နန်းမြို့အတွင်း တည်ထားကိုးကွယ်လျက်ရှိသည့် နန်းဦးစေတီတော်မြတ်ကြီးနှင့် အာသောက စေတီတော်မြတ်ကြီး တို့၏ လုံးတော်ပြည့်ရွှေသင်္ကန်းကပ်လှူပြီးစီးခြင်းနှင့် ဗုဒ္ဓါဘိသေကအနေကဇာတင် မဟာမင်္ဂလာ ကျင်းပပြုလုပ်

နေပြည်တော် မတ် ၁၄

မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်၊ နန်းမြို့အတွင်း တည်ထားကိုးကွယ်လျက်ရှိသည့် နန်းဦးစေတီတော်မြတ်ကြီးနှင့် အာသောကစေတီတော်မြတ်ကြီးတို့၏ လုံးတော်ပြည့်   ရွှေသင်္ကန်းကပ်လှူ ပြီးစီးခြင်းနှင့် ဗုဒ္ဓါဘိသေက အနေကဇာတင်မဟာမင်္ဂလာကို   ယနေ့နံနက်ပိုင်းတွင် အဆိုပါ စေတီတော်မြတ်ကြီးတို့၌ ပြုလုပ်ရာ အောင်မြေသာစံမြို့နယ်၊ မဟာဓမ္မိကာရာမ ရွှေကျင်တိုက်မကြီး၊ ဦးစီးပဓာနဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တထုတိဝရ အမှူးပြုသော သံဃာတော်များ ကြွရောက်တော်မူကြပြီး အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ကိုကိုဦးနှင့် အဖွဲ့ဝင်များ တက်ရောက်ကြသည်။

ဦးစွာ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက သံဃာတော်များအား အရုဏ်ဆွမ်းဆက်ကပ်လှူဒါန်းကြသည်။ ထို့နောက် မဟာဓမ္မိကာရာမ ရွှေကျင်တိုက်မကြီး၊ ဦးစီးပဓာနဆရာတော်အမှူးပြုသော သံဃာတော်များက ဗုဒ္ဓါဘိသေက အနေကဇာတင်၍ ဗုဒ္ဓါဘိသိက်သွန်းလောင်းတော်မူကြသည်။ ယင်းနောက် တိုင်းမှူးနှင့် တက်ရောက်လာကြသူများက ရွှေကျင်တိုက်မကြီး၊ ဦးစီးပဓာနဆရာတော်ထံမှ ကိုးပါးသီလခံယူ ဆောက်တည်ကြကာ သံဃာတော်များ ရွတ်ပွားချီးမြှင့်တော်မူသော ပရိတ်တရားတော်များ နာယူကြည်ညိုကြပြီး သံဃာတော်များအား သင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ  ဆက်ကပ်လှူဒါန်းကြသည်။

၎င်းင်းနောက် တိုင်းမှူးနှင့် တက်ရောက်လာကြသူများက ကြာငါးပွင့်ထားဝယ်ဆရာတော် ဘဒ္ဒန္တဝိရိယသိဒ္ဓိထံမှ ရေစက်ချတရားနာယူကြည်ညိုကြပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ကြကြောင်း သတင်းရရှိသည်။