နွေကာလအပူလျှပ်ခြင်း၊ ခရမ်းလွန်ရောင်ခြည်သင့်ခြင်းနှင့်ပြဿနာများ

နွေရာသီမှာ ပူပြင်းလွန်းတာနဲ့အမျှ ရေအရင်းအမြစ်   ဆုံးရှုံးမှုများတယ်။ ခန်းခြောက်လာတယ်။ အပူပိုင်း ဒေသတွေမှာ ပါဝင်တဲ့ မြန်မာနိုင်ငံအနေနဲ့ နွေရာသီမှာ အပူချိန်မြင့်မားတဲ့ဒေသတွေမှာ နေထိုင်ရတဲ့ ပြည်သူတို့အနေနဲ့ အပူချိန်လွန်ကဲမှုကြောင့်ဖြစ်ပေါ်နေတဲ့ ကျန်းမာရေး အန္တရာယ်တွေက ကြိုတင်ကာကွယ် ထားဖို့ လိုတယ်။

ပူပြင်းတဲ့နွေရာသီမှာ လိုက်လျောညီထွေရှိတဲ့အဝတ်အစား ပွပွချောင်ချောင် ပေါ့ပေါ့ပါးပါး ဝတ်ဆင်ရမယ်။ နေရောင်ခြည်ကို စုပ်ယူတဲ့အနက်ရောင်၊ အနီရောင် စတဲ့ အရောင်ရင့်ရင့် အဝတ်အစား မဝတ်သင့်ဘူး။

နေရောင်ခြည်ကိုပြန်စေတဲ့ အရောင်နုအရောင်ဖျော့ပွပွ ချောင်ချောင်ဝတ်ဆင်သင့်တယ်။ ရေများများ သောက်ရမယ်။

https://www.myawady.net.mm/sites/default/files/14322k.jpg

အရက်ဘီယာသောက်ခြင်း ရှောင်ကြဉ်ရမယ်။ အရက်ဘီယာဟာ ခန္ဓာကိုယ်ရဲ့ အပူချိန်ထိန်းညှိခြင်း ထိခိုက်စေသလို ခန္ဓာကိုယ်တွင်း ရေဓာတ်ညစ်နွမ်းစေလို့ ရေများများသောက်ဖို့ လိုလာတယ်။ ရေဆာရင်ရေပဲသောက်သင့်တယ်။ အရည်လည်းမသောက်သင့်ပါဘူး။ ချွေးထွက်များရင် နေပူပြင်းလွန်းရင် ကြွက်တက်ခြင်း၊ နုံးခွေခြင်းတို့ဖြစ်နိုင်လို့ ဓာတ်ဆားရည်ဖျော်ပြီး သောက်သင့်ပါတယ်။ နေ့တစ်နေ့ရဲ့ အပူဆုံးနံနက် ၁၀ နာရီမှ ညနေ ၄ နာရီအထိ အပြင်ထွက်ခြင်း မပြုသင့်။ နေပူထဲထွက်ရင် ထီးသို့မဟုတ် ဦးထုပ်ဆောင်းပြီး ထွက်ရမယ်။

နွေရာသီမှာ အရေပြားပြောင်းလဲခြင်းရဲ့ အဓိကအကြောင်းရင်းက ခရမ်းလွန်ရောင်ခြည်ဖြစ်တယ်။ ခရမ်းလွန်ရောင်ခြည်ကို နေကရရှိတယ်။ ပုံမှန်ဆိုရင် ခရမ်းလွန်ရောင်ခြည်ကို အိုဇုန်းလွှာကကာရံထားပေးတယ်။ လူတို့နဲ့ကပ်ရပ်က  ထရိုပိုစပီးယား  နောက်စထရာတိုစပီးယား ကပ်ရပ်က အိုဇုန်းလွှာပြီးမှ အိုင်ယွန်နိုစပီးယား   နျူထရိုစပီးယားလေထုအလွှာလေးလွှာရှိတယ်။ တောမီးလောင်ခြင်း၊ ရုပ်ကြွင်းလောင်စာလောင်ကျွမ်းခြင်း၊ စက်ရုံမီးခိုးတိုင်များ၊  ရေခဲသေတ္တာ၊ အဲယားကွန်းတို့မှကလိုရိုဖလူရိုကာဗွန်တို့က အိုဇုန်းလွှာကို ပါးလွှာစေကာ ပေါက်ပြဲကုန်ပြီး ကမ္ဘာမြေပြင်ထက် ခရမ်းလွန်ရောင်ခြည်ကျရောက်မှုများလာတယ်။ ခရမ်းလွန်ရောင်ခြည် ထိတွေ့မှုများတဲ့  မျက်နှာ၊  လက်၊ လည်ပင်း၊ ခြေထောက်တွေမှာ နေလောင်တာမျိုး အတွေ့ရများတယ်။ ခရမ်းလွန်ရောင်ခြည် ဘီ(၂၉၀-၂၃၀)နာနိုမီတာ   သို့မဟုတ် အမှတ်(၁၂)ဟာ အရေပြားအပေါ်ယံလွှာရဲ့ အောက်ပိုင်းထိ ထိုးဖောက်ရောက်ရှိပြီး ခရမ်းလွန်ရောင်ခြည် အေ (၃၂၀-၄၀၀) နာနိုမီတာ  သို့မဟုတ် အမှတ်(၁၄)က အရေပြားအောက်လွှာထိ ထိုးဖောက်ရောက်ရှိနိုင်ပါတယ်။ နေမရှိတော့တဲ့ ညဘက်မှာ ခရမ်းလွန်ရောင်ခြည်ထိတွေ့မှု သုညဖြစ်တယ်။ ခရမ်းလွန်ရောင်ခြည် အမှတ်(၁၄)က နေရောင်ခြည်ကြောင့် ဖြစ်တဲ့ အရေပြားပြောင်းလဲခြင်း၊ အရေပြားကင်ဆာဖြစ်ခြင်းတို့ ဖြစ်စေသည်။

https://www.myawady.net.mm/sites/default/files/14322k%E1%81%81.jpg

နွေရာသီမှာ အပူချိန်မြင့်မားလို့ အသက်ငယ်ရွယ်လွန်းသူ၊ ကြီးလွန်းသူ၊ နာတာရှည်ရောဂါအခံရှိသူ၊ သွေးတိုး၊ သွေးချို၊ ဆီးချို၊နှလုံးအဆုတ်ရောဂါရှိသူများ၊ အဝလွန်သူ၊ဆီးဆေးသောက်နေရသူ၊ အစားအသောက်မှာ ဆားလျှော့စားနေသူတွေဟာ နွေရာသီမှာ အပူမြင့်မားခြင်းကြောင့် အပူလျှပ်ခြင်း ဒဏ်ခံကြရပါတယ်။    အပူကြောင့်ကြွက်တက်ခြင်း၊ ရေငတ်ခြင်း၊ ခြေထောက်၊လက်၊ ဝမ်းဗိုက်၊ ကြွက်သားနာခြင်း၊ ကြွက်တက်ခြင်း စတာတွေခံစားရတယ်။ နေရိပ်မှာ သို့မဟုတ် အဲယားကွန်းခန်းမှာ နေကာဓာတ်ဆားပါတဲ့ရေကို သောက်ပေးသင့်တယ်။

ဆားဓာတ်ရေဓာတ်ပြန်လည်ဖြည့်တင်းခြင်း မပြုနိုင်ပါက အပူကြောင့်အားကုန်ခြင်း (Heat Exhaustion) ဖြစ်လွယ်တယ်။ နုံးခြင်း၊ ပျို့အန်ခြင်း၊ ခန္ဓာကိုယ်အပူချိန် ၁၁၂ ဒီဂရီဖာရင်ဟိုက်၊ ၃၉ ဒီဂရီစင်တီဂရိတ်ထိ တက်လာခြင်း၊ ခေါင်းကိုက်ခြင်း၊ မူးဝေခြင်း၊ သတိလစ်ခြင်းတို့ဖြစ်နိုင်တယ်။

သွေးပေါင်ချိန်ကျခြင်း၊ နှလုံးခုန်မြန်ခြင်း၊ အရေပြားအေးစက်ကာ ဖြူဖပ်ဖြူရော် ဖြစ်လာနိုင်တယ်။ မိသားစုဆရာဝန်ထံပြသကာကုသမှုခံယူရမယ်။ ဆရာဝန်က ဆားဓာတ်ရေဓာတ်ရရှိ ဒရစ်(ချို၊ ငန်) ချိတ်ကာ မူလအခြေအနေရောက်အောင် ဆောင်ရွက်ပါမယ်။ ကုသမှုခံယူဖို့နောက်ကျရင် အပူကြောင့်လေဖြတ်ခြင်း ဖြစ်နိုင်တယ်။

ခန္ဓာကိုယ်မှ   အပူချိန်ထိန်းညှိစနစ် ဦးနှောက်မှာပျက်စီးလာပြီး ခန္ဓာကိုယ်အပူချိန် ၁၀၄ ဒီဂရီမှ ၁၀၆ ဒီဂရီဖာရင်ဟိုက် ၄၀-၄၀ ဒီဂရီစင်တီဂရိတ်မြင့်တက်လာရင် အသက်အန္တရာယ်ရှိတဲ့ အရေးပေါ် အခြေအနေကို ရောက်နိုင်တယ်။ လူနာရဲ့အရေပြားဟာ ချွေးမထွက်နိုင်တော့ဘဲ ခြောက်သွေ့ နီရဲလာခြင်း၊ ပျို့အန်ခြင်း၊ ခေါင်းကိုက်ခြင်း၊ စကားပြောမူမမှန်ခြင်း၊ ကယောင်ချောက်ချားဖြစ်ခြင်း၊ သတိလစ်ခြင်း၊ တက်ခြင်း၊ အသက်ရှူမမှန်ခြင်း၊ နှလုံးခုန်မြန်လာခြင်းနဲ့ မမှန်ခြင်း၊ သွေးလန့်ခြင်းတို့ဖြစ်နိုင်ပါတယ်။ ဆေးရုံကိုအမြန်တင်ပို့ ကုသမှုခံယူဖို့ လိုပါတယ်။

ယင်းအပူချိန်အမြန်ဆုံးလျှော့ချခြင်းက  ဦးနှောက်၊ နှလုံး၊ ကျောက်ကပ်ပျက်စီးခြင်းကို ကာကွယ်ပေးတယ်။ ဆေးရုံကိုမပို့မီ ရှေးဦးသူနာပြုစုခြင်းနည်းနဲ့ ပြုစုကာ လူနာကို နေရိပ်မှာထားရမယ်။ ပန်ကာလေအေးစက် ရှိတဲ့အခန်းမှာ ထားနိုင်တယ်။  လေဝင်လေထွက်ကောင်းမွန်ရမယ်။ လူနာသတိရရင် ဓာတ်ဆားရည် လုံလောက်အောင် တိုက်ရမယ်။ အဝတ်အစားချွတ်ပြီး ခန္ဓာကိုယ်အနှံ့ ရေအေးဝတ်(ရေဖတ်)တိုက်ပေးရတယ်။ လူနာရဲ့လည်ပင်း၊ ချိုင်း၊ ပေါင်ခြံတို့မှာ ရေခဲ၊ ရေအေးစိမ်ထားတဲ့ မျက်နှာသုတ်ပဝါထားရမယ်။ ရေအေးဆွတ်ထားတဲ့ တဘက်အဝတ်စောင်နဲ့လူနာကိုခြုံပေးရမယ်။

    ယခုနှစ်နွေဟာ ယခင်နှစ်တွေထက် ပိုမိုပူပြင်းကာ နေ့ခင်းဘက် ခရမ်းလွန်ရောင်ခြည်ကျရောက်မှုလည်း မြင့်မားလျက်ရှိတယ်။ အပူဒဏ်ကြောင့် ချွေးထွက်လွန်ပြီး ခန္ဓာကိုယ်တွင်းရှိ ရေနဲ့ဓာတ်ဆားတွေ ဆုံးရှုံးမှု များပြားတယ်။ ယင်းဆုံးရှုံးမှုတွေ ကြောင့် မိတ်နဲ့ယားဖုထွက်ခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊  မူးမော်ခြင်း၊ ကြွက်တက်ခြင်း ချွေးခြောက်ပြီး ကိုယ်အပူချိန်တက်ခြင်း၊ သတိလစ်ခြင်းနှင့် သေဆုံးခြင်းတို့ဖြစ်နိုင်တယ်။

အပူဒဏ်ကြောင့် မလိုလားအပ်တဲ့ အကျိုးဆက်တွေမဖြစ်ပေါ်စေနိုင်ရေး (က) နံနက် ၁၁ နာရီမှ ညနေ ၅ နာရီအတွင်း လွင်တီးခေါင်ပြင် မြစ်ကမ်းနားရေဆိပ်တို့မှာ ရေချိုးခြင်းမှရှောင်ကြဉ်ကာ အရိပ်ရအေးမြတဲ့နေရာမှာ ထားရမယ်။ (ခ)နေပူထဲမှာ ပြင်းထန်တဲ့ကိုယ်လက်လှုပ်ရှားမှု မပြုလုပ်သင့်ဘူး။ (ဂ)အရက်သောက်ခြင်းဟာ အပူဒဏ်အန္တရာယ်ဖြစ်ပေါ်လွယ်စေခြင်းနဲ့ ဖြစ်ပွားပါက ပြင်းထန်စွာခံစားရခြင်းကြောင့် ရှောင်ကြဉ်သင့်ပါတယ်။ (ဃ) နေ့ခင်းဘက် အပြင်ထွက်တိုင်း ဦးထုပ်၊ ထီး၊ အဆောင်း အကာနဲ့သွားသင့်ပါတယ်။ (င) အလင်းရောင်ပြန်တဲ့ အဖြူရောင် သို့မဟုတ် အရောင်ဖျော့အဝတ်အထည်ဝတ်ဆင်ရမယ်။ (စ) ပွပွချောင်ချောင် ချည်ထည်ကို ဝတ်ဆင်ရမယ်။ (ဆ) ချွေးထွက်လွန်ရင် ကိုယ်တွင်းရှိ ရေနှင့် ဓာတ်ဆားဆုံးရှုံးမှုကို ပြန်လည်ဖြည့်တင်းနိုင်ဖို့ ဓာတ်ဆားရည်သောက်သင့်ပါတယ်။ (ဇ) ကိုယ်အပူချိန်တက်ပါက ရေအေးဖတ်နိုင်နိုင် တိုက်ရမယ်။ (ဈ) ဆီးချိုရောဂါ၊ နှလုံးရောဂါ၊ သွေးတိုးရောဂါအခံရှိသူတွေ ကလေးသူငယ်နဲ့ သက်ကြီးရွယ်အိုတွေ အနေနဲ့ နေ့လယ်နေ့ခင်းမှာ အရိပ်ရပြီး လေဝင်လေထွက်ကောင်းတဲ့ နေရာမျိုးမှာ အနားယူသင့်ပါတယ်။ (ည) မိတ်ဖု၊ ယားဖုတွေထွက်ရင် ရေအေးဖတ်ဝတ်ကပ်ခြင်း၊ သနပ်ခါးလိမ်းခြင်းတို့ ပြုလုပ်သင့်တယ်။

  အပူဒဏ်ကြောင့် ပင်ပန်းနွမ်းနယ်ခြင်း၊ ကိုယ်အပူချိန်တက်ခြင်း၊ အပူဒဏ်ကြောင့် သတိလစ်ခြင်းနဲ့ အတက်ရောဂါဖြစ်ရင် ဆေးရုံအရောက်နောက်ကျပါက အသက်ဆုံးရှုံးနိုင်လို့ ဆေးရုံကိုအမြန်ဆုံးပြသဖို့ လိုအပ်မှာဖြစ်ပါတယ်။

 နေအပူချိန်များလှတဲ့သည် နှစ်နွေရာသီမှာ အရိပ်ခိုရင်း အဲယားကွန်းခန်းတွေမှာ အနားယူသင့်ပါတယ်။ နေပူပြင်းတဲ့ နံနက် ၁၀ နာရီမှ ညနေ ၄ နာရီထိ လွင်တီးခေါင်များ၊ ရေချိုးဆိပ်များ၊ ကမ်းခြေတို့မှာ ရေကူးခြင်း၊ ရေကစားခြင်း ရှောင်ကြဉ်သင့်တယ်။ အပူဒဏ်မှကာကွယ်နိုင်ရေး   လိုက်နာဆောင်ရွက်သင့်ပါတယ်။ ။

ဒေါက်တာလွင်သန့်