၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေးအတွက် ဘာသာစုံစွမ်းရည်မြှင့် မွမ်းမံသင်ကြားမှုပြုလုပ်
နေပြည်တော်၊ မတ် - ၁၃
၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ဝင်ရောက်ဖြေဆိုကြမည့် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် ပညာပါရမီဘော်ဒါဆောင်မှ ကျောင်းသား၊ ကျောင်းသူ များ အောင်ချက်မြင့်မားရေးအတွက် ဘာသာစုံစွမ်းရည်မြှင့်သင်ကြားမှု ပြုလုပ် ပေးခဲ့ပြီး မွမ်းမံသင်ကြားမှုပြီးဆုံးခြင်းကို ယနေ့နေ့လယ်ပိုင်းတွင် အဆိုပါ ဘော်ဒါဆောင်၌ ပြုလုပ်ရာ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် မြတ်သက်ဦးနှင့် အဖွဲ့ဝင်များ၊ မြစ်ကြီးနားတက္ကသိုလ်မှ ပါမောက္ခဆရာ၊ ဆရာမများ၊ ပညာပါရမီဘော်ဒါဆောင်မှ တာဝန်ရှိသူများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းမှူးက ကျောင်းသား၊ ကျောင်းသူများအား အနီးကပ်မွမ်းမံသင်ကြား ပြသပေးခဲ့သည့် မြစ်ကြီးနားတက္ကသိုလ်မှ ပါမောက္ခ ဆရာ၊ ဆရာမများအား ကျေးဇူးတင်စကားပြောကြားပြီး ပညာပါရမီဘော်ဒါဆောင်မှ ကျောင်းသား၊ ကျောင်းသူ များ ကိုယ်စား ကျောင်းသူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။
ထို့နောက် တိုင်းမှူးက ပါမောက္ခ ဆရာ၊ ဆရာမများအား လက်ဆောင်ပစ္စည်းများ နှင့် ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ပြီး ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ခဲ့ကြောင်း သတင်းရရှိသည်။