ဝါးခယ်မမြို့နယ်၊ ကျုံမငေးမြို့၌ (၉၃)ကြမ်မြောက် အတုလဗုဒ္ဓမဟာစွယ်တော်မြတ် ဗုဒ္ဓပူဇနိယပွဲတော်ဖွင့်ပွဲ ပြုလုပ်

ဝါးခယ်မမြို့နယ်၊ ကျုံမငေးမြို့၌ (၉၃)ကြမ်မြောက် အတုလဗုဒ္ဓမဟာစွယ်တော်မြတ် ဗုဒ္ဓပူဇနိယပွဲတော်ဖွင့်ပွဲ ပြုလုပ်

နေပြည်တော်၊ မတ် - ၁၃

ဧရာဝတီတိုင်းဒေသကြီး၊ ဝါးခယ်မမြို့နယ်၊ ကျုံမငေးမြို့၌ (၉၃)ကြမ်မြောက် အတုလဗုဒ္ဓမဟာစွယ်တော်မြတ် ဗုဒ္ဓပူဇနိယပွဲတော်ဖွင့်ပွဲကို ယနေ့နေ့လယ်ပိုင်းတွင် ပြုလုပ်ရာ ကျုံမငေးမြို့၊ မြတ်စွယ်တော်ဈေးကျောင်း ပရိယတ္တိစာသင်တိုက်ကြီးနှင့် မြတ်စွယ်တော် စက္ခုဒါနဖောင်ဒေးရှင်းကြီး၏ ဦးစီးပဓာနနာယက ဩဝါဒါစရိယ သာသနာ့ဓဇဓမ္မာစရိယ ဂန္တဝါစကပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တ ပညာဇောတ အမှူးပြုသော သံဃာတော်များကြွရောက်တော်မူကြပြီး အနောက်တောင် တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် အောင်အောင်နှင့် တာဝန်ရှိသူများ၊ ဖိတ်ကြားထား သူများ တက်ရောက်ကြသည်။

ဦးစွာ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက  မြတ်စွယ်တော်ဈေးကျောင်း ဆရာတော်ထံမှ ငါးပါးသီလခံယူဆောက်တည်ကြသည်။ ထို့နောက် မြတ်စွယ်တော် ဈေးကျောင်းဆရာတော်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက ဗုဒ္ဓပူဇနိယပွဲတော်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။

၎င်းနောက် သံဃာတော်များ၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက အတုလဗုဒ္ဓ စွယ်တော်မြတ်နှင့် ဗုဒ္ဓရုပ်ပွားတော်များအား ဂန္ဓကုဋိတိုက်တော်မှ ရွှေကျောင်းတော်သို့ ကိန်းဝပ်အပူဇော်ခံရန် အတွက် ပင့်ဆောင်ပူဇော်ခဲ့ကြကြောင်း သတင်းရရှိသည်။