နိဒါန်း
ရိုမေးနီးယားနိုင်ငံသည် ဥရောပအရှေ့တောင်ပိုင်းတွင်တည်ရှိပြီး မြို့တော်မှာ Bucharest ဖြစ်သည်။ မြောက်ဘက်တွင် ယူကရိန်းနိုင်ငံ၊ အရှေ့မြောက်ဘက်တွင် မိုဒိုဗာနိုင်ငံ၊ အရှေ့တောင်ဘက်တွင် ပင်လယ်နက်၊ တောင်ဘက်တွင် ဘူဂေးရီးယားနိုင်ငံ၊ အနောက်တောင်ဘက်တွင် ဆားဘီးယားနိုင်ငံနှင့် အနောက်ဘက်တွင် ဟန်ဂေရီနိုင်ငံတို့နှင့်နယ်နိမိတ်ချင်း ထိစပ်လျက်ရှိသည်။ စတုရန်းကီလိုမီတာ ၂၃၈ç၃၉၇ ကျယ်ဝန်းပြီး လူဦးရေအားဖြင့် ၂၁ သန်းကျော် နေထိုင်လျက်ရှိသည်။
နိုင်ငံ့လူဦးရေ၏ ဆယ်ပုံကိုးပုံခန့်သည် ရိုမေးနီးယန်းတိုင်းရင်းသား လူမျိုးများ ဖြစ်သည်။ နိုင်ငံ အနောက်မြောက်ပိုင်းရှိ Transylvania ဒေသတွင် အများစုနေထိုင်ကြသော ဟန်ဂေရီတိုင်းရင်းသား လူမျိုးများလည်း အများအပြားရှိသည်။ ရိုမာန်ဘာသာစကားကို ရုံးသုံးဘာသာအဖြစ် သတ်မှတ်ထား သော်လည်း Daco-Romanian ဘာသာစကားကိုသာ အများဆုံးအသုံးပြုသည်။ အခြားသော ဘာသာစကား အနေဖြင့် ဟန်ဂေရီဘာသာစကားအား လူဦးရေတစ်သန်းကျော် အသုံးပြု ပြောကြားလျက်ရှိသည်။
၁၉၄၄ ခုနှစ်တွင် ဆိုဗီယက်၏ သိမ်းပိုက်ခြင်းခံခဲ့ရပြီးနောက် ၁၉၄၈ ခုနှစ်တွင် ဆိုဗီယက်ပြည်ထောင်စု (Union of Soviet Socialist Republics -U.S.S.R) ၏ လက်အောက်ခံနိုင်ငံတစ်နိုင်ငံ ဖြစ်ခဲ့သည်။ ၁၉၄၈ ခုနှစ်မှ ၁၉၈၉ မတိုင်မီအထိ ကွန်မြူနစ်စနစ်ဖြင့်အုပ်ချုပ်ခဲ့သည်။ လွတ်လပ်သော ရွေးကောက်ပွဲများကို ၁၉၉၀ ပြည့်နှစ်တွင် ကျင်းပခဲ့သည်။ ၂၀၀၄ ခုနှစ်တွင် North Atlantic Treaty Organization (NATO) အဖွဲ့သို့ ဝင်ရောက်ခဲ့ပြီး ၂၀၀၇ ခုနှစ်တွင် ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံ ဖြစ်လာခဲ့သည်။
ရိုမေးနီးယားနိုင်ငံ၏ အုပ်ချုပ်ရေးယန္တရားကို ခရိုင်အဆင့်တွင် စီရင်စု ၄၁ စုနှင့် ပြည်ထောင်စု နယ်မြေ တစ်ခု (Bucharest)၊ မြို့နယ်အဆင့်တွင် မြို့နယ် (Municipalities) ၁၀၃ ခု ၊ မြို့ (Cities) ၂၁၇ ခုနှင့် မြို့နယ်ခွဲ (Communes) ၂၈၆၁ ခု ဖွဲ့စည်း၍ အုပ်ချုပ်လျက်ရှိသည်။ မြို့နယ်ခွဲများ အောက်တွင် ကျေးရွာအုပ်စု ၁၂၉၅၇ အုပ်စုပါဝင်သော်လည်း ကျေးရွာအုပ်စုအဆင့်တွင် အုပ်ချုပ်ရေး ဆိုင်ရာအဖွဲ့အစည်းထားရှိခြင်းမရှိပေ။ သို့သော် ပြည်ထောင်စုနယ်မြေ (Bucharest) တွင် နယ်မြေ ခြောက်ခုပိုင်းခြားထားပြီး နယ်မြေအလိုက် အုပ်ချုပ်ရေးဆိုင်ရာ အဖွဲ့အစည်းများ ဖွဲ့စည်းထားရှိသည်။
၁၉၉၁ ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေအရ သမ္မတသည် တိုင်းပြည်၏အကြီးအကဲဖြစ်ပြီး ဝန်ကြီးချုပ်သည် အစိုးရအဖွဲ့အကြီးအကဲဖြစ်သည်။ ဥပဒေပြုရေးမဏ္ဍိုင်၊ အုပ်ချုပ်ရေးမဏ္ဍိုင်နှင့် တရားစီရင်ရေးမဏ္ဍိုင်ဟူ၍ မဏ္ဍိုင်ကြီး ၃ ရပ်ဖြင့် အာဏာခွဲဝေကျင့်သုံးသည်။
ဥပဒေပြုရေးမဏ္ဍိုင်
ဥပဒေပြုရေးအာဏာကို ပါလီမန်လွှတ်တော်တွင် အပ်နှင်းထားသည်။ ပါလီမန်လွှတ်တော် (Parlamentul României) ကို အောက်လွှတ်တော် (Camera Deputatilor) နှင့် အထက်လွှတ်တော် (Senatul) တို့ဖြင့် ဖွဲ့စည်းထားသည်။
လွှတ်တော် နှစ်ရပ်လုံးအတွက် ကိုယ်စားလှယ်များကို အချိုးကျကိုယ်စားပြုစနစ်အသုံးပြု၍ ရွေးကောက်တင် မြှောက်သည်။ အောက်လွှတ်တော်ဖြစ်သော ( Camera Deputatilor) တွင် ကိုယ်စားလှယ် ၃၃၀ ဦး ပါဝင်ပြီး သက်တမ်းအနေဖြင့် လေးနှစ်တာဝန်ထမ်းဆောင်ရမည်ဖြစ်သည်။ အထက်လွှတ်တော်ဖြစ်သော (Senatul) တွင် ကိုယ်စားလှယ် ၁၃၆ ဦးပါဝင်ပြီး သက်တမ်းအနေဖြင့် လေးနှစ် တာဝန်ထမ်းဆောင်ရမည်ဖြစ်သည်။ လွှတ်တော် နှစ်ရပ်ရှိ ကိုယ်စားလှယ်ဦးရေအား ၂၀၁၆ ခုနှစ် ရွေးကောက်ပွဲပြီးနောက် ပြင်ဆင်ခဲ့ခြင်းဖြစ်သည်။
အုပ်ချုပ်ရေးမဏ္ဍိုင်
ရိုမေးနီးယားနိုင်ငံတွင် အုပ်ချုပ်ရေးအာဏာကို သမ္မတနှင့် ဝန်ကြီးချုပ်ဦးဆောင်သည့် အစိုးရအဖွဲ့အကြား ခွဲဝေကျင့်သုံးသည်။ တိုင်းပြည်၏ အကြီးအကဲဖြစ်သည့် သမ္မတသည် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်လည်း ဖြစ်သည်။ သမ္မတသည် ဝန်ကြီးချုပ်အဖြစ် အမည်စာရင်းတင်သွင်းရာတွင် လွှတ်တော်တွင်း ကိုယ်စားလှယ်နေရာ အများအပြား ရရှိထားသည့် နိုင်ငံရေးပါတီနှင့်သော်လည်းကောင်း၊ ကိုယ်စားလှယ်နေရာ အများအပြား အနိုင်ရရှိသည့် နိုင်ငံရေးပါတီမရှိပါက နိုင်ငံရေးပါတီအားလုံးနှင့် သော်လည်းကောင်း ညှိနှိုင်း၍ လွှတ်တော်သို့ တင်သွင်းနိုင်သည်။ ဝန်ကြီးချုပ်သည် အစိုးရအဖွဲ့ဝင် များအား ရွေးချယ်အဆိုပြုနိုင်ပြီး ယင်းအဆိုပြုချက်ကို လွှတ်တော်တွင် မဲခွဲအတည်ပြုပေးသည်။
တရားစီရင်ရေးမဏ္ဍိုင်
ရိုမေးနီးယားနိုင်ငံ၏ တရားစီရင်ရေးစနစ်ကို တရားမဆိုင်ရာဥပဒေနှင့်အညီ အဆင့်ဆင့်သော တရားရုံးများဖြင့် ဖွဲ့စည်းကျင့်သုံးပြီး တရားစီရင်ရေးအာဏာကို ယင်းတရားရုံးများတွင် အပ်နှင်းထားသည်။ တရားမတရားရုံးများကို အောက်ဖော်ပြပါအတိုင်း ဖွဲ့စည်းထားသည် -
-တရားလွှတ်တော်ချုပ်
(High Court of Cassation and Justice )
-အယူခံတရားရုံး ၁၅ ရုံး
-စီရင်စုဆိုင်ရာတရားရုံး ၄၁ ရုံးနှင့် Bucharest Municipal တရားရုံး
-ဒေသဆိုင်ရာတရားရုံး ၁၈၈ ရုံး
တရားလွှတ်တော်ချုပ်သည် အမြင့်ဆုံးသော တရားရေးအဖွဲ့အစည်းဖြစ်ပြီး တရားသူကြီးများအား တရားသူကြီးချုပ်များ ကောင်စီ၏ ထောက်ခံချက်ဖြင့် တရားသူကြီးချုပ်မှ ခန့်အပ်သည်။ တရားလွှတ်တော်ချုပ် တရားသူကြီးချုပ်မှခန့်အပ်ထားသော တရားသူကြီးများ
အား ဖယ်ရှားပိုင်ခွင့်မရှိပေ။ တရားသူကြီးချုပ်နှင့် တရားသူကြီးများသည် သက်တမ်းအားဖြင့် ၆ နှစ် တာဝန်ထမ်းဆောင်ရမည် ဖြစ်ပြီး နောက်တစ်ကြိမ်သက်တမ်းကိုလည်း တစ်ဆက်တစ်စပ်တည်း ထမ်းဆောင်ခွင့်ရှိသည်။
လူ့အဖွဲ့အစည်း၏ အထွေထွေအကျိုးစီးပွားကို ကိုယ်စားပြုပြီး တရားဥပဒေစိုးမိုးရေး အပါအဝင် နိုင်ငံသားများ၏ ရပိုင်ခွင့်နှင့် လွတ်လပ်ခွင့်များကို အကာအကွယ်ပေးထားသည့် တရားရေးဝန်ကြီးဌာနကိုလည်း ဖွဲ့စည်းထားသည်။ တရားရေးဝန်ကြီးဌာနသည် လွတ်လပ်၍ ဘက်မလိုက်သော အစိုးရရှေ့နေများမှတစ်ဆင့် ၎င်းင်း၏အာဏာကို ကျင့်သုံးသည်။
ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးကိုလည်း ဖွဲ့စည်းထားရှိပြီး ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ကိစ္စရပ်များကို စီရင်ဆုံးဖြတ်သည်။
ရွေးကောက်ပွဲစီမံခန့်ခွဲရေးအဖွဲ့အစည်းများ
ရွေးကောက်ပွဲများကျင်းပနိုင်ရေးနှင့် စပ်လျဉ်း၍ ရွေးကောက်ပွဲဆိုင်ရာ စီမံခန့်ခွဲရေး အဖွဲ့အစည်းနှစ်ရပ်ဖြင့် ဖွဲ့စည်းဆောင်ရွက်လျက်ရှိရာ ပထမအဖွဲ့အစည်းမှာ အမြဲတမ်းဖွဲ့စည်းထားသည့် အဖွဲ့အစည်းဖြစ်သော ရွေးကောက်ပွဲဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်း (Permanent Electoral Authority -PEA) ဖြစ်သည်။ ဒုတိယအဖွဲ့အစည်းမှာ ရွေးကောက်ပွဲတစ်ခုချင်းစီအလိုက် ရည်ရွယ်ဖွဲ့စည်းထားသော အုပ်ချုပ်မှု အဆင့်သုံးဆင့်ရှိ ရွေးကောက်ပွဲရုံးများဖြစ်သည်။ ၎င်းတို့မှာ ဗဟိုရွေးကောက်ပွဲရုံး (Central Election Bureau - CEB) ၊ မဲဆန္ဒနယ်ဆိုင်ရာရွေးကောက်ပွဲရုံး (Constituency Election Bureaus-BECs) နှင့် မဲရုံဆိုင်ရာရွေးကောက်ပွဲရုံး (Polling Station Election Bureaus - BESVs) တို့ ဖြစ်သည်။
ဗဟိုရွေးကောက်ပွဲရုံး (CEB) ၏အုပ်ချုပ်မှုအောက်တွင် မဲဆန္ဒနယ်ဆိုင်ရာရွေးကောက်ပွဲရုံး (BESVs) ၄၁ ရုံး၊ မြို့တော် Bucharest ရှိ ရွေးကောက်ပွဲရုံးတစ်ရုံး၊ နိုင်ငံပြင်ပမဲဆန္ဒရှင်များအတွက် ရွေးကောက်ပွဲရုံး တစ်ရုံးနှင့် မဲပေးခြင်းကို ကြီးကြပ်ဆောင်ရွက်ရသည့် မဲရုံဆိုင်ရာရွေးကောက်ပွဲရုံး (BESVs) ၁၈၈၀၀ ရုံးတို့ ထားရှိဆောင်ရွက် လျက်ရှိသည်။
ရွေးကောက်ပွဲဆိုင်ရာအာဏာပိုင်အဖွဲ့အစည်း ( PEA) ကို လွှတ်တော်နှစ်ရပ်ပေါင်း အစည်းအဝေးမှတစ်ဆင့် ခန့်အပ်ထားသည့် ဥက္ကဋ္ဌက အကြီးအကဲအဖြစ် တာဝန်ယူ၍ ဒုတိယဥက္ကဋ္ဌ နှစ်ဦးဖြင့် လုပ်ငန်းများတာဝန်ယူဆောင်ရွက်သည်။ ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌ နှစ်ဦးတို့သည် နိုင်ငံရေးပါတီတစ်ခုခု၏ ပါတီဝင်မဟုတ်သူများ ဖြစ်ရမည်ဖြစ်ပြီး သက်တမ်းအားဖြင့် ရှစ်နှစ် တာဝန်ထမ်းဆောင်ရန် သတ်မှတ်ထားသည်။
ရွေးကောက်ပွဲဆိုင်ရာအာဏာပိုင်အဖွဲ့အစည်း (PEA ) သည် ရွေးကောက်ပွဲဆိုင်ရာဥပဒေများအား အထောက်အကူဖြစ်စေမည့် အမိန့်နှင့်ညွှန်ကြားချက်များကို ထုတ်ပြန်ခြင်း၊ မဲဆန္ဒရှင်စာရင်းပြုစုခြင်းအား ကြီးကြပ်ခြင်း၊ မဲဆန္ဒရှင်အသိပညာပေးအစီအစဉ်များအား စီစဉ်ဆောင်ရွက်ခြင်း၊ နိုင်ငံရေးပါတီများနှင့် မဲဆွယ်စည်းရုံးရေး အသုံးစရိတ်များကို ကြီးကြပ်ခြင်းနှင့် ထောက်ပံ့ပို့ဆောင်ရေးဆိုင်ရာ ကိစ္စရပ်များ ဆောင်ရွက်ခြင်းတို့ကို တာဝန်ယူဆောင်ရွက်သည်။
ဗဟိုရွေးကောက်ပွဲရုံး (CEB) ကို တရားလွှတ်တော်ချုပ် (High Court of Cassation and Justice) မှ တရားသူကြီး ငါးဦး၊ ရွေးကောက်ပွဲဆိုင်ရာအာဏာပိုင်အဖွဲ့အစည်း (PEA) ၏ ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌ နှစ်ဦး၊ ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်သည့်သူများ သို့မဟုတ် လွှတ်တော်တွင်းရှိ ပါတီများမှ ၁၂ ဦးထက်မပိုသော ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထားသည်။ ဗဟိုရွေးကောက်ပွဲရုံး (CEB) နှင့် အဆင့်ဆင့်သော ရွေးကောက်ပွဲရုံးများအကြားဆောင်ရွက်သည့် အစည်းအဝေးများ၏ အစည်းအဝေးဆုံးဖြတ်ချက်များကို အများပြည်သူသိရှိနိုင်စေရန် ထုတ်ပြန်ပေးလေ့ရှိသည်။
ဗဟိုရွေးကောက်ပွဲရုံး (CEB ) သည် ရွေးကောက်ပွဲဖြစ်စဉ်များကို ကြီးကြပ်ခြင်း၊ အဆင့်ဆင့်သော ရွေးကောက်ပွဲရုံးများမှ တင်သွင်းလာသည့် အယူခံမှုများကို စစ်ဆေးဆုံးဖြတ်ခြင်းနှင့် ရွေးကောက်ပွဲအပြီး သတ်ရလဒ်များ ရေတွက်ခြင်းတို့ကို တာဝန်ယူဆောင်ရွက်သည်။ ၂၀၂၀ ပြည့်နှစ်ရွေးကောက်ပွဲအတွက် ဗဟိုရွေးကောက်ပွဲရုံး (CEB) ကို စက်တင်ဘာလ ၁၁ ရက်နေ့တွင် ဖွဲ့စည်းခဲ့သည်။
မဲဆန္ဒနယ်ဆိုင်ရာရွေးကောက်ပွဲရုံး (BECs) ကို တရားသူကြီး သုံးဦး၊ ရွေးကောက်ပွဲဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်း (PEA ) မှ ကိုယ်စားလှယ် တစ်ဦး၊ နိုင်ငံရေးပါတီများ၊ ညွန့်ပေါင်းပါတီများနှင့် သက်ဆိုင်ရာမဲဆန္ဒနယ်အလိုက် ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်သည့် ဥပဒေအရ ခွင့်ပြုထားသော တိုင်းရင်းသားလူမျိုးစု ကိုယ်စားပြုအဖွဲ့အစည်းများမှ ၁၁ ဦးထက်မပိုသော ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထားသည်။
မဲရုံဆိုင်ရာရွေးကောက်ပွဲရုံး (BESVs) ကို ရာဇဝတ်တရားသူကြီး သို့မဟုတ် ဥပဒေပညာရှင် ဖြစ်သော ဥက္ကဋ္ဌ တစ်ဦးနှင့် အဖွဲ့ဝင် ခုနစ်ဦးဖြင့် ဖွဲ့စည်းထားပြီး သတ်မှတ်ထားသည့် အနည်းဆုံး အဖွဲ့ဝင် ဦးရေမှာ ငါးဦးဖြစ်သည်။ ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌများအဖြစ် အရည်အချင်းပြည့်မီပြီး သက်ဆိုင်ရာသင်တန်း တက်ရောက်ပြီး ဖြစ်သော ရွေးကောက်ပွဲကျွမ်းကျင်သူများအနက်မှ အလှည့်ကျရွေးချယ်ခြင်း ဖြစ်သည်။
နိုင်ငံပြင်ပမဲဆန္ဒရှင်များအတွက် ရွေးကောက်ပွဲရုံးကို ဥက္ကဋ္ဌ တစ်ဦးနှင့် အဖွဲ့ဝင် အများဆုံး ရှစ်ဦးတို့ဖြင့် ဖွဲ့စည်းထားသည်။ နိုင်ငံပြင်ပမဲဆန္ဒရှင်များအတွက် ရွေးကောက်ပွဲရုံးသည် မဲရုံဆိုင်ရာ ရွေးကောက်ပွဲရုံး (BESVs) ဥက္ကဋ္ဌများအတွက် သင်တန်းများပို့ချခြင်းနှင့် မဲပေးခြင်း ဆောင်ရွက်ချိန်တွင် မဲရုံအဆင့်၌ ပေါ်ပေါက်သည့် အယူခံမှုများကို စစ်ဆေးဆုံးဖြတ်ခြင်း အပါအဝင် စီရင်စုအဆင့်ရှိ လုပ်ငန်းဆောင်ရွက်မှုများကို စီမံခန့်ခွဲသည်။
နိုင်ငံပြင်ပမဲရုံဆိုင်ရာ ရွေးကောက်ပွဲရုံးများကို သံတမန်ရေးရာတာဝန်ရှိသူမှ ခန့်အပ်ထားသည့် ဥက္ကဋ္ဌ တစ်ဦးနှင့် ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်သည့်သူများ သို့မဟုတ် လွှတ်တော်တွင်းရှိ ပါတီများမှ ရွေးချယ်ထားသည့် ကိုယ်စားလှယ် နှစ်ဦးမှ ခြောက်ဦးအကြား ပါဝင်၍ ဖွဲ့စည်းထားသည်။
ကျင်းပပြုလုပ်သည့်ရွေးကောက်ပွဲများ
ရိုမေးနီးယားနိုင်ငံတွင် ကျင်းပပြုလုပ်သော ရွေးကောက်ပွဲများမှာ အောက်ဖော်ပြပါအတိုင်း ဖြစ်သည် -
-သမ္မတရွေးကောက်ပွဲ၊
-ဥပဒေပြုလွှတ်တော်ရွေးကောက်ပွဲ၊
-ဥရောပပါလီမန်ရွေးကောက်ပွဲ၊
-ဒေသန္တရရွေးကောက်ပွဲများ။
သမ္မတရွေးကောက်ပွဲ
သမ္မတရွေးကောက်ပွဲကို အဆင့် နှစ်ဆင့်ဖြင့် ကျင်းပပြုလုပ်သည်။ ပထမအဆင့်ယှဉ်ပြိုင်မှုတွင် ဝင်ရောက်ယှဉ်ပြိုင်သည့် ကိုယ်စားလှယ်လောင်းတစ်ဦးဦး အနေဖြင့် ထောက်ခံမဲ ၅၀ ရာခိုင်နှုန်းထက် ကျော်လွန်ရရှိပါက ၎င်းကိုယ်စားလှယ်လောင်းကို အနိုင်ရရှိသူအဖြစ် ကြေညာသည်။ သို့သော် ပထမအဆင့်ယှဉ်ပြိုင်မှုတွင် မည်သည့်ကိုယ်စားလှယ်လောင်းမျှ ထောက်ခံမဲ ၅၀ ရာခိုင်နှုန်းထက် ကျော်လွန်ရရှိခြင်း မရှိပါက ထောက်ခံမဲအများဆုံးရရှိခဲ့သည့် ကိုယ်စားလှယ်လောင်း နှစ်ဦးဖြင့် ဒုတိယအဆင့် ယှဉ်ပြိုင်မှုကို ဆက်လက်ဆောင်ရွက်သည်။ ဒုတိယအဆင့်ယှဉ်ပြိုင်မှုတွင် ထောက်ခံမဲ အများဆုံးရရှိသူအား အနိုင်ရရှိသူအဖြစ် ကြေညာသည်။
သမ္မတသက်တမ်းမှာ ငါးနှစ်ဖြစ်သည်။ ၁၉၉၂ ခုနှစ်နှင့် ၂၀၀၄ ခုနှစ်အကြားတွင် သမ္မတသက်တမ်းကို လေးနှစ်သတ်မှတ်ထားခဲ့သော်လည်း ၂၀၀၃ ခုနှစ်တွင် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ကျင်းပပြီးနောက် ပြင်ဆင်သတ်မှတ်ခဲ့ခြင်းဖြစ်သည်။ မည်သူမဆို သမ္မတသက်တမ်း နှစ်ကြိမ်ထက်ပို၍ ထမ်းဆောင်ခွင့်မရှိပေ။
သမ္မတအဖြစ်ဝင်ရောက်ယှဉ်ပြိုင်မည့်သူများသည် အောက်ဖော်ပြပါ အရည်အချင်း သတ်မှတ်ချက်များနှင့် ပြည့်စုံသူများဖြစ်ရမည် -
(က) ရိုမေးနီးယားနိုင်ငံသားဖြစ်သူ၊
( ခ) ရွေးကောက်ပွဲကျင်းပမည့်နေ့တွင် အသက် ၃၅ နှစ် ပြည့်ပြီးသူ၊
( ဂ) ၁၉၉၁ ဖွဲ့စည်းပုံအခြေခံဥပဒေအာဏာ တည်ပြီးချိန်မှစ၍ ၁၉၉၂ ခုနှစ်နောက်ပိုင်း သမ္မတသက်တမ်းနှစ်ကြိမ် ထမ်းဆောင်ဖူးခြင်း မရှိသူ။
ဥပဒေပြုလွှတ်တော်ရွေးကောက်ပွဲ
အောက်လွှတ်တော်ကို ကိုယ်စားလှယ် ၃၃၀ ဦးဖြင့် ဖွဲ့စည်းထားပြီး အထက်လွှတ်တော်ကို ကိုယ်စားလှယ် ၁၃၆ ဦးဖြင့် ဖွဲ့စည်းထားသည်။
အထက်လွှတ်တော်အတွက် ကိုယ်စားလှယ် ၁၃၆ ဦးကို အချိုးကျကိုယ်စားပြုစနစ် Party-List Proportional Representation အသုံးပြု၍ ရွေးကောက်တင်မြှောက်သည်။ စီရင်စု ၄၁ စုတွင် မဲဆန္ဒနယ် ၄၃ နယ်သတ်မှတ်ပြီး ကိုယ်စားလှယ်နေရာ ၁၂၁ နေရာ၊ ပြည်ထောင်စုနယ်မြေ (Bucharest) မဲဆန္ဒနယ်တွင် ကိုယ်စားလှယ်နေရာ ၁၃ နေရာ၊ နိုင်ငံပြင်ပတွင်နေထိုင်သည့် မဲဆန္ဒရှင်များအတွက် မဲဆန္ဒနယ်တွင် ကိုယ်စားလှယ်နေရာ နှစ်နေရာ သတ်မှတ်ထားသည်။
အောက်လွှတ်တော်အတွက် ကိုယ်စားလှယ် ၃၃၀ ဦးကို အချိုးကျ ကိုယ်စားပြုစနစ် အသုံးပြု၍ ရွေးကောက်တင်မြှောက်သည်။ စီရင်စုအပေါ်အခြေခံသတ်မှတ်ထားသည့် မဲဆန္ဒနယ် ၄၂ နယ်နှင့် ပြည်ထောင်စုနယ်မြေ (Bucharest) မဲဆန္ဒနယ်တို့တွင် ကိုယ်စားလှယ် ၃၀၈ ဦးကိုလည်းကောင်း၊ နိုင်ငံပြင်ပရောက်ရှိ နေသူများအတွက် မဲဆန္ဒနယ်တွင် ကိုယ်စားလှယ် လေးဦးကိုလည်းကောင်း အသီးသီး ရွေးကောက်တင်မြှောက်သည်။ ကျန်ကိုယ်စားလှယ်နေရာ ၁၈ နေရာကို ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်သည့် လူနည်းစုတိုင်းရင်းသား လူမျိုးစုများအား ခွဲဝေပေးသည်။ ခွဲဝေပေးရာတွင် ၎င်းတို့အတွက် သီးသန့်သတ်မှတ်ပေးထားသည့် အနည်းဆုံးရရှိရမည့် ဆန္ဒမဲအရေအတွက် အထူးသတ်မှတ်ချက်ဖြစ်သော ကိုယ်စားလှယ်နေရာ တစ်နေရာရရှိရန်အတွက် လိုအပ်သည့် ခိုင်လုံမဲ အရေအတွက်၏ ၅ ရာခိုင်နှုန်းရရှိထားသည့် ကိုယ်စားလှယ်လောင်းများအား ခွဲဝေပေးသည်။
ဥရောပပါလီမန်
ပထမဆုံးအကြိမ်အဖြစ် ရိုမေးနီးယားနိုင်ငံသားတို့သည် ဥရောပပါလီမန်အတွက် ၎င်းတို့နိုင်ငံ ကိုယ်စားပြု ကိုယ်စားလှယ်များကို ၂၀၀၇ ခုနှစ် နိုဝင်ဘာလ ၂၅ ရက်နေ့တွင် ရွေးကောက်တင်မြှောက်ခွင့်ရရှိခဲ့သည်။ ရိုမေးနီးယားနိုင်ငံတစ်နိုင်ငံလုံးအား မဲဆန္ဒနယ်မြေတစ်ခုအဖြစ် သတ်မှတ်၍ ဥရောပပါလီမန်ကိုယ်စားလှယ် ၃၃ ဦးအား ရွေးကောက်တင်မြှောက်သည်။ ရွေးကောက်ပွဲတွင် အချိုးကျကိုယ်စားပြုစနစ်ဖြစ်သော Closed Party List Proportional Representation ကို အသုံးပြုဆောင်ရွက်ခြင်း ဖြစ်ပြီး အနည်းဆုံးရရှိရမည့် ထောက်ခံမဲအရေအတွက် (Threshold) ကို ၅ ရာခိုင်နှုန်းသတ်မှတ်ထားသည်။
ဒေသန္တရရွေးကောက်ပွဲများ
မြို့တော်ဝန်ရွေးကောက်ပွဲတွင် အများဆုံးရသူအနိုင်ယူစနစ် (Fast Past the Post-FPTP) ကို အသုံးပြုဆောင်ရွက်ခြင်းဖြစ်သည်။ ဆန္ဒမဲအများဆုံး ရရှိသူအား မြို့တော်ဝန်အဖြစ် ရွေးကောက်တင်မြှောက်ခြင်း ဖြစ်သည်။
စီရင်စုကောင်စီဥက္ကဋ္ဌရွေးချယ်ရာတွင် ၂၀၀၈ ခုနှစ်နှင့် ၂၀၁၂ ခုနှစ်အတွင်း အများဆုံးရသူ အနိုင်ယူစနစ် (Fast Past the Post-FPTP) ကို အသုံးပြုခဲ့သည်။ ၂၀၀၈ ခုနှစ်မတိုင်မီနှင့် ၂၀၁၆ ခုနှစ်နောက်ပိုင်းတွင်မူ စီရင်စုကောင်စီ တစ်ခုချင်းစီအလိုက် ဥက္ကဋ္ဌများကို တိုက်ရိုက်မဟုတ်သော နည်းလမ်းများဖြင့် ရွေးချယ်ခဲ့သည်။
ဒေသဆိုင်ရာနှင့် စီရင်စုကောင်စီရွေးကောက်ပွဲများတွင် အချိုးကျကိုယ်စားပြုစနစ် တစ်ခုဖြစ်သော Closed Party List Proportional Representation ကို အသုံးပြုပြီး အနည်းဆုံးရရှိရမည့် ထောက်ခံမဲအရေအတွက် (Threshold) ကို သက်ဆိုင်ရာမဲဆန္ဒနယ် အလိုက် ၅ ရာခိုင်နှုန်း သတ်မှတ်ထားသည်။
ဥပဒေပြုလွှတ်တော်ရွေးကောက်ပွဲများတွင် ပြောင်းလဲကျင့်သုံးခဲ့သည့် ရွေးကောက်ပွဲနည်းစနစ်များ ၁၉၉၀ - ၁၉၉၁
Multi Member စနစ်ကို အသုံးပြုပြီး မဲဆန္ဒနယ် ၄၁ နယ်တွင် ကိုယ်စားလှယ်နေရာ ၃၉၅ နေရာကို ရွေးကောက်တင်မြှောက်သည်။ အနည်းဆုံးရရှိရမည့် ဆန္ဒမဲအရေအတွက် သတ်မှတ်ထားခြင်းမရှိပေ။
၁၉၉၂ - ၁၉၉၉
မဲဆန္ဒနယ် ၄၂ နယ်တွင် ကိုယ်စားလှယ်နေရာ ၃၂၅ နေရာကို ရွေးကောက်တင်မြှောက်သည်။ နေထိုင်သည့်လူဦးရေအချိုးအစားအလိုက် ကိုယ်စားလှယ်နေရာခွဲဝေသတ်မှတ်သည်။ အနည်းဆုံးရရှိရမည့် ဆန္ဒမဲအရေအတွက်ကို ၃ ရာခိုင်နှုန်းအဖြစ် စတင်သတ်မှတ်ခဲ့သည်။ ညွန့်ပေါင်းအစုအဖွဲ့အများဖြစ်ပါက ပူးပေါင်းသည့်ပါတီ တစ်ပါတီလျှင် ၁ ရာခိုင်နှုန်း တိုးမြှင့်သတ်မှတ်ခဲ့သည်။ ခရိုင်အဆင့်တွင် Hare ပုံသေနည်း အသုံးပြုတွက်ချက်ပေးခြင်းဖြစ်ပြီး ကျန်ရှိသည့်နေရာများကိုမူ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အသုံးပြုခြင်း မရှိသော ဆန္ဒမဲလက်မှတ်များအပေါ်တွင် မူတည်ပြီး D'Hondt ပုံသေနည်း အသုံးပြု၍ တွက်ချက်သည်။
၂၀၀၀ - ၂၀၀၄
မဲဆန္ဒနယ် ၄၂ နယ်တွင် ကိုယ်စားလှယ်နေရာ ၃၂၇ နေရာကို ရွေးကောက်တင်မြှောက်သည်။ အနည်းဆုံးရရှိရမည့် ဆန္ဒမဲအရေအတွက် (Threshold) ကို ၅ ရာခိုင်နှုန်းသတ်မှတ်ခဲ့ပြီး မည်သည့် ပါတီ နှစ်ပါတီမဆို ညွန့်ပေါင်းဖွဲ့စည်းခဲ့ပါက အနည်းဆုံးရရှိရမည့် ဆန္ဒမဲအရေအတွက် (Threshold ) ကို ၃ ရာခိုင်နှုန်း ထပ်လောင်းတိုးမြှင့်သတ်မှတ်ခဲ့သည်။
ညွန့်ပေါင်းအဖွဲ့အစည်းအတွင်း ပါတီများထပ်တိုးဖွဲ့စည်းခဲ့ပါက ပါတီတစ်ပါတီလျှင် ၁ ရာခိုင်နှုန်းဖြင့် အများဆုံး ၁၀ ရာခိုင်နှုန်းအထိ Threshold ကို သတ်မှတ်ထားသည်။
နောက်ပိုင်းတွင် အနည်းဆုံးရရှိရမည့် ဆန္ဒမဲအရေအတွက် (Threshold ) ကို ၃ ရာခိုင်နှုန်းသို့ လျှော့ချခဲ့ပြီး ညွန့်ပေါင်း အဖွဲ့အစည်းများအတွင်း ထပ်တိုး ဖွဲ့စည်းသည့် ပါတီတစ်ပါတီလျှင် ၁ ရာခိုင်နှုန်းဖြင့် Threshold ကို အများဆုံး ၈ ရာခိုင်နှုန်းအထိ ပြင်ဆင်သတ်မှတ်ခဲ့သည်။ လူနည်းစု တိုင်းရင်းသားလူမျိုးများအတွက် ကိုယ်စားလှယ်နေရာ ၁၈ နေရာကို ခွဲဝေသတ်မှတ်ပေးခဲ့သည်။ Hungarians လူမျိုးစုမှလွဲ၍ တိုင်းရင်းသားလူနည်းစု တစ်မျိုးမျိုးအား ကိုယ်စားပြုဖွဲ့စည်းထားသည့် တရားဝင်အဖွဲ့အစည်း တစ်ခုခုသည် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ခိုင်လုံမဲ ၅ ရာခိုင်နှုန်းရရှိထားသော်လည်း ရွေးကောက်ပွဲတွင် ကိုယ်စားလှယ်နေရာ အနည်းဆုံးတစ်နေရာ ရရှိထားခြင်း မရှိပါက သတ်မှတ်ကိုယ်စားလှယ်နေရာ တစ်နေရာ ရရှိခွင့်ရှိသည်။
၂၀၀၄ နောက်ပိုင်း
ရောစပ်အချိုးကျကိုယ်စားပြုစနစ် (Mixed Member Proportional -MMP) ကို အသုံးပြု သည်။ ထို့အတွက်ကြောင့် မဲဆန္ဒရှင်တိုင်းသည် ကိုယ်စားလှယ် တစ်ဦးချင်းစီအတွက် ဆန္ဒပြုရွေးချယ်ပေးပြီး ဆန္ဒမဲစုစုပေါင်း ၅၀ ရာခိုင်နှုန်းထက်ကျော်လွန် ရရှိသော ကိုယ်စားလှယ်လောင်းများသည် ရွေးကောက် တင်မြှောက်ခံရသည်။ ရွေးကောက်တင်မြှောက်ခံရခြင်း မရှိသေးသည့် ကိုယ်စားလှယ်လောင်းများ ရရှိထားသော ဆန္ဒမဲများကို အချိုးကျကိုယ်စားပြုစနစ် အသုံးပြု၍ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဆက်လက် တွက်ချက်သည်။ ကျန်ရှိနေသည့် ကိုယ်စားလှယ်နေရာများကို နိုင်ငံရေးပါတီများအကြား ၎င်းတို့ရရှိသည့် ဆန္ဒမဲအရေအတွက် အချိုးအစားပေါ်တွင် မူတည်၍ ခွဲဝေပေးသည်။
နိုင်ငံရေးပါတီများအနေဖြင့် ၎င်းတို့ရရှိရမည့် ခွဲဝေနေရာထက်ပို၍ ကိုယ်စားလှယ်နေရာ အနိုင်ရရှိထားပါက ယင်းနေရာများကို Overhand Seat ဟု ခေါ်ဆိုသတ်မှတ်သည်။ အချိုးကျ ကိုယ်စားပြုမှုအတွက် အနည်းဆုံး ရရှိရမည့် ထောက်ခံမဲအရေအတွက် (Threshold) ၅ ရာခိုင်နှုန်း ရရှိမှသာလျှင် ကိုယ်စား
လှယ်နေရာရရှိခွင့်ရှိမည်။ သို့သော် Threshold ၅ ရာခိုင်နှုန်းပြည့်မီခြင်း မရှိသော်လည်း အောက်လွှတ်တော်ရှိ မဲဆန္ဒနယ် အနည်းဆုံး ခြောက်နယ် သို့မဟုတ် အထက်လွှတ်တော်ရှိ မဲဆန္ဒနယ် အနည်းဆုံး သုံးနယ်၌ အနိုင်ရရှိပါက ကိုယ်စားလှယ်နေရာရရှိခွင့်ရှိသည်။ ညွန့်ပေါင်းအစုအဖွဲ့များအတွက်မူ ပါတီအရေအတွက် ပေါ်မူတည်၍ အနည်းဆုံးရရှိရမည့် ထောက်ခံမဲ အရေအတွက် (Threshold ) အား ၈ ရာခိုင်နှုန်းမှ ၁၀ အကြား သတ်မှတ်ထားသည်။
ညွန့်ပေါင်းအစုအဖွဲ့တွင် ပါတီ နှစ်ပါတီပါဝင်ပါက ၈ ရာခိုင်နှုန်းဟုလည်းကောင်း၊ ပါတီသုံးပါတီ ပါဝင်ပါက ၉ ရာခိုင်နှုန်းဟုလည်းကောင်း၊ ပါတီ လေးပါတီနှင့်အထက်ပါဝင်ပါက ၁၀ ရာခိုင်နှုန်းဟု လည်းကောင်း သတ်မှတ်ထားသည်။
ဆက်လက်ဖော်ပြပါမည်။
နေခြည်