တပေါင်းလသည် မြန်မာနိုင်ငံအတွက် အထူးကောင်းမွန်ခြင်းနှင့် ပြည့်စုံသောလဖြစ်ပေသည်။ တပေါင်းလတွင် အနယ်နယ်အရပ်ရပ်ရှိ ဘုရားစေတီပွဲတော်များ ကျင်းပလျက်ရှိပေရာ ပြည်သူတို့၏စိတ်နှလုံးကို ရွှင်ပြုံးစေသော လဟု ဆိုနိုင်သည်။ ထို့အတူ တပေါင်းလသည် တပ်မတော်နှင့်ပြည်သူတို့ ဖက်ဆစ်တော်လှန်ရေးကို ဆင်နွှဲအောင်မြင်ခဲ့သော လမြတ်အချိန်အခါလည်း ဖြစ်ပါသည်။ ဘာသာသာသနာတော် တည်တံ့ခိုင်မြဲရေး၊ ထွန်းကားပြန့်ပွားရေးအတွက် တပ်မတော်နှင့်ပြည်သူတို့ ထာဝရလက်တွဲ ဆောင်ရွက်ခဲ့သည့်အောင်ပွဲသည် တပေါင်းလတွင် ဖြစ်ပေါ်ခဲ့သည်။ မြန်မာတို့၏ မျိုးချစ်စိတ်အလှသဘာဝကို တပေါင်းလနှင့်အတူ ယှဉ်တွဲ မြင်နိုင်သည်။
ရှေးစာဆိုတို့သည် တပေါင်းလသာယာပုံကို အထူးတလည်ဖွဲ့ဆိုကြသည်။ ပရိတ်ကြီးဆယ့်တစ်သုတ်၌ ပါဝင်သော ရတနသုတ်တွင် နွေဦးအစ(တပေါင်းလ)၌ အပင်တိုင်း ပင်လုံးကျွတ်ပွင့်သော တောအုပ်သည် အသရေရှိ လှဘိသကဲ့သို့ ဟူ၍ ဘုရားရှင်မိန့်ကြားခဲ့သော အနှိုင်းစကားက တပေါင်းလ၏ သာယာပုံကို အလေးအနက် ဖော်ညွှန်းလျက် ရှိသည်။ ထို့ပြင် တပေါင်းလသည် ရာသီဥတု သာယာကြည်လင်သည့်အတွက် ခမည်းတော်စံရာ ကပိလဝတ်ပြည်သို့ ကြွတော်မူလာရန် ကာဠုဒါယီမထေရ်က ဘုရားရှင်ကို လျှောက်ထားသည့်ဂါထာများတွင် နွေဦးသာယာပုံများကို သရုပ်ဖော်ထားပါသည်။ ထိုဂါထာများကို မြန်မာမှုပြုကာ ပြန်လည်ရေးဖွဲ့သော အင်းဝခေတ်စာဆိုရှင် ရှင်အုန်းညို၏ ဂါထာခြောက်ဆယ်ပျို့တွင် တပေါင်းလ၏ သာယာပုံအဖွဲ့ကောင်းများစွာ ပါဝင်သည်။ ထိုသဘောများနှင့်အညီ မြန်မာစာဆိုတို့သည် တပေါင်းလကို လတကာတို့ထက် သာလွန်သော ပြိုင်ဘက်ကင်းသော နောင်တော်လအဖြစ်ရှုမြင်ကာ တပေါင်းသာခေါင်လများနောင် ဟုဖွဲ့ဆိုခဲ့ကြသည်။
ဖွဲ့လည်းဖွဲ့လောက်ပါသည်။ သဲခင်းသာဝယ်၊ သီတာကြည်လဲ့၊ ငှက်သံနွဲ့နှင့်၊ လွမ်းဖွယ့်မြိုင်ခြေ၊ မြူခိုးဝေခဲ့ဟူသော တောလားအဖွဲ့မှ ပန်းချီကွက်ကလေး၏အလှ၊ အင်ကြင်းသရဖီ၊ ပန်းစုံစီနှင့်၊ သိင်္ဂီရောင်သွေး၊ ကြိုင်ကြိုင်ငယ်မွှေးလို့၊ ငှက်ကျေးငယ်ချွေသည်၊ တောင်လေပြည်မုန်တိုင်းနှင့်၊ ရေလှိုင်းသံတိုး ဟူသော မယ်ခွေ၏
အဲချင်းအဖွဲ့မှ အမြင်အာရုံရော၊ အသံအာရုံပါ ထင်ဟပ်နေသည့်သရုပ်ဖော်ကွက်ကလေး၏အလှ၊ ပရှိန်းငယ်မြလျှံ၊ ဝါရွှေငယ်ကျံသည်၊ လေပြန်လောင်းသုတ်၊ ရွက်ညောင်းငယ်ပြုတ်လို့၊ ကျေးနှုတ်ကယ်သစ်ဆင်၊ ပုရစ်ပုံမြင်သောခါ ဟူသော ဖိုးသူတော်ဦးမင်း၏ လေးချိုးအဖွဲ့မှ ရွက်သစ်ပြောင်း၊ ရွက်ဟောင်းကြွေပုံသရုပ်ဖော်ကွက်ကလေး၏ အလှတို့ကို နမူနာကြည့်ရုံနှင့် တပေါင်းလ၏အလှကွက်များကို မြင်ယောင်မှန်းဆနိုင်ပေသည်။
တပေါင်းလ၏ သာယာပုံကား စာဖွဲ့လို့ကုန်နိုင်ဖွယ်ရှိမည် မဟုတ်ပါ။ တပေါင်းလသည် မြန်မာတို့အတွက် ကုသိုလ်ထူး အကျိုးပြုသောလဟုဆိုလျှင် မှားမည်မဟုတ်ပါ။ ခေတ်အဆက်ဆက်နိုင်ငံတော် အစိုးရများက သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များကို တပေါင်းလပြည့်နေ့ရောက်တိုင်း နှစ်စဉ်ဆက်ကပ် လှူဒါန်းကြသည်။ ထိုအခမ်းအနားတွင် ဆရာတော်၊ သံဃာတော်များနှင့် သီလရှင်များသာမက လူပုဂ္ဂိုလ် များကိုလည်း ဘွဲ့ထူးဂုဏ်ထူးအဆောင်အယောင်များ ပေးအပ်ချီးမြှင့်သည့်အတွက် သဒ္ဓါကြည်ညိုနှစ်လိုဖွယ် ဖြစ်ပါသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစိုးရလက်ထက်တွင် ဘုရားပုထိုးစေတီများ၊ ဘာသာရေးဆိုင်ရာ ပွဲသဘင်များကို (ကိုဗစ်ရောဂါကြိုတင် ကာကွယ်ရေးနည်းများနှင့်အညီ) ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၈ ရက်နေ့ မှစတင်ဖူးမြော်ခွင့်၊ ကျင်းပခွင့်ပြုခဲ့သည်။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အဋ္ဌမအကြိမ် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ (၄၇)ပါးစုံညီ ဒသမအစည်းအဝေးကို ၁၃၈၃ ခုနှစ် တပေါင်းလဆန်း ၆ ရက်နှင့် ၇ ရက်နေ့တို့တွင်လည်းကောင်း၊ အဋ္ဌမအကြိမ် နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင် အဖွဲ့၏ တတိယနှင့် စတုတ္ထအစည်းအဝေးများကို တပေါင်းလဆန်း ၁၀ ရက်၊ ၁၁ ရက်နှင့် ၁၂ ရက်တို့တွင်လည်းကောင်း ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် သီရိမင်္ဂလာကမ္ဘာအေးကုန်းမြေ ဆဋ္ဌသင်္ဂါယနာတင် မဟာပါသာဏလိုဏ်ဂူသိမ်တော်၌ ကျင်းပခဲ့သည်မှာလည်း ဘာသာရေးအရ ထူးခြားလေးနက်မှု ဖြစ်ပါသည်။
မြန်မာနိုင်ငံတွင် သာသနာတော်သန့်ရှင်းရေး၊ သာသနာတော်တည်တံ့ရေး၊ သာသနာတော်ပြန့်ပွားရေး ဟူသော ဦးတည်ချက် သုံးရပ်ဖြင့် သံဃာတော်များက ဦးစီးဦးဆောင်ပြုနေသလို ဒါယကာ ဒါယိကာမအပေါင်းတို့ကလည်း ပစ္စည်းလေးပါး ဆက်ကပ်လှူဒါန်းလျက် ရှိနေကြသည်မှာ မြန်မာနိုင်ငံ၏ ထူးခြားချက်ဖြစ်ပါသည်။ သာသနာတော်အဓွန့်ရှည် တည်တံ့စေရေးမှာ ရဟန်းရှင်လူပြည်သူ အပေါင်းမပျက်မကွက် သယ်ပိုး ထမ်းဆောင်ရမည့် ဝတ္တရားတစ်ရပ်ဖြစ်သည်။ သာသနာတော်သုံးရပ် သန့်ရှင်းတည်တံ့ပြန့်ပွားရေးကို နိုင်ငံကို ချစ်သူတိုင်းက တာဝန်ယူ ဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း အသိပေးရေးသားရင်း သာယာမှုပေါင်းစုံ တပေါင်းလ၏ သာယာပုံကို တင်ပြလိုက်ရပေသည်။ ။