ပြည်ထဲရေးဝန်ကြီးဌာန မိသားစုများက ဆွမ်းဆန်တော် လှူဒါန်းခြင်းများ ဆောင်ရွက်
နေပြည်တော် မတ် ၁၃
ကိုဗစ်- ၁၉ ရောဂါကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည့်ကာလအတွင်း ဆွမ်း ကိစ္စရပ်များအဆင်ပြေစေရန် ရည်ရွယ်၍ ပြည်ထဲရေးဝန်ကြီးဌာန၊ တပ်ဖွဲ့ဝင်/ဝန်ထမ်း အရာထမ်း၊ အမှုထမ်းမိသားစုများက မြို့နယ်အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းဆန်တော်များ ဆက်ကပ် လှူဒါန်းခြင်းကို ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် နေပြည်တော်ကောင်စီနယ်မြေ၊ ပျဉ်းမနားမြို့နယ်ရှိ နန္ဒဝန်ကျောင်းတိုက်သို့လည်းကောင်း၊ ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်ရှိ နိသောကာရာမ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းသို့လည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်ရှိ မဟာသန္တာရုံကျောင်းတိုက်သို့လည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်ရှိ လှသိန်းတန် စာသင်တိုက်သို့လည်းကောင်း၊ ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်ရှိ ကျားရုပ်ကျောင်းတိုက်သို့လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်ရှိ ရွာမပရိယတ္တိစာသင်တိုက်သို့လည်းကောင်း၊ ဧရာဝတီတိုင်း ဒေသကြီး၊ ပုသိမ်မြို့နယ်ရှိ ခါတော်မှီပရိယတ္တိစာသင်တိုက်သို့လည်းကောင်း ဆရာတော်၊ သံဃာတော်များ အတွက် ဆွမ်းဆန်တော်များကို ပြည်ထဲရေးဝန်ကြီးဌာန၊ တပ်ဖွဲ့/ဦးစီးဌာနများမှ သက်ဆိုင်ရာနေပြည်တော် ကောင်စီနယ်မြေနှင့် တိုင်းဒေသကြီး/ပြည်နယ်တို့ရှိ တာဝန်ရှိသူများက သွားရောက်ဆက်ကပ်လှူဒါန်း ခဲ့ကြကြောင်း သတင်းရရှိပါသည်။