မြန်မာနိုင်ငံတွင် သံဃာ့ဂိုဏ်းကြီး(၉)ဂိုဏ်း ရှိပေရာ အဆိုပါ သံဃာ့ဂိုဏ်းကြီးများကို စည်းလုံးညီညွတ်မှုရှိအောင် ၁၉၈၀ ပြည့်နှစ်တွင် ဂိုဏ်ပေါင်းစုံသံဃာ့ အစည်းအဝေးကြီးကို ကျင်းပခဲ့ပါသည်။ ထိုအစည်းအဝေးကြီးသို့ သမ္မုတိရ သံဃာ့ကိုယ်စားလှယ်ဆရာတော် ၁၂၁၈ ပါး ကြွရောက်ခဲ့ပြီး သံဃာ့အဖွဲ့အစည်းအဆင့်ဆင့်ကို ဖွဲ့စည်းနိုင်ခဲ့သည်။
နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ တိုင်းဒေသကြီး/ပြည်နယ်၊ မြို့နယ် စသည်ဖြင့်အဆင့်ဆင့်ဖွဲ့စည်းပြီး သံဃာ့ကိစ္စ သံဃာဆောင်ရွက်ဟူသောမူကို ချမှတ်ဆောင်ရွက်နိုင်ခဲ့ကြောင်း မှတ်သားသိရှိရပါသည်။
သံဃာ့အဖွဲ့အစည်း အခြေခံစည်းမျဉ်းနှင့် လုပ်ထုံးလုပ်နည်းများ၊ သံဃနာယကလက်စွဲ၊ ညွှန်ကြားလွှာများ၊ ဝိနည်းဓမ္မကံ အဓိကရုဏ်းမှုခင်းများ ဖြေရှင်းဆုံးဖြတ်ရေးဆိုင်ရာလုပ်ထုံးလုပ်နည်းများ၊ ပရိယတ္တိစာမေးပွဲများ ကျင်းပရေးဆိုင်ရာ စည်းမျဉ်းများ၊ ထေရဝါဒဗုဒ္ဓဘာသာသီလရှင် အဖွဲ့အစည်း အခြေခံစည်းမျဉ်းများ ရေးဆွဲ၍ သံဃာ့ကိစ္စသံဃာဆောင်ရွက်လျက်ရှိပါသည်။ ထိုအခြေခံစည်းမျဉ်းလုပ်ထုံးလုပ်နည်း လက်စွဲညွှန်ကြားလွှာ စသည်တို့ကိုလည်း ရှေးရှေးဆရာ့ဆရာ အာစရိယပရမ္ပရထေရ်အရှင်တို့က ဒီဃဒဿီဉာဏ်အမြင်၊ မဟာကရုဏာရှင်ဖြစ်တော်မူသော သဗ္ဗညုဘုရားရှင်မိန့်ကြားတော်မူခဲ့သော ဓမ္မဝိနယတို့နှင့်အညီ အကြိမ်ကြိမ်စည်းဝေး တိုင်ပင်ညှိနှိုင်းတော်မူကြ၍ ရေးဆွဲခဲ့ကြခြင်း ဖြစ်ပါသည်။
မြို့နယ်သံဃနာယက ဆရာတော်၏ ပြည့်စုံရမည့်ဂုဏ်အင်္ဂါအရည်အချင်း များအဖြစ် ဝိနည်း၌ ကျွမ်းကျင်လိမ္မာရမည်။ ခမာ၊ ဇာဂရိယဂုဏ်နှင့် ပြည့်စုံရမည်ဟု လည်းကောင်း၊ တိုင်းဒေသကြီး/ပြည်နယ် သံဃနာယကဆရာတော်၏ ပြည့်စုံရမည့် ဂုဏ်အင်္ဂါအရည်အချင်းများအဖြစ် ပရိယတ္တိဝိသာရဒ၊ ပိဋကတ္တယဆေက ဂုဏ်နှင့်ပြည့်စုံရမည်။
ခမာ၊ ဇာဂရိယ စသောနယကဂုဏ်များနှင့် ပြည့်စုံရမည်ဟု လည်းကောင်း၊ နိုင်ငံတော်သံဃမဟာနာယက အဖွဲ့ဆရာတော်၏ ပြည့်စုံရမည့် ဂုဏ်အင်္ဂါအရည်အချင်း များအဖြစ် လောကဓမ္မနှစ်ဌာန၌ တတ်သိလိမ္မာရမည်။
သံဃာ့အဖွဲ့အစည်း၏လုပ်ငန်းတာဝန်များကို ဦးစားပေးဆောင်ရွက်လိုသောစိတ်ဆန္ဒရှိရမည်ဟု လည်းကောင်း သင့်လျော်ကောင်းမွန်သည့် ပြဋ္ဌာန်းချက်များကို ပြဋ္ဌာန်းထားကြောင်း သိရှိရပါသည်။
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရ အဋ္ဌမအကြိမ် သံဃမဟာနာယကအဖွဲ့ (၄၇)ပါးစုံညီ ဒသမ အစည်းအဝေး၌ အဘိဓဇမဟာရဋ္ဌဂုရု အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက ဗန်းမော်ကျောင်းတိုက်ဆရာတော် ဒေါက်တာဘဒ္ဒန္တကုမာရာဘိဝံသ မဟာထေရ်၏ အစည်းအဝေးဖွင့် သာရဏီယသြဝါဒကထာတွင် သီလရှိသော ပုဂ္ဂိုလ်ဖြစ်လျှင် ပညာရှိပါသည်၊ ပညာရှိသော ပုဂ္ဂိုလ်ဖြစ်လျှင်လည်း သီလရှိပါသည်ဘုရား။ လက်တစ်ဖက်ဖြင့် အခြားလက်တစ်ဖက်ကို ဆေးကြောရသကဲ့သို့ ခြေတစ်ဖက်ဖြင့် အခြားခြေတစ်ဖက်ကို ဆေးကြောရသကဲ့သို့ သီလကိုပညာဖြင့် ဆေးကြောရပါသည်။ ထို့အတူပင် ပညာကိုလည်းသီလဖြင့်ပင်ဆေးကြောရပါသည်ဘုရား။ သံဃာထုတစ်ရပ်လုံးက သီလနှင့်ပညာကို ဟန်ချက်ညီညီ ကျင့်သုံးနေထိုင်ကြမည်ဆိုလျှင် ဘုရားရှင်၏ သာသနာတော်မြတ်ကြီးသည် အနှစ်ငါးထောင်မက ဆက်လက်တည်တံ့နေမည်မှာ မြေကြီးလက်ခတ်မလွဲပင် ဖြစ်ပါသည်ဘုရားဟူ၍ မိန့်ကြားသည်ကို မှတ်သားနာယူလိုက်ရပါသည်။
မြတ်စွာဘုရားရှင်သည် ပရိယတ္တိ၊ ပဋိပတ္တိ၊ ပဋိဝေဓဟူသောသာသနာတော်သုံးရပ်ကို လိုက်နာဆောင်ရွက်ခြင်း၊ ထိန်းသိမ်းခြင်း၊ ပြန့်ပွားထွန်းကားအောင် ဖြန့်ဝေခြင်း တာဝန်များကို ထမ်းဆောင်ရန် အလို့ငှာ သံဃာရတနာကို ခွင့်ပြုခဲ့ပါသည်။ သံဃာရတနာကိုခွင့်ပြုသောအခါ သံဃာ့အဖွဲ့ဝင်များအနေဖြင့် လိုက်နာကျင့်သုံးနိုင်ရန် ဝိနည်းစည်းမျဉ်း ဥပဒေများကိုလည်း ပညတ်တော်မူခဲ့ပါသည်။ ထိုပညတ်တော်မူခဲ့သော ဝိနည်းတရားတော်သည် အကျဉ်းအားဖြင့် နှစ်ရာနှစ်ဆယ်ခုနစ်သွယ်ရှိပါသည်။ သိက္ခာပုဒ်တော်များပညတ်တော်မူခြင်းကြောင့် အကျိုးတရား(၁၀)ပါးရရှိကြောင်း သိရှိရပါသည်။
ထိုအကျိုးတရားများမှာ သံဃာတော်များ ကောင်းပါပြီဟု ဝန်ခံရခြင်း၊ သံဃာတော်များ ချမ်းချမ်းသာသာ ဖြစ်စေခြင်း၊ ဒုဿီလပုဂ္ဂိုလ်များ နှိမ်နင်းခြင်း၊ သီလကိုချစ်မြတ်နိုးသော ရဟန်းတော်များချမ်းသာစွာ နေထိုင်ရခြင်း၊ မျက်မှောက်ဘဝဘေးရန်များကို ဖယ်ရှားရခြင်း၊ တမလွန်၌ဘေးရန်များကိုဖယ်ရှားတားမြစ်ရခြင်း၊ မကြည်ညိုသေးသော ပုဂ္ဂိုလ်များ ကြည်ညိုလာခြင်း၊ ကြည်ညိုပြီးသူများ သဒ္ဓါတရားပိုမိုထက်သန်ပွားများခြင်း၊ သဒ္ဓမ္မသုံးဖြာ သာသနာအဓွန့်ရှည်ကြာတည်တံ့ခြင်းနှင့် ဝိနည်းတရားတော်ကိုချီးမြှောက်နိုင်ခြင်းဟူသော အကျိုးတရား(၁၀)ပါးတို့ ဖြစ်ပါသည်။
မြတ်စွာဘုရားရှင်သာ သိက္ခာပုဒ်တော်များကို ပညတ်ထားခြင်း မရှိခဲ့ပါက အထက်ပါ အကျိုးတရားများကို ရရှိခံစားနိုင်ရန် မလွယ်ကူသကဲ့သို့ သာသနာတော်မြတ်ကြီးသည်လည်း အညစ်အကြေးကင်းစွာ ထွန်းပနေဖို့ရာ မလွယ်ကူနိုင်ပေ။ သာသနာတော်သက်တမ်းတစ်လျှောက်တွင် ဖျက်လိုဖျက်ဆီး ပေါ်ပေါက်ခဲ့ကြကုန်သော သာသနာဖျက်လုပ်ရပ်များအား သာသနာ့ဦးသျှောင်ဆရာတော်သံဃာတော်အရှင်မြတ်ကြီးများက ဓမ္မဝိနယနှင့် ညီညွတ်စွာ အကြိမ်ကြိမ်အခါခါ သုတ်သင်ရှင်းလင်းနိုင်ခဲ့ခြင်းမှာ ဗုဒ္ဓသာသနာတော်အတွက် ဝမ်းမြောက်ကြည်နူး သာဓုခေါ်ဆိုရပါသည်။ သာသနာတော်မြတ်ကြီး အရှိန်အဟုန်မပျက် ဆက်လက်ထွန်းပသည့် သာသနာ့တန်ဆောင်အဖြစ် အလင်းရောင်များ ဖြန့်ဝေနိုင်ပါစေကြောင်း ကြည်ညို ရေးသားလိုက်ရပေသည်။ ။