နိုင်ငံတကာ ဘောလုံးသမိုင်းတစ်လျှောက် ကလပ်အသင်းနှင့် နိုင်ငံအသင်းအတွက် သွင်းဂိုးအများဆုံး ကစားသမားအဖြစ် စီရော်နယ်ဒို စံချိန်သစ်တင်

နိုင်ငံတကာ ဘောလုံးသမိုင်းတစ်လျှောက် ကလပ်အသင်းနှင့် နိုင်ငံအသင်းအတွက် သွင်းဂိုးအများဆုံး ကစားသမားအဖြစ် စီရော်နယ်ဒို စံချိန်သစ်တင်

မန်ယူအသင်းဝါရင့် တိုက်စစ်မှူး   စီရော်နယ်ဒိုသည် မန်ယူအသင်းနှင့် စပါးအသင်းတို့ ကစားသည့် ပရီးမီးယားလိဂ်ပွဲစဉ်တွင်    အသင်းအတွက် ဟက်ထရစ်သွင်းဂိုး သွင်းယူနိုင်ပြီးနောက်    ကမ္ဘာ့ဘောလုံး သမိုင်းတစ်လျှောက်  ကလပ်အသင်းနှင့်  နိုင်ငံအသင်းအတွက် သွင်းဂိုးအများဆုံး ကစားသမားအဖြစ်  စံချိန်သစ်တင်နိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါပွဲစဉ်တွင် မန်ယူအသင်းက စပါးအသင်းကို ၃ ဂိုး-၂ ဂိုးဖြင့်အနိုင်ရရှိပြီး မန်ယူအသင်းအတွက် သွင်းဂိုးများကို  စီရော်နယ်ဒို တစ်ဦးတည်းက  ပွဲချိန် ၁၂ မိနစ်၊ ၃၈ မိနစ်နှင့် ၈၁ မိနစ်တို့တွင် ဟက်ထရစ် သွင်းဂိုး သွင်းယူနိုင်ပြီးနောက် စံချိန်သစ် တင်နိုင်ခဲ့ခြင်းဖြစ်သည်။

စီရော်နယ်ဒိုမတိုင်မီက ကမ္ဘာ့ဘောလုံးလောက တွင် ကမ္ဘာ့ဘောလုံ းအဖွဲ့ချုပ် အသိအမှတ်ပြု ကလပ်အသင်းနှင့် နိုင်ငံအသင်းအတွက် သွင်းဂိုးအများဆုံး ကစားသမား စာရင်းတွင် ချက်ဂန္ထဝင်ကစားသမားကြီး  ဂျိုးဆက်ဘီကန်က ၈ဝ၅ ဂိုးဖြင့် ဦးဆောင်နေခြင်းကို စီရော်နယ်ဒိုက ယခုအခါ  သွင်းဂိုး ၈ဝ၇ ဂိုးဖြင့် ကျော်ဖြတ်ပြီး သွင်းဂိုးအများဆုံး ကစားသမားအဖြစ် စံချိန်သစ်တင်နိုင်ခဲ့ခြင်းဖြစ်သည်။

စီရော်နယ်ဒိုသည် ကစားသမားဘဝကို ၂ဝဝ၂ ခုနှစ်က ပေါ်တူဂီကလပ် စပို့တင်းလစ္စဘွန်း အသင်းနှင့် စတင်ခဲ့သော်လည်း စပို့တင်းလစ္စဘွန်း အသင်းတွင် တစ်ရာသီသာ ကစားခဲ့ပြီးနောက် ၂ဝဝ၃ ခုနှစ်က မန်ယူအသင်းသို့ ပြောင်းရွှေ့ကစားခဲ့ပြီး ၎င်း၏ ကစားသမား ဘဝအောင်မြင်မှုများကို  စတင်နိုင်ခဲ့ခြင်းဖြစ်သည်။

ထို့နောက် ရီးယဲလ်မက်ဒရစ် အသင်းနှင့် ဂျူဗင်တပ်စ်အသင်းတို့သို့ အဆင့်ဆင့်ပြောင်းရွှေ့ ကစားပြီးနောက်  ယခုဘောလုံးရာသီတွင်  အသင်းဟောင်း မန်ယူအသင်းနှင့်  ပြန်လည် လက်တွဲပြီး ကမ္ဘာ့စံချိန် မှတ်တမ်းသစ်တစ်ခုကို တင်နိုင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။