ပြည်ပသွင်းကုန်ချွေတာဖို့ စက်သုံးဆီကို လျှော့သုံးစို့
ချွေတာစုဆောင်း သူဌေးလောင်း ဟူသောစကား နှင့်အညီ လူတိုင်းသည် အရာရာတွင်ချွေတာမည် ဆိုပါလျှင် ကြီးပွားတိုးတက်မည်မှာ အမှန်ဖြစ်သည်။ နိုင်ငံတော်အစိုးရအနေဖြင့် ပြည်ပပို့ကုန် တိုးမြှင့်ထုတ် လုပ်နိုင်ရေး၊ ပြည်ပသွင်းကုန် လျှော့ချနိုင်ရေးတို့ကို တစိုက်မတ်မတ် ဆောင်ရွက်နေပါသည်။ လူတစ်ဦး၏ ဘဝနှင့်နှိုင်းဆရမည်ဆိုပါလျှင် ဝင်ငွေများပြီး ထွက်ငွေနည်းပါးအောင် လုပ်ဆောင်ခြင်းဖြစ်သည်။ ကုန်ထုတ် လုပ်မှုတိုးတက်ရေးကို ဆောင်ရွက်နေသလို လူတိုင်းအသုံးပြုနေသော စားသုံးကုန်ပစ္စည်း၊ လူသုံးကုန်ပစ္စည်းများကို တတ်နိုင်သမျှ ချွေတာသုံးစွဲကြရေးကိုလည်း အသိပညာပေး လုပ်ဆောင်နေပါသည်။ ဆီစားသုံးမှု လျှော့ချရေး၊ ရေသုံးစွဲမှုလျှော့ချရေး၊ လျှပ်စစ်မီးသုံးစွဲမှု လျှော့ချရေး၊ စက်သုံးဆီလျှော့ချနိုင်ရေးတို့ကို ဦးတည် လုပ်ဆောင်နေသည်မှာ ပြည်သူတစ်ဦးချင်းစီ၏ အနာဂတ်ကောင်းကျိုး၊ တိုင်းပြည်၏ အနာဂတ်ကောင်းကျိုး အတွက်ဖြစ်သည်။
မြန်မာနိုင်ငံတွင် လွန်ခဲ့သောနှစ်များစွာက မန္တလေးမြို့ကို စက်ဘီးမြို့တော်ဟု ခေါ်ဝေါ်ခဲ့ကြသည်။
မန္တလေးတွင် စက်ဘီးကိုယ်စီဖြင့် သွားလာနေကြသည်မှာ လှပ၍ချစ်စရာကောင်းသလို ယာဉ်မတော်တဆ ဖြစ်ခြင်း၊ ခိုက်ရန်ဖြစ်ပွားခြင်းမျိုး မရှိလှပေ။ စက်ဘီးစီးခြင်းသည် ကျန်းမာရေးနှင့် လွန်စွာညီညွတ်သည်။
ကျန်းမာရေးကို ကောင်းမွန်စေသည်။ ထိုအချိန်က ရန်ကုန်မြို့တော်တွင် မော်တော်ယာဉ်လိုင်းများ မြို့အနှံ့ပြေးဆွဲနေပြီးဖြစ်သည့်အတွက် ခရီးသွားပြည်သူ အများစုမှာဈေးနှုန်းချိုသာသော မော်တော်ယာဉ် (လိုင်းကား)များဖြင့်သာ လိုရာခရီးသို့သွားကြရသည်။ ရုံးဝန်ထမ်းများသည်လည်း ထိုနည်းလည်းကောင်းပင် ဘတ်စကားများ တိုးဝှေ့စီးနင်းလိုက်ပါ၍ ရုံးတက်ခဲ့ကြသည်။
ခေတ်ကာလ တိုးတက်လာမှုနှင့်အတူ မန္တလေးမြို့တော်တွင် စက်ဘီးထက် မော်တော်ဆိုင်ကယ်စီးနင်းမှု များပြားလာခဲ့သည်။ ငွေကြေးပြည့်စုံသူများက ကိုယ်ပိုင်မော်တော်ကားများဖြင့် မောင်းနှင်သွားလာကြသည်။ ရန်ကုန်တွင်လည်း ထို့အတူပင်ဖြစ်လာခဲ့သည်။ အခြားသော တိုင်းဒေသကြီးနှင့်ပြည်နယ်မြို့ကြီးများတွင် စက်ဘီးတို့နေရာတွင် မော်တော်ဆိုင်ကယ်များ၊ မော်တော်ယာဉ်များက နေရာယူလာသည်။ ထိုအခါ စက်သုံးဆီလိုအပ်ချက်သည် တစ်နှစ်ထက်တစ်နှစ် မြင့်၍မြင့်၍သာ လာတော့သည်။ စက်သုံးဆီကို ပြည်ပမှ ငွေကုန်ကြေးကျများစွာ ကျခံကာဝယ်ယူ တင်သွင်းရသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ(၁)နှစ်ပြည့်နိုင်ငံတော် တာဝန်ထမ်းဆောင်ခဲ့မှုနှင့် ပတ်သက်၍ပြော ကြားသည့်မိန့်ခွန်းတွင် ''ကျွန်တော်တို့နိုင်ငံမှာ မော်တော်ကားမျိုးစုံ ၁ သန်းကျော်ခန့်နဲ့ ဆိုင်ကယ် က ၆ သန်းကျော်ခန့်ရှိပါတယ်။ ၂ဝ၂၁ ခုနှစ်မှာ စက်သုံးဆီ တင်သွင်းခဲ့မှုဟာ တန်ချိန် ၄ ဒသမ ၁၂ သန်းကျော်တန်ဖိုး အမေရိကန်ဒေါ်လာ ၂၄၉၆ ဒသမ ၆၅၂ သန်းရှိခဲ့ပါတယ်။ ဒီလိုဖြစ်ရခြင်းဟာ ကျွန်တော် တို့နိုင်ငံမှာ အများသုံး သယ်ယူပို့ဆောင်ရေး စနစ် (Public Transportation) အားနည်းလို့ ပြည်သူ တွေဟာကိုယ်ပိုင်ယာဉ်နဲ့သာ အားကိုးသွားလာကြရပါတယ်။ အများသုံး သယ်ယူပို့ဆောင်ရေး စနစ်ဖြစ်တဲ့ရထား၊ ဘတ်စကား၊ သင်္ဘောရေယာဉ်များရဲ့ ဝန်ဆောင်မှုကို မြှင့်တင်ခြင်း၊ တစ်ဦးချင်း စက်သုံးဆီသုံးစွဲမှုကို ချွေတာခြင်းဆောင်ရွက်ပြီး ဒီကိစ္စကို ဖြေရှင်းရမှာဖြစ်ပါတယ်။ ကျွန်တော်တို့ အစိုးရအနေနဲ့ အများသုံး သယ်ယူပို့ဆောင်ရေး စနစ်ဖြစ်တဲ့ ရထားပို့ဆောင်ရေးစနစ်၊ ဘတ်စကားယာဉ်တွေနဲ့ ပို့ဆောင်ရေးစနစ်၊ သင်္ဘောရေယာဉ်တွေနဲ့ ပို့ဆောင်ရေးစနစ်တို့ကို ဝန်ဆောင်မြှင့်တင်နိုင်ရေး ဆောင်ရွက်လျက်ရှိပါတယ်။ တိုင်းရင်းသားပြည်သူ လူထုအနေနဲ့လည်း ကိုယ်တိုင်စက်သုံးဆီ သုံးစွဲမှုကို ချင့်ချိန်ချွေတာသုံးစွဲခြင်းဖြင့် နိုင်ငံဖွံ့ဖြိုး တိုးတက်ရေးမှာ ဝိုင်းဝန်းကူညီကြဖို့ တိုက်တွန်းလိုပါတယ်'' ဟူ၍ပြောကြားခဲ့သည်။
မြန်မာနိုင်ငံတွင် မော်တော်ဆိုင်ကယ် အသုံးပြုသူတိုင်းက တစ်ရက်ကို စက်သုံးဆီဘူး တစ်ဝက်ခန့် လျှော့ချသုံးစွဲမည်ဆိုပါက ဆိုင်ကယ် ၆ သန်းအတွက် တစ်ရက်ကို ၁၂၅ ဂါလန်သက်သာပါမည်။ ကားအသုံးပြုသူတိုင်းက ကားတစ်စီး တစ်ရက်ကိုသုံးစွဲမှု ဆီပုလင်းတစ်ဝက်လျှော့ချနိုင်လျှင် တစ်ရက်ကို ဂါလန် ၁၂၅ဝဝဝ လျှော့ချနိုင်မည်ဖြစ်ပါသည်။ တန်ဖိုးအားဖြင့် တစ်ဂါလန် ၆ဝဝဝ ကျပ် ပျမ်းမျှဈေးနှင့် တွက်ကြည့်လျှင် တစ်ရက်ကို ငွေကျပ် ၁ ဒသမ ၅ ဘီလီယံထိ လျှော့ချနိုင်မည်ဖြစ်သည်။ ယာဉ်အသုံးပြုသူများ အနေဖြင့် မိမိတို့တစ်ဦးချင်းက တစ်ပတ်လျှင် အနည်းဆုံးတစ်ရက် ယာဉ်အသုံးမပြုဘဲ နေမည်ဆိုပါက စက်သုံးဆီကို ချွေတာရာရောက်သကဲ့သို့ ကုန်ကျငွေကိုချွေတာလိုက်ခြင်း ဖြစ်ပေသည်။
ကမ္ဘာ့ကပ်ရောဂါ ကိုဗစ်-၁၉ ရောဂါဖြစ်ပေါ်လာမှုကြောင့် နိုင်ငံများစွာတွင် စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုအပေါ် ဆိုးကျိုးများ သက်ရောက်ခဲ့သည်။ မြန်မာနိုင်ငံမှာလည်း ကိုဗစ်-၁၉ ကပ်ရောဂါ ကျရောက်မှုကြောင့် နိုင်ငံ့စီးပွားရေး အားနည်းခဲ့ရသည်။ ကိုဗစ်-၁၉ ကပ်ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများကို ဖိဖိစီးစီးဆောင်ရွက်ရာတွင် အောင်မြင်မှုရှိသလို ငွေကြေးကုန်ကျမှုလည်း များစွာရှိခဲ့သည်။ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ထိခိုက်ခဲ့ရသည့် စီးပွားရေး လုပ်ငန်းအား
ဖြစ်နိုင်သမျှ နည်းလမ်းများဖြင့် အမြန်ဆုံး ကုစားသွားမည်ဟူသော ရှေ့လုပ်ငန်းစဉ်အရ ကိုဗစ်-၁၉ ရန်ပုံငွေမှ ကုမ္ပဏီ/လုပ်ငန်းများသို့ ငွေကြေးများ ထုတ်ချေးပေးခဲ့ရသည်။ ချေးငွေပြန်ဆပ်ရမည့် ကာလကိုလည်း ၁ နှစ်သက်တမ်း တိုးပေးခဲ့သည်။ နိုင်ငံ့စီးပွားရေးကို မြှင့်တင်နိုင်ရေး၊ အလုပ်လက်မဲ့ နည်းပါးစေရေးတို့အတွက် လုပ်ငန်းများ စဉ်ဆက်မပြတ် လည်ပတ်နေရမည် ဖြစ်သည်။ ထိုသို့လည်ပတ်နိုင်ရေး အတွက် နိုင်ငံတော်အစိုးရမှ ထောက်ပံ့ကူညီမှုပြုနေသလို ပြည်သူ တစ်ဦးချင်းစီကလည်း မိမိတို့ဘဝရှင်သန်ရေး၊ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးကို ဦးတည်ကာ လုပ်ငန်းများ လုပ်ကိုင်နေကြရပေမည်။
ပြည်သူတစ်ရပ်လုံးစက်သုံးဆီ ချွေတာသုံးစွဲကြရန် နှိုးဆော်အသိပေးနေသကဲ့သို့ မဖြစ်မနေ သုံးစွဲနေကြရသူများအတွက် စက်သုံးဆီကိုဈေးနှုန်းချိုသာစွာ သုံးစွဲနိုင်ရေး စီစဉ်ဆောင်ရွက်ပေးနေပါသည်။ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ စက်သုံးဆီတင်သွင်း ဖြန့်ဖြူးရောင်းချရေး အသင်းတို့ပူးပေါင်းစီစဉ်မှုဖြင့် ပြည်သူများသက်သာသော ဈေးနှုန်းဖြင့် ဝယ်ယူရရှိနိုင်ရန် ရည်ရွယ်၍ ဗဟိုဘဏ်မှ ရည်ညွှန်းငွေလဲလှယ်နှုန်းဖြင့် တိုက်ရိုက်ရောင်းချပေးသည့် နိုင်ငံခြားငွေ အမေရိကန်ဒေါ်လာ ၃၄ သန်းဖြင့် စက်သုံးဆီမှာယူ တင်သွင်းခဲ့သည့် ကုမ္ပဏီ ၂၆ ခုမှ ဒီဇယ်ဂါလန် ၁၂ ဒသမ ၅၄ သန်းခန့်ကို အထူးဈေးနှုန်းဖြင့် ဇန်နဝါရီ ၁၁ ရက်မှစတင်ရောင်းချပေးလျက် ရှိပါသည်။ ဖေဖော်ဝါရီ ၁၁ ရက်တွင် ကုမ္ပဏီ ၁၈ ခု တိုင်းဒေသကြီး/ပြည်နယ်များရှိ စက်သုံးဆီ အရောင်းဆိုင်စုစုပေါင်း ၃၆၃ ဆိုင်ဖြန့်ဖြူးရောင်းချ ပေးလျက်ရှိသည်။ မတ် ၁၂ ရက်တွင် ကုမ္ပဏီငါးခုမှ တိုင်းဒေသကြီး/ပြည်နယ်များရှိ စက်သုံးဆီအရောင်းဆိုင် ၃၈ ဆိုင်တွင် အထူးဈေးနှုန်းဖြင့် ဒီဇယ်ရောင်းချမည်ဟု သိရသည်။ အဆိုပါ သတ်မှတ်စက်သုံးဆီအရောင်းဆိုင်များတွင် သတ်မှတ်ဈေးနှုန်းအတိုင်း ဝယ်ယူရရှိခြင်း မရှိပါက ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေး လုပ်ငန်းကော်မတီ စားသုံးသူရေးရာ ဦးစီးဌာန ရန်ကုန်တိုင်းဒေသကြီး မြန်မာနိုင်ငံစက်သုံးဆီ တင်သွင်းဖြန့်ဖြူးရောင်းချရေးအသင်းတို့ကို ဆက်သွယ်တိုင်ကြားနိုင်ကြောင်းကိုလည်း ဖုန်းနံပါတ်များနှင့်အတူ အသိပေးထားသည်။
လူတစ်ဦးစီ၏ကြီးပွား ချမ်းသာရေးတွင် စီးပွားရေးသည် အဓိကဖြစ်သလို တိုင်းပြည်တစ်ပြည်၏ တိုးတက်ဖွံ့ဖြိုးရေးတွင်လည်း စီးပွားရေးသည် အဓိကဖြစ်သည်။ နိုင်ငံတစ်နိုင်ငံ၏ မောင်းနှင်အားသည် စီးပွားရေးဖြစ်ပေရာ နိုင်ငံ့စီးပွားဖွံ့ဖြိုး တိုးတက်ရေးအတွက် နိုင်ငံတော်အပိုင်းက လုပ်ဆောင်လျက်ရှိသည်။ ဒီမိုကရေစီအစိုးရ ပထမသက်တမ်းကာလတွင် စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုများရှိခဲ့သည်ဖြစ်သော်လည်း ကုန်သွယ်မှုလိုငွေများရှိခဲ့သည်။ ဒုတိယအစိုးရ သက်တမ်းကာလတွင် GDP တိုးတက်မှုများကျဆင်းလာခဲ့ပြီး ကုန်သွယ်မှု လိုငွေအမေရိကန် ဒေါ်လာ ၁၂ ဒသမ ၆၁ ဘီလီယံကျော်ထိရှိခဲ့သည်။ ပထမသက်တမ်းနှင့်ဒုတိယအစိုးရ သက်တမ်းကာလ စုစုပေါင်းအမေရိကန်ဒေါ်လာ ၂၅ ဘီလီယံခန့် ရှိခဲ့ကြောင်း သိရှိရသည်။
ကုန်သွယ်မှုလိုငွေများပြားလာခဲ့ခြင်း၏ အကြောင်းရင်းကို လေ့လာကြည့်သောအခါ ပြည်တွင်းကုန်ထုတ်လုပ်မှုကို အားပေးဆောင်ရွက်ခဲ့ခြင်း မရှိဘဲ သွင်းကုန်ကိုအဓိကထား လုပ်ဆောင်ခဲ့ခြင်းကြောင့် ကုန်သွယ်မှု လိုငွေများပြားလာခဲ့ခြင်းဖြစ်ပေသည်။ ဒီမိုကရေစီဒုတိယသက်တမ်းကာလတွင် ရာနှုန်းပြည့်နီးပါး ပြီးစီးနေပြီဖြစ်သည့် ပြည်ပချေးငွေများဖြင့် ဆောင်ရွက်ထားရှိသည့် ပြည်တွင်းအခြေခံ အဆောက်အအုံများတည်ဆောက်ရာတွင် အရေးပါသည့် ကုန်ထုတ်လုပ်မှု လုပ်ငန်းများကို ရပ်တန့်ပစ်ခဲ့သည်။ ထိုသို့ဆောင်ရွက်ခဲ့မှုကြောင့် လုပ်ငန်းများ ရပ်တန့်သွားပြီး ချေးငွေ၊ အတိုး၊ အရင်းများ အလဟဿပေးဆပ်ခဲ့ရခြင်းသည် နိုင်ငံ့စီးပွားရေးကို ထိခိုက်စေခဲ့သည်။
ထို့ပြင် နိုင်ငံ၌စက်သုံးဆီ၊ စားသုံးဆီအခြေခံ ဆောက်လုပ်ရေးပစ္စည်းများနှင့် ချည်ထည်ပစ္စည်းများ ပြည်တွင်းလိုအပ်ချက်ကို ပြည်တွင်း၌ပြည့်မီအောင် ထုတ်လုပ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်မှု မပြုခဲ့ခြင်း ကြောင့်လည်း နှစ်စဉ်ဒေါ်လာဘီလီယံနှင့်ချီ၍ တင်သွင်းနေရသဖြင့် ကုန်သွယ်မှုလိုငွေ များပြားခဲ့ခြင်းဖြစ်သည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ပြည်တွင်းကုန်ထုတ် လုပ်မှုများကို ဦးစားပေး လုပ်ကိုင် နေသလို ပြည်သူလူထုတစ်ဦးချင်း ပါဝင်ဆောင်ရွက်နိုင်
သည့် ချွေတာသုံးစွဲရေး လုပ်ငန်းစဉ်တစ်ရပ်ကိုလည်း တိုက်တွန်းနှိုးဆော်လျက်ရှိသည်။ စီးပွားရေး ကောင်းမွန်မှသာလျှင် လူနေမှုဘဝ မြင့်မားလာမည်ဖြစ်ပါသဖြင့် ပြည်သူများလိုက်ပါ လုပ်ဆောင်နိုင်သည့် စက်သုံးဆီချွေတာ သုံးစွဲရေးကို လိုက်ပါလုပ်ဆောင်စေချင်သည်။
ကျွန်တော်တို့ပြည်သူအားလုံးက မိမိနိုင်ငံတော်ကို ဖွံ့ဖြိုးတိုးတက်စေချင်သည်။ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး အတွက် ပြည်ပမှ တင်သွင်းနေရသော စက်သုံးဆီများကို ချွေတာသုံးစွဲစေချင်သည်။ ခရီးသွားမည်ဆိုပါလျှင် အများသုံး သယ်ယူပို့ဆောင်ရေးယာဉ်၊ ရထားများကို အသုံးပြုစေချင်သည်။ မသွားလျှင်မဖြစ်သော ခရီးမှအပ ခရီးသွားလာမှုကို လျှော့ချသင့်ပါသည်။ တစ်ဦးချင်းစီက စက်သုံးဆီချွေတာမည်ဆိုပါက နိုင်ငံတော်အတွက်၊မိမိအတွက်ကောင်းကျိုးရလဒ်များသာ ပေါ်ထွက်လာမည် ဖြစ်ပါကြောင်း တိုက်တွန်းရေးသား လိုက်ရပေသည်။ ။
အာကာမောင်မောင်