ကလေးအကျဉ်းထောင်တွင် အကျဉ်းသား၊ အချုပ်သား ၅၀ ဦးခန့်မှ အကျဉ်းထောင် တာဝန်ခံအရာရှိ အပါအဝင် အရာရှိ ၃ ဦးအား ဓားစာခံပြုလုပ်၍ အကျဉ်းထောင်မှ ထွက်ပြေးလွတ်မြောက်ရန် ကြံစည်ကြိုးစားမှုဖြစ်ပွား

နေပြည်တော်  မတ်  ၁၅

ကလေးအကျဉ်းထောင်၌ ယနေ့ညနေ ပိုင်းတွင် အကျဉ်းထောင်တာဝန်ခံအရာရှိနှင့် ဒုတိယတာဝန်ခံအရာရှိတို့ ၂ ဦး ဦးဆောင်သည့် ဝန်ထမ်းများမှ စည်းကမ်းထိန်းသိမ်းရေးရုံး၌  လုံခြုံရေးကိစ္စရပ်များပြောဆိုနေစဉ် အမှတ်(၅)အိပ်ဆောင်မှ အချုပ်သားဗန်ဒိန်း (ဘ)ဦးလျန်ပုန် ခေါင်းဆောင်သည့် အင်အား ၅၀ ဦးခန့်မှ အကျဉ်းထောင် တာဝန်ခံအရာရှိ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်သူ၊ ဒုတိယတာဝန်ခံအရာရှိ ဦးစီးအရာရှိ ဦးချိုမင်းလတ်နှင့် ဒုကြီးကြပ်ရေးမှူး ဦးရန်ပိုင်မျိုးတို့ ၃ ဦးအား ဓားစာခံပြုလုပ်၍ အကျဉ်း ထောင်အတွင်းမှ ထွက်ပြေးလွတ်မြောက်ရန် ကြံစည်ကြိုးစားမှုဖြစ်ပွားခဲ့သည်။

အချုပ်သား  ဗန်ဒိန်း(ဘ)ဦးလျန်ပုန် ခေါင်းဆောင်သည့်အဖွဲ့မှ တာဝန်ခံအရာရှိ ပါ ၃ ဦး အား ဓားစာခံအဖြစ် ဖမ်းချုပ်စဉ် တာဝန်ခံအရာရှိမှ ပြန်လည်ခုခံသဖြင့် လွတ်မြောက်သွားခဲ့ပြီး ဒုတိယတာဝန်ခံအရာရှိနှင့် ဒုကြီးကြပ်ရေးမှူး ၂ ဦးတို့အား စည်းကမ်း ထိန်းသိမ်းရေးရုံး ဘေး၌ ချုပ်နှောင်ထားခဲ့ရာ အကျဉ်းထောင် တာဝန်ခံအရာရှိမှ ဗဟိုကင်းပေါ်သို့ ချက်ချင်းတက်ရောက်ပြီး Hand Speaker ဖြင့် ဖမ်းဆီးထားသော အရာရှိ ၂ ဦးအား ပြန်လွှတ်ပေးရန်နှင့် မိမိအိပ် ဆောင်သို့ ပြန်လည်ဝင်ရောက်ရန် အကြိမ်ကြိမ် ပြောကြားခဲ့သော်လည်း  လိုက်နာမှု မရှိသဖြင့် ၎င်းင်းတို့အား ခြောက်လှန့်သည့် သဘောအနေဖြင့် ဗြ-၁၁ သေနတ်ဖြင့်

၃ ချက် မိုးပေါ်သို့ ပစ်ခတ်ခဲ့သော်လည်း လိုက်နာခြင်းမရှိသဖြင့် ၎င်းလူအုပ်စုအောက် ပိုင်းသို့ ဗြ-၁၁ သေနတ်ဖြင့် ထပ်မံပစ်ခတ် ခဲ့ရာ အချုပ်သား ၁၂ ဦး ဒဏ်ရာရရှိခဲ့ပြီး အချုပ်သား ၆ ဦးနှင့် အကျဉ်းသား ၁ ဦး၊ ပေါင်း ၇ ဦး သေဆုံးခဲ့သည်။

သေနတ်ဖြင့်ပစ်ခတ်ချိန်တွင် ဒုတိယ တာဝန်ခံအရာရှိနှင့် ဒုကြီးကြပ်ရေးမှူးတို့မှာ ပြန်လည်လွတ်မြောက်လာကာ အချုပ်သား များမှာ ဆေးရုံဆောင်နှင့် အမှတ်(၅)အိပ်ဆောင်အတွင်းသို့ ပြန်လည်ဝင်ရောက်သွား ခဲ့ပြီး ညနေ ၅ နာရီ ၄၀ မိနစ်ခန့်တွင် ထိန်းသိမ်းနိုင်ခဲ့သည်။

ဓားစာခံအဖြစ်     ထိန်းသိမ်းခံရစဉ် ဒုကြီးကြပ်ရေးမှူး၏ ဝဲဘက်လည်ပင်းနှင့် မေးရိုးတို့၌     ပြတ်ရှဒဏ်ရာ ၁ ချက်စီ(မစိုးရိမ်ရ)ရရှိသွားသဖြင့် ကလေးပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင် ကုသပေးလျက်ရှိပြီး အကျဉ်းထောင်၌    ပုံမှန်လုပ်ငန်းများကို ဆက်လက်လုပ်ကိုင် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။