နေပြည်တော် မတ် ၁၅
ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်၊ ဝါးတောင်ကျေးရွာနှင့် အထက်မြတ်လှဲ ကျေးရွာတိုက်ပွဲရှောင်စခန်းတွင် နေထိုင်လျက်ရှိသော မြိုတိုင်းရင်းသား အိမ်ထောင်စု ၁၅၀ စုအား ပြန်လည်နေရာချထားရန်အတွက် ရခိုင်ပြည်နယ် အစိုးရအဖွဲ့၏ စီစဉ်ဆောင်ရွက်မှုဖြင့် မောင်တောမြို့နယ်၊ ကျောက်ပန္ဒူကျေးရွာ အုပ်စုအတွင်း ကျောက်ပန္ဒူ-စေတီပြင် ကျေးရွာသွား ကားလမ်းဘေးတွင် မြိုတိုင်းရင်းသား ကျေးရွာသစ်မြေနေရာကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ အဆိုပါ မြေနေရာတွင် ပထမအသုတ် ရွှေ့ပြောင်းအခြေချ နေထိုင်ကြမည့် တိုက်ပွဲရှောင်နေရပ်ပြန် မြိုတိုင်းရင်းသား အိမ်ထောင်စုဝင် ၅၀ စုအား ယနေ့မွန်းလွဲပိုင်းတွင် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ထင်လတ်ဦးနှင့် ရခိုင်ပြည်နယ်အစိုးရ အဖွဲ့ဝင် ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်သူရ၊ ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး ဦးတင်လှတို့က စစ်တွေမြို့ရှိ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပြည်နယ်ညွှန်ကြားရေးမှူးရုံး ခန်းမဆောင်၌ ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်ကြသည်။
ဦးစွာ တိုင်းမှူးက ဒေသတည်ငြိမ်အေးချမ်းရေးကိစ္စရပ်များနှင့် ပတ်သက်၍ အမှာစကားပြောကြားသည်။ ထို့နောက် ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီးနှင့် ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာ ဝန်ကြီးတို့က မောင်တောမြို့နယ်၊ ကျောက်ပန္ဒူ ကျေးရွာတွင် မြိုတိုင်းရင်းသား အိမ်ထောင်စုများအတွက် အကောင်အထည်ဖော်ဆောင် ရွက်လျက်ရှိသော ကျေးရွာအား စံပြကျေးရွာအဆင့် ဖြစ်လာစေရန်အတွက် ပြည်နယ် အစိုးရအဖွဲ့မှ ဆောင်ရွက်ပေးမည့် အခြေအနေများ၊ ကျေးရွာသစ်သို့ ရွှေ့ပြောင်းရန်အတွက် မော်တော်ယာဉ်များ စီစဉ်ဆောင်ရွက်ပေးမည့် အစီအစဉ်များနှင့်ပတ်သက်၍ ဆွေးနွေးပြောကြားသည်။
ထို့နောက် မြိုတိုင်းရင်းသားခေါင်းဆောင်များနှင့် မြိုတိုင်းရင်းသား စာပေနှင့်ယဉ်ကျေးမှု အဖွဲ့တို့မှ တာဝန်ရှိသူများက လိုအပ်ချက်များကို ဆွေးနွေးတင်ပြကြရာ တိုင်းမှူးနှင့် ပြည်နယ်ဝန်ကြီးများက လိုအပ်သည်များ ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။