ကိုဗစ် နှလုံးသား

ကိုဗစ် နှလုံးသား

မာကိုရိုစီက  သြစတြီးယန်းနိုင်ငံသား  ဟော်ကီလက်ရွေးစင်တစ်ဦးဖြစ်သည်။ အမျိုးသားဟော်ကီအသင်း(NHL)ဟု နာမည်ကြီးသည့် မြောက်အမေရိကတိုက် အခြေစိုက် ဟော်ကီအသင်းကြီး၏ ပြိုင်ပွဲတွေမှာ ဝင်ရောက်ကစားနိုင်ဖို့ တာစူထားသည်။ သူ့အသက်က ၁၉ နှစ်ကျော်သာ ရှိသေးသည်။   Minnesota Wild အမည်ရ အမေရိကန်ဟော်ကီ အသင်းကြီးမှာ ဝင်ရောက်ကစားဖို့ မာကို ရွေးချယ်ခံထားရသည်။

သို့ပေမယ့် ပဏာမကျန်းမာရေး စစ်ဆေးခြင်းမှာ မာကို ဆေးကျသွားခဲ့သည်။

မာကို၏နှလုံးကို  စစ်ဆေးကြည့်သည့်အချိန်မှာ နှလုံးကြွက်သားတွေပုံမှန်မဟုတ်ဘဲ ရောင်ရမ်းနေတာကို တွေ့ကြရသည်။  ဆေးပညာအခေါ်အဝေါ်အရတော့ Myocarditis ခေါ်ပါသည်။ ဟော်ကီကစားပွဲမှာသာ မာကိုဆက်ကစားမည်ဆိုရင် နှလုံးရုတ်တရက် ရပ်တန့်ပြီး သေဆုံးသွားနိုင်သည်။ မာကို့မှာက ရောဂါလက္ခဏာ တစ်စုံတစ်ရာမရှိ။ လွန်ခဲ့သည့်နှစ်လကတော့ မာကိုတစ်ယောက်  ကိုဗစ်ဖြစ်ခဲ့ဖူးသည်။ ကိုဗစ်အရှင်း မပျောက်သေးသဖြင့်  ၎င်း၏နောက်ဆက်တွဲပြဿနာများ ဖြစ်လေမလားဟု မာကိုတွေးမိသည်။

ဟော်ကီအသင်းမှာ သည်တစ်ကြိမ် ဝင်ရောက် ယှဉ်ပြိုင်ဖို့  အခွင့်မသာတော့သည့်အတွက်  မာကိုတစ်ယောက် ဇာတိချက်မြှုပ်ဖြစ်သည့် သြစတြီးယားသို့ ပြန်လာခဲ့သည်။ ကျန်းမာရေး မကောင်းသည့်အတွက် ထိုနှစ်က  ဟော်ကီအားကစားပြိုင်ပွဲ ရာသီတစ်ခုလုံးပွဲပေါင်း ၅၆ ပွဲလောက် သူလွတ်သွားသည်။ မာကို တစ်ယောက်အတော်လေးလည်း စိတ်ဓာတ်ကျသွားသည်။ ကစားခွင့်ရဖို့ သူအတော်လေး ပြင်ဆင်ထားခဲ့သည်။ နှလုံးဆရာဝန်များ ကိုယ်တိုင်ကလည်း  မာကို့ အခြေအနေကို အတော်လေး အံ့သြကြရသည်။

အခုလိုမျိုး နှလုံးကြွက်သားများကို ရောင်ရမ်းစေသည့် တခြားဗိုင်းရပ်ပိုးမွှားတွေ ရှိပါသည်။   Cox-sackieviruses အမည်ရသည့် ဗိုင်းရပ်တစ်မျိုးဆိုရင် နှလုံးကြွက်သားများကို အတော်လေး ဒုက္ခပေးတတ်သည့် ဗိုင်းရပ်ပိုးတစ်မျိုးဖြစ်သည်။ ထူးခြားချက်က ၎င်းဗိုင်းရပ်   နှလုံးကိုထိပြီဆိုသည်နှင့် လူနာက ရင်ဘတ်တွေအောင့်လာမည်၊ မောလာမည်၊ တခြားရောဂါ လက္ခဏာတွေကိုလည်း ပြတတ်သည်။ ကိုဗစ်-၁၉ ဗိုင်းရပ်မှာကျတော့   လူနာအများစုက အဆိုပါ လက္ခဏာတွေပြလေ့မရှိ။ လူနာ အနည်းငယ်လောက်သာ ရောဂါလက္ခဏာ ပြတတ်သည်။    ဒါကြောင့်မို့ လူနာအများစုက  ကိုဗစ်-၁၉ ဗိုင်းရပ်  နှလုံးကို တိုက်ခိုက်သွားပြီဆိုသည်ကို     သိရှိလိုက်ကြခြင်းမရှိကြ။

အမေရိကန်ပြည်ထောင်စု  ဖလော်ရီဒါပြည်နယ် မိုင်ယာမီမီလာ ဆေးတက္ကသိုလ်မှ   နှလုံးလျှပ်စီးလမ်းကြောင်း အထူးကုသမားတော်ကြီး Raul Mitrani  နှင့်အဖွဲ့က ကိုဗစ်-၁၉   ကူးစက်ခံရပြီးသူတချို့မှာ နှလုံးနှင့် ပတ်သက်သည့် နောက်ဆက်တွဲပြဿနာများ ရှိနေတတ်ကြကြောင်း သတိပြုမိရာမှ ၎င်းနှလုံးပြဿနာများ အားလုံးကို စုစည်းလျက် ''ကိုဗစ်-၁၉ နောက်ဆက်တွဲ နှလုံးရောဂါစု''(Post-COVID-19 cardiac syndrome)ဟု အမည်ပေးလိုက်သည်။ ၎င်းနှလုံးရောဂါစုများနှင့် ပတ်သက်သည့် အဓိကပြဿနာ နှစ်ရပ်ရှိသည်။ တစ်ခုက နှလုံးက အလုပ်မလုပ်နိုင်တော့ဘဲ ညှစ်အားကျ လာသည့်ပြဿနာ၊ နောက်တစ်ခုကတော့ နှလုံးစည်းချက်မမှန်ဘဲ ပျက်ယွင်းသွားသည့် ပြဿနာဖြစ်ပါသည်။

နှလုံးညှစ်အားကျလာပြီး နှလုံးပျက်စီးခြင်းကို Heart failure ခေါ်သည်။ နှလုံးစည်းချက် မမှန်ရင်လည်း ဦးနှောက်သွေးကြော ပိတ်တာမျိုးဖြစ်တတ်သည်။ ၎င်းပြဿနာနှစ်ရပ်စလုံးက လူကိုရုတ်တရက် သေစေနိုင်သည့် အန္တရာယ်ရှိနေပါသည်။

ကိုဗစ်-၁၉ ဗိုင်းရပ်ပိုးက လူ့နှလုံးကို မည်သည့်နည်းလမ်းဖြင့် ထိခိုက်စေသလဲဆိုတာကို သိရှိနိုင်ဖို့ ဓာတ်ခွဲခန်းများထဲမှာ  နှလုံးတစ်သျှူးများနှင့်  ကိုဗစ်ဗိုင်းရပ် ထိတွေ့စေပြီး   သုတေသနပြုကြတာလည်း ရှိသည်။  ကိုဗစ်-၁၉  နောက်ဆက်တွဲနှလုံး ရောဂါစုအကြောင်း ပိုမိုသိရှိနားလည်နိုင်စေဖို့ ကိုဗစ်ဖြစ်ပြီးသူ လူနာများကို မျက်ခြည်ပြတ်မခံဘဲ ပုံမှန်စောင့်ကြည့် စစ်ဆေးပေးနေတာလည်း ရှိပါသည်။ ကိုဗစ်ကြောင့် နှလုံးထိခိုက်သွားသူများ၏ နှလုံးကို သံလိုက်စက်ကွင်း ဓာတ်မှန်ဖြင့် ပုံရိပ်ဖော်ကြည့်သည့်အခါ နှလုံးကြွက်သားတွေရောင်ရမ်းပြီး ထိခိုက်အနာတရ ရတာတွေမြင်ကြရသည်။ သို့ပေမယ့်  နောက်ကွယ်မှာ  ဘာကြောင့် သည်လိုဖြစ်ရသလဲ ဆိုသည့် အကြောင်းရင်းကိုတော့ ယနေ့အချိန်ထိ တိတိပပ မပြောနိုင်ကြသေး။

ကိုဗစ်-၁၉ ရောဂါ   အစောပိုင်း ကာလများကတည်းက ကိုဗစ်သည် နှလုံးကို ထိခိုက်စေတတ်သည် ဆိုသည်ကိုတော့ ဆရာဝန်တွေ ရိပ်မိနေခဲ့ကြသည်။ တချို့ လူနာတွေမှာ နလုံးကြွက်သားတွေ ဒဏ်ရာရနေပြီဆို Troponin အမည်ရ   သွေးတွင်းဓာတ် တစ်မျိုးဖောက်ကြည့် စစ်ဆေးလို့ရသည်။ တချို့သော ကိုဗစ်ဖြစ်ပြီးသူတွေမှာ  Troponin ဓာတ်တွေ တွေ့လာတာတွေ့ကြရသည်။ ကိုဗစ်ကြောင့် ဆေးရုံတက်ကြရသည့် လူနာတွေမှာ  နှလုံးညှစ်အားကျခြင်း၊ စည်းချက်

မမှန်ခြင်းနှင့်    သွေးခဲပိတ်ဆို့ခြင်းပြဿနာတွေက ကြုံတွေ့နေကျဖြစ်ပါသည်။  ကိုဗစ်ကြောင့် ကွယ်လွန်ရသူများကို  ရင်ခွဲစစ်ဆေးသည့်အခါ  ၎င်းတို့၏ နှလုံးြကြွက်သားများအတွင်း  ကိုဗစ်-၁၉ ဗိုင်းရပ်၏ မျိုးဗီဇအကြွင်းအကျန်တွေကို တွေ့ရသည်။  အဆုတ်ဆဲလ် ကလာပ်စည်းတွေမှာ ကိုဗစ်ပိုး လာရောက်တွယ်ကပ်သလို နှလုံးကြွက်သားဆဲလ် ကလာပ်စည်းတွေမှာလည်း ကိုဗစ်ပိုး လာကပ်သည်ဆိုတာ သေချာသည်။

ကိုဗစ်ဖြစ်နေသူ၊ ဖြစ်ပြီးသူ၊ ရောဂါလက္ခဏာပြသူ၊ မပြဘဲ အကောင်းအတိုင်းရှိနေသူ    အားလုံးလိုလို၏ နှလုံးကို ပုံရိပ်ဖော်စစ်ဆေး ကြည့်သည့်အခါ ပုံမှန်မဟုတ်သည့် ပြောင်းလဲမှုများကို တွေ့ရသည်။  ကိုဗစ်ကူးစက်ခံရသူ လူနာ ၁ဝဝ ကို နှလုံးစစ်ဆေးမှုများအရ ၇၈ ဦး၏ နှလုံးမှာမူမမှန်မှုများ တွေ့ရပြီး ၆ဝ ဦး၏ နှလုံးကြွက်သားများမှာ ဆက်လက်ရောင်ရမ်းနေကြသည်ဟု ဆိုပါသည်။

၎င်းတွေ့ရှိချက်က  စိုးရိမ်ဖို့ကောင်းသည်။  ကိုဗစ်ကူးစက်ခံရပြီးနောက်    ပြန်လည်ကျန်းမာလာသည့်တိုင်အောင် နှလုံးထိခိုက်မှုက တစ်စုံတစ်ရာ လက္ခဏာမပြဘဲ ဆက်လက်ဖြစ်ပွားနေနိုင်သည့် အလားအလာကို ဖော်ပြနေသည်။

အဓိကအားဖြင့်တော့  အားကစား ဆေးပညာရှင် အသိုင်းအဝိုင်းမှာ ကိုဗစ်-၁၉ နောက်ဆက်တွဲနှလုံးရောဂါစုက  တပ်လှန့်လိုက်သလိုဖြစ်သွားသည်။ ကိုဗစ်က   နှလုံးကိုထိခိုက်သည် ဆိုသည့်နေရာမှာ နှလုံး၏ကြွက်သား အများစုရှိသည့်အလွှာကို အဓိက တိုက်ခိုက်ခြင်းဖြစ်သည်။  နှလုံးကြွက်သား အများစုရှိသည့်နေရာကို ရောင်ရမ်းစေသည့် အတွက် Myocarditis ဟု ခေါ်ကြသည်။    နှလုံးကြွက်သား ရောင်ရမ်းခြင်းဟု မြန်မာမှုပြုနိုင်သည်။

ပုံမှန်အားဖြင့် အားကစားသမား တစ်ဦးမှာ နှလုံးကြွက်သား ရောင်ရမ်းသည့်လက္ခဏာရှိနေရင် သုံးလ အနားယူစေရသည်။ မောပန်းခြင်း၊ နှလုံးစည်းချက် မမှန်ခြင်း အစရှိသည့်ရောဂါ လက္ခဏာများလည်း ရှိနေသည်ဆိုမှ၊ နှလုံးကြွက်သား စစ်ဆေးချက်များမှာလည်း ရောင်ရမ်းသည့် လက္ခဏာကိုတွေ့မှ ထိုကဲ့သို့ သုံးလအနားယူစေခြင်း ဖြစ်ပါသည်။ ကိုဗစ်ကြောင့် နှလုံးကြွက်သားရောင်ရမ်းခြင်း ရောဂါမှာတော့ အများစုက ရောဂါလက္ခဏာ တစ်စုံတစ်ရာပြသခြင်း မရှိကြ။

နှလုံးကြွက်သားရောင်၊ မရောင်ဆိုသည်ကလည်း MRI ခေါ်သည့် သံလိုက်စက်ကွင်း ဓာတ်မှန်ဖြင့်စစ်ဆေးပြီးမှ သိခွင့်ရကြခြင်းဖြစ်သည်။ ထို့ကြောင့် ကိုဗစ်ကြောင့် နှလုံးကြွက်သား ရောင်ရမ်းနေသူများကို အချိန်ကာလ မည်မျှအထိ အနားပေးရမည်မှန်း မသိကြ။

သုတေသနတစ်ခုမှာတော့ ကိုဗစ်-၁၉  ကူးစက်ခံရပြီးဖြစ်သည့် တက္ကသိုလ်ကျောင်းသား အားကစားသမား ၂၆ ဦးကို ပုံမှန်နှလုံး စစ်ဆေးမှုများပြုလုပ်သည့် အခါလေးဦးမှာ နှလုံးကြွက်သား ရောင်ရမ်းနေသည်ကို တွေ့ကြရသည်။ သို့ပေမယ့်  မည်သည့်ရောဂါ လက္ခဏာမှ ပြသခြင်းမရှိကြ။ သို့ပေမယ့်  သတိပြုရန်တစ်ချက်က အားကစားသမားများ၏   နှလုံးကြွက်သားများက လေ့ကျင့်ထားမှုများကြောင့်    ပြောင်းလဲမှုအနည်းအကျဉ်း ရှိနေတတ်သည်။ ၎င်းပြောင်းလဲမှုများက ကိုဗစ်ကြောင့် နှလုံးကြွက်သား ရောင်ရမ်းခြင်းနှင့် သံလိုက်စက်ကွင်း ဓာတ်မှန်မှာ မှားတတ်သည်။

 ¤င်းသုတေသနမှာ အားနည်းနေသည့်အတွက် အားကစားသမား ထောင်နှင့်ချီပါသည့် သုတေသနတစ်ခု ထပ်လုပ်ကြသည်။ ၎င်းသုတေသနမှာတော့ ကိုဗစ်ဖြစ်ပြီးသူ အားကစားသမားများ၏ ၁ မှ ၅ရာခိုင်နှုန်းမှာ နှလုံးြကြွက်သားရောင်ရမ်း ကြသည်ဆိုသော ခိုင်မာသည့် အဖြေတစ်ခုကို ထုတ်လိုက်နိုင်ပါသည်။   ၎င်းတွေ့ရှိချက်အရ ကိုဗစ်ဖြစ်ပြီးသူ အားကစားသမား အားလုံးကို အချိန်ကာလကြာမြင့်စွာ    အနားယူသင့်သည်ဟု ကောက်ချက်ချလို့မရသလို တွေ့ရှိချက်မှာ အရေးမကြီးဟု ကောက်ချက်ဆွဲလို့လည်း မရပြန်ပါ။ အားကစားသမား တစ်ဦးချင်းစီအလိုက် သတိထားပြီး   ကိုဗစ်အလွန် နှလုံးကြွက်သားရောင်ရမ်းခြင်းကို သတိထားကြဖို့ဖြစ်ပါသည်။

လက်ရှိကာလမှာတော့ အားကစားအသင်းကြီး အများစုက ကိုဗစ်ဖြစ်ထားသည့် အားကစားသမားများကို နှလုံးစစ်ဆေးမှုများစွာ ပြုလုပ်ပြီးမှ လေ့ကျင့်ခန်း ပြန်လုပ်ကြဖို့၊ အားကစားပြိုင်ပွဲတွေ ပြန်ဝင်ကြဖို့ ကန့်သတ်ထားကြပါသည်။   ဥပမာပြရမည်ဆိုရင် မြောက်အမေရိကတိုက် အခြေစိုက် အားကစားအဖွဲ့ကြီးများက ကိုဗစ်ဖြစ်ပြီးသူ အားကစားသမားတိုင်းကို သွေးဖောက်ပြီး   Troponin ဓာတ်စစ်ဆေးခြင်း၊ အီးစီဂျီဆွဲခြင်း၊   နှလုံးတီဗီဓာတ်မှန်(Echocardio-gram) ရိုက်ခြင်းများ ပြုလုပ်ပြီး လိုအပ်ပါက သံလိုက်စက်ကွင်း ဓာတ်မှန်ဖြင့်    စစ်ဆေးစေခြင်းများကိုပါ ပြုလုပ်နေကြပါသည်။

တစ်ဖက်ကလည်း တစ်ကမ္ဘာလုံး အတိုင်းအတာနှင့် ကိုဗစ်ဖြစ်နေကြသည့် အခြေအနေမျိုးမှာ ရောဂါလက္ခဏာမပြသည့် ကိုဗစ်ကူးစက်ခံရပြီးသူ အားကစားသမားတိုင်းကို အထက်ပါ နှလုံးစစ်ဆေးခြင်း အားလုံးပြုလုပ်ဖို့ လို၊ မလို အငြင်းပွားနေကြသည်လည်း ရှိသည်။ ဥပမာ နှလုံးကို သံလိုက်စက်ကွင်း ဓာတ်မှန်ဖြင့် စစ်ဆေးခြင်း(Cardiac MRI)မှာ    လေ့ကျင့်မှုများကြောင့် နှလုံးပုံသဏ္ဌာန် ပြောင်းလဲပြီးဖြစ်နေကြသည့် အားကစားသမားများတွင်    အဖြေတစ်မျိုး ထွက်နေနိုင်သည့်အတွက် အသုံးပြုသင့်၊ မသင့် သုံးသပ်ဖို့ လိုအပ်နေသည်။ ထို့ပြင် Cardiac MRI မှာ တစ်ကြိမ်လျှင် ကန်ဒေါ်လာ ငါးသိန်းခန့် ကုန်ကျနေသည့်အတွက် အတော်လေး ချင့်ချိန်ရမည့်သဘောဖြစ်ပါသည်။

ကိုဗစ်ကြောင့် နှလုံးကြွက်သားရောင်ရမ်းခြင်းမှာ ရှားပါးသည့်  နောက်ဆက်တွဲ ကိုဗစ်ရောဂါတစ်ခု ဆိုသော်လည်း ၎င်းပြဿနာကြောင့် ရုတ်တရက်သေဆုံးရသူ အားကစားသမားတချို့လည်း ရှိနေကြသည်။ အမေရိကန်ပြည်ထောင်စုမှ တက္ကသိုလ် လက်ရွေးစင် ဘောလုံးသမားတစ်ဦး၊  ဆားဘီးယားနိုင်ငံမှ  ဝါရင့် ဘတ်စကက်ဘောသမား တစ်ဦးတို့မှာ ကိုဗစ်အလွန် နှလုံးကြွက်သား ရောင်ရမ်းခြင်းကြောင့် သေဆုံးခဲ့ကြရပြီးပါပြီ။

အားကစားသမားမဟုတ်သည့် ကိုဗစ်ကူးစက်ခံရပြီးသူများ အတွက်တော့ ကိုဗစ်အလွန်နှလုံး စစ်ဆေးခြင်းများကို ပြုလုပ်ဖို့မလိုအပ်ကြောင်း နှလုံးဆရာဝန်များက တညီတညွတ်တည်း ဆိုထားကြသည်။    ကိုဗစ်ကူးစက်ခံနေရချိန်နှင့် ကူးစက်ပြီးချိန်များမှာ နှလုံးနှင့် ပတ်သတ်သည့်  ရောဂါလက္ခဏာ တစ်စုံတစ်ရာမရှိခဲ့သူများအနေနှင့်  နှလုံးနှင့်ပတ်သက်သည့်  ကိုဗစ်နောက်ဆက်တွဲ ရောဂါများကို  ပူပန်နေစရာ မလိုအပ်ပါ။

အနှစ်ချုပ်အားဖြင့်ဆိုရသော် ကိုဗစ်-၁၉ ဗိုင်းရပ်ပိုးများသည် နှလုံးြကြွက်သားများအတွင်း ဝင်ရောက် အခြေပြုနိုင်စွမ်းရှိသည်။ ကိုဗစ်ဖြစ်ပြီးသူ မည်သူမဆို ရောဂါလက္ခဏာ တစ်စုံတစ်ရာမရှိပါဘဲလျက် ကိုဗစ်ကြောင့် နှလုံးြကြွက်သား ထိခိုက်ဒဏ်ရာရထားနိုင်သည်။

အထူးသဖြင့် လေ့ကျင့်ခန်း ပြင်းပြင်းထန်ထန်ပြုလုပ်လေ့ရှိသူ အားကစားသမားများ အနေနှင့် ကိုဗစ်ဖြစ်ပြီးချိန် ကာလများမှာမပေါ့ဆဘဲ    ကိုဗစ်၏ နောက်ဆက်တွဲ နှလုံးရောဂါများကို  သတိထားနေဖို့ လိုအပ်ကြောင်း အကြံပြု ရေးသားလိုက်ရပါသည်။

Ref: COVID's cardiac connection by   Elie Dolgin from Nature.com June 2021

ဒေါက်တာလွှမ်းမိုးဟန်