ဟော့ဖန်ဟိမ်းကို ဂိုးပြတ်ရှုံးပြီး ဘိုင်ယန်၏ ၃၂ ပွဲဆက် ရှုံးပွဲမရှိစံချိန်ရပ်တန့်

မြူးနစ်၊ ဘောလုံး

ပြီးခဲ့သည့်ရက်ပိုင်းက ဆီဗီလာကို အချိန်ပိုတွင် အနိုင်ယူပြီး ယူအီးအက်ဖ်အေစူပါဖလားရခဲ့သည့်   လက်ရှိ ဥရောပချန်ပီယံ ဘိုင်ယန်အသင်းသည် စက်တင်ဘာ ၂၇ ရက်ညက ဟော့ဖန်ဟိမ်းနှင့် ကစား သည့် ဘွန်ဒက်စ်လီဂါ အဝေးကွင်းပွဲတွင် ၄ ဂိုး-၁ ဂိုးဖြင့် ဂိုးပြတ်ရှုံးခဲ့ခြင်းကြောင့် ပြိုင်ပွဲအရပ်ရပ် ၃၂ ပွဲဆက်တိုက် ရှုံးပွဲမရှိသည့်စံချိန် ရပ်တန့်သွားခဲ့ရသည်။ ဘိုင်ယန်သည် ၂၀၁၉ ခုနှစ် ဒီဇင်ဘာလက တည်းက မည်သည့် ပွဲတွင်မျှ ရှုံးပွဲမရှိခဲ့ဘဲ ဘွန်ဒက်စ်လီဂါ နောက်ဆုံး ၂၁ ပွဲဆက် ရှုံးပွဲမရှိခဲ့သကဲ့သို့  ၁၅  ပွဲဆက်တိုက်နိုင်ထားပြီး ယခုမှ ရှုံးပွဲစတင်တွေ့ကြုံခဲ့ခြင်း ဖြစ်သည်။

ဘိုင်ယန်အသင်းသည် ဟော့ဖန်ဟိမ်းနှင့်ပွဲတွင် ပွဲထွက်စာရင်း၌ အဓိကတိုက်စစ်မှူး လီဝန်ဒေါစကီး နှင့်ဂိုရတ်ဇ်ကာ တို့ပါဝင်ခဲ့ခြင်း မရှိသဖြင့် အားနည်းခဲ့ရပြီး နည်းပြဟန်စီဖလစ်ခ် လက်ထက် ယခု ကဲ့သို့ ရှုံးပွဲကြုံခဲ့ရခြင်းလည်းဖြစ်သည်။ ဘိုင်ယန်အသင်းသည် နောက်သုံးရက်အကြာတွင် ဒေါ့မွန်နှင့် ဂျာမန်စူပါ ဖလားဗိုလ်လုပွဲ ကစားရမည်ဖြစ်ပြီး ယခုအရှုံးသည် စူပါဖလားပွဲအတွက် စိတ်ဓာတ်ပိုင်း ဆိုင်ရာထိခိုက်ဖွယ် ရှိနေသည်။                             

Ref:The Sun