အငှားယာဉ်မောင်းလုပ်ပြီး အမျိုးသားနဲ့ ရင်ပေါင်တန်း လာနိုင်ကြတဲ့ ဆော်ဒီအမျိုးသမီးများ

အငှားယာဉ်မောင်းလုပ်ပြီး အမျိုးသားနဲ့ ရင်ပေါင်တန်း လာနိုင်ကြတဲ့ ဆော်ဒီအမျိုးသမီးများ

ဒီကနေ့ခေတ်လို   အစစအရာရာ ဈေးနှုန်းကြီးမြင့်နေတဲ့ အချိန်မှာ သာမန်အားဖြင့် လူတွေဟာ ဝင်ငွေတစ်ခုတည်း အပေါ်မှာ  ရပ်တည်လို့ မရတော့ပါဘူး။ ဒါကြောင့်လည်း ယောက်ျား၊ မိန်းမမရွေး အလုပ်လုပ်ကာ မိသားစုဝမ်းရေးအတွက် ကြိုးပမ်းဖြေရှင်း လာရပါတော့တယ်။

အရင်တစ်ချိန်တုန်းကတော့ ယောက်ျားသား တစ်ဦးရဲ့ပုံမှန်ဝင်ငွေက မိသားစုတစ်စုလုံး အေးအေးဆေးဆေး ထိုင်စားရလောက်အောင် အထိ ဖူလုံခဲ့ဖူးပါတယ်။

ဒါကြောင့်လည်း အမျိုးသမီးတွေဟာ အိမ်မှုကိစ္စလုပ်၊ ကလေးထိန်းကျောင်းရင်းနဲ့သာ အချိန်တွေကို ကုန်ဆုံးခဲ့ရတဲ့အတွက် လူမှုပတ်ဝန်းကျင်မှာ အမျိုးသားကြီးစိုးမှုက မူဝါဒတစ်ရပ်လိုတောင် ထွက်ပေါ်လာပါတယ်။

ဒါပေမဲ့ အခုအချိန်မှာတော့  အိမ်ရှိလူ အကုန်ထွက်ပြီး အလုပ်လုပ်မှသာ မိသားစု ဝမ်းရေးကို ဖြေရှင်းနိုင်တော့တဲ့ အခြေအနေ ရောက်လာပါပြီ။

ဒီအချိန်မှာတော့ ယောက်ျား၊ မိန်းမ ရင်ပေါင်တန်းကာ အလုပ်အကိုင်တွေကို တန်းတူလုပ်ကိုင်လာရတဲ့အတွက် အမျိုးသား ကြီးစိုးမှုမူဝါဒသည်လည်း ပျောက်ကွယ်စပြုလာပါပြီ။

အထူးသဖြင့် ဆော်ဒီအာရေဗျနိုင်ငံဆိုတာ တစ်ချိန်တုန်းက မိန်းမဆိုရင် အိမ်ထဲကနေ အိမ်အပြင်တောင် ထွက်ခွင့်မပေးဘဲ ရှေးရိုးစွဲ အတွေးအခေါ်တွေနဲ့ ထိန်းချုပ်ခဲ့တာပါ။

၂ဝ၁၈ ခုနှစ်ရောက်တဲ့ အချိန်မှာ အမျိုးသမီးတွေကိုလည်း အမျိုးသားများနည်းတူ ယာဉ်မောင်းခွင့် ပြုလိုက်တာကို တွေ့ရပါတယ်။

ဆော်ဒီအာရေဗျ အနေနဲ့ အမျိုးသမီးတွေ ယာဉ်မောင်းခွင့် တားမြစ်ထားခြင်းကို ဖြေလျှော့မှု အပါအဝင် လူမှုရေးဆိုင်ရာ ကိစ္စရပ်တွေမှာ ပြုပြင်ပြောင်းလဲမှုတွေ အများကြီး လုပ်လိုက်တာကြောင့် ဆော်ဒီပြည်သူ အများအပြားရဲ့ ဘဝတွေဟာ လည်း ပြောင်းလဲလာရပါတယ်။ ဒါပေမဲ့ နေထိုင်မှု ကုန်ကျစရိတ်ကြီးမြင့်မှုကတော့ တကယ့်ကို   ပြဿနာကြီးတစ်ရပ်ဖြစ် လာပါတယ်။

ဆော်ဒီအစိုးရက အမျိုးသမီးတွေကို ယာဉ်မောင်းခွင့်ပြုခြင်းဟာ အမျိုးသမီးတွေ အတွက်တော့  မဟာအခွင့်အရေးကြီး တစ်ရပ်လိုဖြစ်လာပြီး အခုနောက်ဆုံးမှာ မိသားစု စားဝတ်နေရေးကို တစ်ဖက်တစ်လမ်းကနေ ဖြေရှင်းနိုင်တဲ့အထိ ဖြစ်လာပါပြီ။

အဲဒီလိုယာဉ်မောင်းခွင့် ရရှိသူတွေထဲမှာ ဖာဟတ်ဒါဖာဟတ်သည်လည်း တစ်ဦးအပါအဝင်ဖြစ်ပါတယ်။ သူဟာ အရင်တုန်းက တခြားဆော်ဒီ အမျိုးသမီးတွေလိုမျိုးပဲ ၂ဝ၁၈ ခုနှစ်မတိုင်မီအထိ တရားဝင်ယာဉ်မောင်းခွင့် မရခဲ့ပါဘူး။

ဒါပေမဲ့ ရှေးရိုးစွဲဆော်ဒီအာရေဗျနိုင်ငံမှာ နေထိုင်မှု ကုန်ကျစရိတ်တွေကြီးမြင့်လာတဲ့ အတွက် သူပိုင်ဆိုင်တဲ့ အစိမ်းရောင် ကားလေးဟာ အငှားယာဉ်အဖြစ်ကို ပြောင်းလဲသွားရပါပြီ။ အဲဒီအငှားယာဉ်ကို မောင်းသူကတော့ ဖာဟတ်ဒါဖာဟတ် ကိုယ်တိုင်ပါပဲ။

သူဟာ ကျန်းမာရေး စောင့်ရှောက်မှုဌာန တစ်ခုမှာ ဖုန်းလက်ခံ ဖြေကြားသူအဖြစ် အချိန်ပိုင်းသာ   အလုပ်လုပ်သူဖြစ်ပြီး ကျန်အချိန်တွေမှာတော့ အမျိုးသမီးများ အတွက်သာ   သီးသန့်ပြုလုပ်ထားတဲ့ အငှားယာဉ်ခေါ်မှု အပလီကေးရှင်းကနေ တစ်ဆင့်  အငှားယာဉ်မောင်း အလုပ်ကိုလုပ်နေရသူပါ။

အခုလိုအငှားယာဉ်မောင်း လုပ်နေတဲ့ သူ့ကို သူ့ရဲ့မိသားစုကလည်း ခွင့်ပြုပေးထားပါတယ်။ ဒါပေမဲ့ အခြေအနေနှစ်ခုနဲ့ ခွင့်ပြုပေးထားတာပါ။ တစ်ခုက အငှားယာဉ်လမ်းကြောင်းက မရှည်ရဘူး။ နောက်တစ်ခုက အငှားယာဉ်စီးသူတွေဟာ အမျိုးသားတွေ မဖြစ်ရပါဘူး။

''ကျွန်မအနေနဲ့ အခုလိုအငှားယာဉ်မောင်း လုပ်ရခြင်းဟာ   အပိုဝင်ငွေလေး ရလိုတဲ့အတွက် လုပ်နေရခြင်းဖြစ်ပါတယ်'' လို့  အသက် ၅၄ နှစ်ရှိပြီဖြစ်တဲ့ ဖာဟတ်ဒါဖာဟတ်က ပြောပါတယ်။

''ကလေးသုံးယောက်ရှိတဲ့ကျွန်မအတွက် လစာတစ်ခုတည်းနဲ့ မလုံလောက်ပါဘူး။ အထူးသဖြင့်  ကျွန်မသမီးဆိုရင် အထူးစောင့်ရှောက်မှု လိုအပ်တာကြောင့် ငွေလည်း ပိုပြီးလိုအပ်ပါတယ်'' လို့သူကဆိုပါတယ်။

ဖာဟတ်ဒါဖာဟတ်တစ်ယောက် သူ့ရဲ့ ပထမအလုပ်ကနေရတဲ့ လစာက ရီယယ် ၄ဝဝဝ ရှိပေမယ့်  ဒီလောက်နဲ့မိသားစု စားဝတ်နေရေးအတွက် မလုံလောက်တာကြောင့် အငှားယာဉ်မောင်း အလုပ်ကို ဒုတိယအလုပ်အနေနဲ့   လုပ်ခြင်းကနေ နောက်ထပ် ရီယယ် ၂၅ဝဝ ရရှိလာပါတယ်။

သူ့အနေနဲ့ အငှားယာဉ်မောင်းတဲ့ အချိန်တွေက ပထမ အလုပ်အတွက် သူ့ရဲ့အလုပ်ချိန်ဖြစ်တဲ့ မွန်းလွဲ ၂ နာရီမတိုင်မီ ဖြစ်ပါတယ်။ ဒါပေမဲ့ တစ်ခါတလေ အလုပ်ပြီးတဲ့ည ၁ဝ နာရီနောက်ပိုင်းမှာ လမ်းကြုံအနေနဲ့ လူခေါ်တင်လာတာ မျိုးတွေလည်း ရှိပါတယ်။

''အခုလို အငှားယာဉ်မောင်းအဖြစ် နောက်ထပ်အလုပ်တစ်ခုကို လုပ်တဲ့အတွက် အငြိမ်းစား ယောက်ျားတစ်ယောက်တည်းက ကျခံနေရတဲ့ လစဉ်စားစရိတ်တွေနဲ့ ကလေးတွေရဲ့ကျောင်းအတွက် လိုအပ်ချက်တွေကို တစ်ဖက်တစ်လမ်းကနေ ကူညီလာနိုင်ပါတယ်'' လို့ ဖာဟတ်ဒါဖာဟတ်က ဆိုပါတယ်။

ဘဝအတွက် အခွင့်အလမ်းအသစ်

ဆော်ဒီအာရေဗျနိုင်ငံမှာ အစစအရာရာ ကုန်ဈေးနှုန်းတွေ   ကြီးမြင့်နေတာပါ။ လက်ရှိအချိန်မှာဆိုရင် ဆော်ဒီအာရေဗျ နိုင်ငံက   သူ့နိုင်ငံရဲ့ စီးပွားရေးအတွက် ရေနံအပေါ်မှီခိုနေရမှုကို  လျှော့ချနိုင်ရေး လုပ်ဆောင်နေပြီး ၂ဝ၂ဝ ပြည့်နှစ် ဇူလိုင်လတုန်းက ကုန်ပစ္စည်းရဲ့ ဝန်ဆောင်မှုအပေါ် စည်းကြပ်ခွန်ကို   ၁၅  ရာခိုင်နှုန်းအထိ မြှင့်တင်လိုက်ပါတယ်။

ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလမှာဆိုရင်လည်း သယ်ယူပို့ဆောင်ရေး အတွက် ကုန်ကျစရိတ်တွေက နှစ်စဉ် ၇ ဒသမ ၂  ရာခိုင်နှုန်း မြင့်တက်လာပါတယ်။  အလားတူ စားသုံးသူ  ဈေးနှုန်းကလည်း ၁ ဒသမ ၂ ရာခိုင်နှုန်း မြင့်တက်လာပါတယ်။

တစ်ချိန်တည်းမှာပဲ ယောက်ျားကြီးစိုးမှု အမြစ်တွယ်နေတဲ့   ဆော်ဒီလူ့အသိုင်းအဝိုင်းမှာ အမျိုးသမီးတွေကို အလုပ်နေရာတွေ ပေးလာကြတဲ့အတွက် ဆော်ဒီအမျိုးသမီး သန်းပေါင်းများစွာဟာ အလုပ်အကိုင်တွေကို ရှာဖွေလာကြပါတယ်။

ဒါကြောင့် ပြီးခဲ့တဲ့နှစ်မှာ အမျိုးသမီး အလုပ်သမားအင်အားစုဟာ    နိုင်ငံရဲ့ အလုပ်သမားအင်အားစုအနက် သုံးပုံတစ်ပုံ ကျော်ရှိလာတယ်လို့ အစိုးရရဲ့စာရင်းဇယားတွေမှာ ဖော်ပြထားပါတယ်။

အခုဆိုရင် အရင်တုန်းက ပြည်ပအလုပ်သမားတွေသာ နေရာယူထားတဲ့ စားသောက်ဆိုင်၊ ကော်ဖီဆိုင်၊ ဖိနပ်အရောင်းဆိုင်တို့လို နေရာတွေမှာ ဆော်ဒီအမျိုးသမီးတွေကိုပါ မြင်တွေ့လာရပါပြီ။

တစ်ခါတလေ  အိမ်ထောင်တစ်ခုမှာ အမျိုးသားက   အမျိုးသမီးထက် အရင်ကွယ်လွန်ပြီး မိသားစုကို စွန့်ခွာသွားခဲ့ရတဲ့ အခြေအနေမျိုးတွေလည်း ရှိပါတယ်။

အင်ဆပ်ဆိုတဲ့ အမျိုးသမီးကတော့ ဒီလိုအခြေအနေမျိုးကို  ကြုံတွေ့နေရသူပါ။

ဒါပေမဲ့ အိမ်ထောင်ဦးစီး ယောကျ်ားသား မရှိတော့တဲ့ အင်ဆပ်ဟာ သူ့ရဲ့မိသားစုဝမ်းရေးအတွက် အငှားယာဉ်မောင်းခြင်းဖြင့် ဖြေရှင်းနိုင်လာပါတယ်။

အသက် ၃ဝ သာရှိသေးပေမယ့် ကလေးသုံးယောက်ကို ကျွေးမွေး စောင့်ရှောက်နေရတဲ့ အင်ဆပ်ဟာ သူ့ယောက်ျား ရုတ်တရက် တိမ်းပါးသွားပြီးတဲ့နောက် အငှားယာဉ်မောင်းအလုပ်ကိုလုပ်နေပါတယ်လို့ ဆိုပါတယ်။''သွားလေသူကြီးက ကျွန်မတို့မိသားစုအတွက်   ငွေအများကြီး မရှာဖွေပေးခဲ့နိုင်ပါဘူး။ ဒါကြောင့်  ကျွန်မရဲ့ကလေးတွေ ကိုစောင့်ရှောက်ဖို့အတွက် ကျွန်မအလုပ်လုပ်ရပါတယ်'' လို့ အင်ဆပ်က ပြောပါတယ်။

''အခုကျွန်မက  သွားလေသူကျွန်မအမျိုးသား ကျန်ခဲ့တဲ့ ကားလေးကိုပဲ အငှားယာဉ်အဖြစ် ပြောင်းလဲပြီး အိမ်နီးချင်းမှာရှိတဲ့ အမျိုးသမီးတွေနဲ့ကလေးတွေကို ကျောင်းတွေ၊ ကုန်တိုက်တွေလိုက်ပို့ရင်း အသက်မွေးနေပါပြီ။ အခုလို အငှားယာဉ်မောင်းအဖြစ် အလုပ်လုပ်နေရခြင်းဟာ ကျွန်မဘဝအတွက်တော့ အခွင့်အလမ်း အသစ်တစ်ခုပါပဲ'' လို့သူက ဆက်ပြောပါတယ်။

၂ဝ၁၈ ခုနှစ်ကစလို့ ဆော်ဒီအမျိုးသမီး နှစ်သိန်းကျော်ဟာ ယာဉ်မောင်းလိုင်စင်ကို ရရှိထားပြီးဖြစ်သလို ပြီးခဲ့တဲ့နှစ်မှာ ကားရောင်းဝယ်မှုက ၅ ရာခိုင်နှုန်း မြင့်တက်လာပါတယ်။

မည်သို့ပင်ဆိုစေကာမူ တစ်ချိန်တစ်ခါတုန်းက ယောက်ျားတွေသာ ကြီးစိုးတယ်လို့ ခံယူထားတဲ့   ဆော်ဒီအာရေဗျနိုင်ငံမှာ အမျိုးသမီးတွေဟာ     ပထမဝင်ငွေနဲ့ မလောက်ငလို့ဖြစ်စေ၊ တခြားသောဝင်ငွေ မရှိတော့လို့ဖြစ်စေ သူတို့အနေနဲ့ အငှားယာဉ်မောင်း အလုပ်ကို တွင်တွင်ကျယ်ကျယ် လုပ်လာတာကို တွေ့ရပါတယ်။

ဒါကြောင့်   တကယ်တမ်းပြောရမယ် ဆိုရင် အမျိုးသမီးတွေဟာ  ဝင်ငွေတစ်ခုအတွက် အလုပ်လုပ်ရာမှာ အမျိုးသားတွေနဲ့ တန်းတူရင်ပေါင်တန်း လုပ်ကိုင်လာနိုင်တာကတော့ တကယ့်ကို ချီးကျူးရလောက်ပါပေတယ်။

Ref: TST