ပရီးမီးယားလိဂ် သမိုင်းတစ်လျှောက် ဘောလုံးရာသီ လေးရာသီတွင် သွင်းဂိုး ၂ဝ နှင့်အထက် သွင်းယူနိုင်သည့် ခြောက်ဦးမြောက် ကစားသမားအဖြစ် လီဗာပူးအသင်း တိုက်စစ်မှူး ဆာလက်ချ်စံချိန် မှတ်တမ်းရရှိ
လီဗာပူးအသင်း တိုက်စစ်မှူး ဆာလက်ချ်သည် ဘရိုက်တန်အသင်းနှင့် ကစားသည့်ပွဲစဉ်တွင် အသင်း အတွက် သွင်းဂိုးတစ်ဂိုး သွင်းယူနိုင်ပြီးနောက် ပရီးမီးယားလိဂ် သမိုင်းတစ်လျှောက် ဘောလုံးရာသီ လေးရာသီတွင် သွင်းဂိုး ၂ဝ နှင့်အထက် သွင်းယူနိုင်သည့် ကစားသမားအဖြစ် စံချိန်မှတ်တမ်း ရရှိခဲ့ကြောင်း သိရသည်။
ဆာလက်ချ်သည် ၂ဝ၁၇ ခုနှစ်က ရိုးမားအသင်းမှ လီဗာပူးအသင်းသို့ ပြောင်းရွှေ့ ကစားခဲ့ပြီးနောက် ပထမဆုံး ဘောလုံးရာသီတွင်ပင် ၃၂ ဂိုးအထိ သွင်းယူနိုင်ခဲ့ပြီး ဒုတိယရာသီတွင် ၂၂ ဂိုး၊ တတိယရာသီတွင် သွင်းဂိုး ၂ဝ အောက်ကျရောက်ခဲ့ပြီး ၁၉ ဂိုးသာသွင်းယူနိုင်ခဲ့သော်လည်း စတုတ္ထမြောက် ဘောလုံးရာသီတွင် ၂၂ ဂိုးနှင့် ယခုဘောလုံးရာသီတွင် ပြိုင်ပွဲမပြီးဆုံးမီမှာပင် သွင်းဂိုး ၂ဝ ပြည့်မြောက်ခဲ့ခြင်း ဖြစ်သည်။
ပရီးမီးယားလိဂ်သမိုင်း တစ်လျှောက်တွင် ဆာလက်ချ်မတိုင်မီက ဘောလုံးရာသီ လေးရာသီတွင် သွင်းဂိုး ၂ဝ နှင့် အထက်သွင်းယူနိုင်သည့် ကစားသမားများအဖြစ် နယူးကာဆယ်အသင်း ကစားသမားဟောင်း အလန်းရှီးယား၊ မန်ယူအသင်း ကစားသမားဟောင်း နစ္စတယ် ရွိုင်း၊အာဆင်နယ်အသင်း ကစားသမားဟောင်း အွန် နရီ၊ မန်စီးတီးအသင်း ကစားသမားဟောင်းအဂူရိုနှင့် လက်ရှိ စပါးအသင်း ကစားသမား ဟယ်ရီကိန်းတို့က ရပ်တည်နေခြင်းဖြစ်သည်။ လက်ရှိတွင် ဆာလက်ချ် အနေဖြင့် သွင်းဂိုးအများဆုံး ကစားသမားဆုဖြစ်သည့် ရွှေဖိနပ်ဆု ရရှိရန်လည်း နီးစပ်လျက် ရှိကြောင်း သိရသည်။