ဟိုင်းကြီးကျွန်း၊ လက်မှုပညာ
ဧရာဝတီတိုင်းဒေသကြီး ဟိုင်းကြီးကျွန်းမြို့အတွင်းရှိ ဒေသခံတောင်သူများအနေဖြင့် လယ်ယာ လုပ်ငန်းများ ရပ်နားချိန်တွင် မိရိုးဖလာဝါးလက်မှုလုပ်ငန်းမှ ဝါးနှီးကိုအသုံးပြု၍ တစ်ပိုင်တစ်နိုင်ရက် လုပ်ထားသော ဝါးလက်မှုပစ္စည်း ပြုလုပ်ရောင်းချသူများအနေဖြင့် မိသားစုအပိုဝင်ငွေ ရရှိနေကြောင်း သိရသည်။
“ဒီဝါးလက်မှုလုပ်ငန်းက ကျွန်တော်တို့ အဘိုးတွေလက်ထက်က လက်ဆင့်ကမ်းသင်ပေးခဲ့တဲ့ ပညာ ရပ်တစ်ခုပါ။ အခုလို အလုပ်တွေ နားနေတဲ့အချိန်မှာ ကိုယ်ကျွမ်းကျင်တဲ့ ဝါးခြင်းတောင်း၊ ဆန်ကော၊ ဆန်ကွဲချဆန်ခါနှင့် အခြားလယ်ယာ လုပ်ငန်းမှာ အသုံးဝင်တဲ့ ဝါးလက်မှုလုပ်ငန်းတွေ လုပ်ကိုင်ပါ တယ်။ ဝါးခြင်းတောင်းတစ်လုံး ရက်လုပ်မယ်ဆိုရင် ဝါးဖယောင်းတစ်လုံးကို ငွေကျပ် ၁၅၀၀ နဲ့ပေး ဝယ်ရပြီး ကြိမ်တစ်လုံးကို ငွေကျပ် ၇၀၀ လောက် ပေးဝယ်ရပါတယ်။
ရက်လုပ်မယ့်ဝါးတွေကို အရင်ဆုံးလိုအပ်သလို နှီးဖြာပြီး နေလှန်းကျပ် တင်ထားရပါတယ်။ ဒါမှရက် လုပ်လိုက်တဲ့ပစ္စည်းက ခိုင်ခံ့မာကျောပြီး ပိုးမစားမှာပါ။ ကျပ်တင်ပြီးသားနှီးတွေကို ရေစိမ်ပြီး ကိုယ် ပြုလုပ်မယ့် ပစ္စည်းပေါ်မူတည်ကာ ပုံစံချပြီး တစ်ဆင့်ချင်းရက် လုပ်သွားရပါတယ်။ ဝါးခြင်းတောင်း ရက်လုပ်တဲ့နေရာမှာ နှီးဖြာပြီးသား အဆင်သင့်ရှိရင်တော့ တစ်လုံးကို နှစ်ရက်လောက်ပဲကြာပါ တယ်။ ဆန်ကောတွေကတော့ တစ်ရက်ကို တစ်ချပ်လောက်ပြီးပါတယ်” ဟု ဝါးခြင်းတောင်းများ ရက်လုပ်နေသူတစ်ဦးက ပြောသည်။
လက်ရှိတွင် ဈေးနှုန်းအနေဖြင့် ဝါးခြင်းတောင်းအသေး၊ အကြီးပေါ်မူတည်ပြီး ငွေကျပ် ၄၀၀၀ မှ ၇၀၀၀ ရှိကြောင်း၊ ဆန်ကောတစ်ချပ်လျှင် ငွေကျပ် ၃၅၀၀ ဈေးရှိကြောင်း၊ မိသားစုအပိုဝင်ငွေရရှိပြီး အဆင်ပြေလျက်ရှိကြောင်း သိရသည်။
ဟိုင်းကြီးကျွန်းဒေသထွက် ဝါးလက်မှု ပစ္စည်းများမှာ လက်ရာသေသပ်ကောင်းမွန်ပြီး တာရှည်ခံခိုင်ခံ့ သောကြောင့် သုံးစွဲသူများ သဘောကျနှစ်ခြိုက်ပြီး ဝယ်ယူသူများပြားကာ အရောင်းအဝယ်ကောင်း သဖြင့် ဝါးလက်မှုလုပ်ငန်း လုပ်ကိုင်သူမိသားစုများ အပိုဝင်ငွေရရှိပြီး လုပ်ငန်း အဆင်ပြေလျက်ရှိ ကြောင်း သိရသည်။
(၄၀၇)