ကလေးအကျဉ်းထောင်တွင် အကျဉ်းသား၊အချုပ်သား ၅၀ ဦးခန့်မှ အကျဉ်းထောင်တာဝန်ခံအရာရှိအပါအဝင် အရာရှိ ၃ ဦးအား ဓားစာခံပြုလုပ်၍ အကျဉ်းထောင်မှ ထွက်ပြေးလွတ်မြောက်ရန် ကြံစည်ကြိုးစားမှုဖြစ်ပွား

ကလေးအကျဉ်းထောင်တွင် အကျဉ်းသားအချုပ်သား ၅၀ ဦးခန့်မှ အကျဉ်းထောင်တာဝန်ခံအရာရှိအပါအဝင် အရာရှိ ဦးအား ဓားစာခံပြုလုပ်၍ အကျဉ်းထောင်မှ ထွက်ပြေးလွတ်မြောက်ရန် ကြံစည်ကြိုးစားမှုဖြစ်ပွား

နေပြည်တော်၊ မတ် - ၁၅

ကလေးအကျဉ်းထောင်၌ ယနေ့ညနေပိုင်းတွင် အကျဉ်းထောင်တာဝန်ခံအရာရှိနှင့် ဒုတိယတာဝန်ခံအရာရှိတို့ ၂ ဦး ဦးဆောင်သည့် ဝန်ထမ်းများမှ စည်းကမ်းထိန်းသိမ်းရုံး၌ လုံခြုံရေးကိစ္စရပ်များပြောဆိုနေစဉ် အမှတ်(၅)အိပ်ဆောင်မှ အချုပ်သား ဗန်ဒိန်း (ဘ)ဦးလျန်ပုန် ခေါင်းဆောင်သည့် အင်အား ၅၀ ဦးခန့်မှ အကျဉ်းထောင်တာဝန်ခံအရာရှိ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်သူ၊ ဒုတိယတာဝန်ခံအရာရှိ ဦးစီးအရာရှိ ဦးချိုမင်းလတ်နှင့် ဒုကြီးကြပ်ရေးမှူး ဦးရန်ပိုင်မျိုး တို့ ၃ ဦးအား ဓားစာခံပြုလုပ်၍ အကျဉ်းထောင်အတွင်းမှ ထွက်ပြေး လွတ်မြောက်ရန် ကြံစည်ကြိုးစားမှု ဖြစ်ပွားခဲ့သည်။

အချုပ်သား ဗန်ဒိန်း(ဘ)ဦးလျန်ပုန် ခေါင်းဆောင်သည့်အဖွဲ့မှ တာဝန်ခံအရာရှိပါ၃ ဦး အား ဓားစာခံအဖြစ်ဖမ်းချုပ်စဉ် တာဝန်ခံအရာရှိမှ ပြန်လည်ခုခံသဖြင့် လွှတ်မြောက်သွားခဲ့ပြီး ဒုတိယ တာဝန်ခံအရာရှိနှင့် ဒုကြီးကြပ်ရေးမှူး ၂ ဦးတို့အား  စည်းကမ်းထိန်းသိမ်းရေးရုံးဘေး၌ ချုပ်နှောင်ထားခဲ့ရာ အကျဉ်းထောင်တာဝန်ခံအရာရှိမှ ဗဟိုကင်းပေါ်သို့ချက်ချင်းတက်ရောက်ပြီး Hand Speaker ဖြင့် ဖမ်းဆီးထားသော အရာရှိ ၂ ဦးအား ပြန်လွှတ်ပေးရန်နှင့် မိမိအိပ်ဆောင်သို့ ပြန်လည်ဝင်ရောက်ရန် အကြိမ်ကြိမ်ပြောကြားခဲ့သော်လည်း‌ လိုက်နာမှုမရှိသဖြင့် ၎င်းတို့အား ချောက်လှန့် သည့် သဘောအနေဖြင့် MA-11 သေနတ်ဖြင့် ၃ ချက် မိုးပေါ်သို့ ပစ်ခတ်ခဲ့သော်လည်း လိုက်နာခြင်း မရှိသဖြင့် ၎င်းလူအုပ်စုအောက်ပိုင်းသို့ MA-11 သေနတ်ဖြင့် ထပ်မံပစ်ခတ်ခဲ့ရာ အချုပ်သား ၁၂ ဦး ဒဏ်ရာရရှိခဲ့ပြီး အချုပ်သား ၆ ဦးနှင့် အကျဉ်းသား ၁ ဦး၊ ပေါင်း ၇ ဦး သေဆုံးခဲ့သည်။

သေနတ်ဖြင့်ပစ်ခတ်ချိန်တွင် ဒုတိယတာဝန်ခံအရာရှိနှင့် ဒုကြီးကြပ်ရေးမှူးတို့မှာ ပြန်လည် လွတ်မြောက်လာကာ အချုပ်သားများမှာ ဆေးရုံဆောင်နှင့် အမှတ်(၅)အိပ်ဆောင်အတွင်းသို့ ပြန်လည် ဝင်ရောက်သွားခဲ့ပြီး ညနေ ၅ နာရီ ၄၀ မိနစ်ခန့်တွင် ထိန်းသိမ်းနိုင်ခဲ့သည်။

ဓားစာခံအဖြစ်ထိန်းသိမ်းခံရစဉ် ဒုကြီးကြပ်ရေးမှူး၏ ဝဲဘက်လည်ပင်းနှင့် မေးရိုးတို့၌ ပြတ်ရှဒဏ်ရာ ၁ ချက်စီ(မစိုးရိမ်ရ)ရရှိသွားသဖြင့် ကလေးပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင် ကုသ ပေးလျက်ရှိပြီး အကျဉ်းထောင်၌ ပုံမှန်လုပ်ငန်းများကို ဆက်လက်လုပ် ကိုင်ဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိသည်။