်နိုင်တဲ့အခါမျိုးတွေမှာဆိုရင် မောင်းသူမဲ့ ဗုံးကြဲလေယာဉ်က မူလစစ်ဆင်ရေး တာဝန်ကို ပြီးဆုံးအောင် ထမ်းဆောင်နိုင်ခြင်းပဲဖြစ်ပါတယ်။
ဥပမာအားဖြင့် B-21ဗုံးကြဲလေယာဉ်တစ်စင်းနဲ့ မောင်းသူမဲ့ဗုံးကြဲလေယာဉ် တစ်စင်းတို့က စစ်ဆင်ရေး တာဝန်တစ်ရပ်ကို အတူထမ်းဆောင်ဖို့ ထွက်ခွာသွားစဉ် B-21က ဝေဟင်ဆီဖြည့် လေယာဉ်ကနေ တစ်ဆင့်ဆီမဖြည့်နိုင်တဲ့အခါ လေယာဉ်နဲ့ လေယာဉ်မှူးတွေရဲ့ ဘေးကင်းရေးအတွက် လေတပ်စခန်းကို ပြန်လှည့်လာစဉ်မှာပဲမောင်းသူမဲ့ လေယာဉ်ကိုတော့ သတ်မှတ်ရည်မှန်းချက်ဆီ အရောက်သွားစေဖို့ စေခိုင်းနိုင်ပါလိမ့်မယ်။
ဒီလိုနည်းနဲ့လုပ်ခြင်းဟာ အမေရိကန် ဒေါ်လာသန်း ၃ဝဝ တန်ဖိုးရှိတဲ့ မောင်းသူမဲ့ လေယာဉ်တစ်စင်းကို သက်သက်မဲ့ အဆုံးရှုံးခံတာဖြစ်နိုင်ပေမယ့် ပစ်မှတ်က ဒေါ်လာ သန်း ၃ဝဝ မကတန်တဲ့အခါမျိုးမှာတော့ ရဲရဲကြီး ပေးဆပ်သင့်တဲ့ အရင်းအနှီးမျိုး ဖြစ်လာပါလိမ့်မယ်။
အခုလက်ရှိစမ်းသပ် စစ်ဆေးမှုတွေ လုပ်နေပြီဖြစ်တဲ့ B-21 Raider ဗုံးကြဲလေယာဉ်တွေဟာ ဒီဆယ်စုနှစ် အကုန်ပိုင်းလောက်မှာ နျူကလီးယား အဟန့်စစ်ဆင်ရေး တာဝန်များကို စတင်ထမ်းဆောင်နိုင်မှာဖြစ်ပါတယ်။
အဲဒီအချိန်လောက်ဆိုရင် မောင်းသူမဲ့ တာဝေးဗုံးကြဲလေယာဉ်လည်း ပိုင်ဆိုင်နေလောက်ပြီဖြစ်တဲ့အတွက် သာမန်ဗုံးများမှသည် အသံထက်အလွန်မြန် လက်နက်များနဲ့ သာမိုနျူကလီးယား လက်နက်များအထိကို ပစ်ခတ်နိုင်တဲ့အဆင့် ရောက်ရှိလာနိုင်တာကြောင့် အမေရိကန်လေတပ်ဟာ အင်အားကြီးမားပြီး ပြောင်းလွယ်ပြင်လွယ်ရှိတဲ့ ဗုံးကြဲလေယာဉ်အုပ်ကို ပိုင်ဆိုင်လာနိုင်တော့မှာပဲ ဖြစ်ပါတယ်။
Ref: PM