တပေါင်းလကို ဆောင်းကြွင်းနွေကူး ရာသီဦးဟုဆိုကြသည်။ တပေါင်းလပြည့်နေ့တွင် ဆောင်းရာသီ ကုန်ဆုံးလေပြီ။ တပေါင်းလပြည့်ကျော် ၁ ရက်နေ့မှစ၍ နွေရာသီသို့ ကူးချေပြီ။ တောင်လေမြူးလေပြီ။ လေရူးနှောက်စပြုချေပြီ။ နွေဦးပေါက်ပြီတည်း။
ဟေမန်ကို နွေလှန်တုံ့ခဲ့သောရာသီ၊ တောတောင် တစ်ခိုတွင် မင်းလွင်လိုလို မြူခိုးလိုနှင့် မပီဝိုးတဝါးပါက လား။ အခါကား လေချိုဝန်းလု လွမ်းရတုဆင်ချိန်ဟု ဆိုကြချိန်ပါပေ။ သြကာသဝန်းကျင်သည်အသွင်ပြောင်းခဲ့လေပြီ။ တစ်ဆောင်းကြွေတစ်နွေပြောင်း၍ အသွင်ဟောင်းကျွတ်ခဲ့ဟန်ထင့်။ စိမ်းညို့ညို့ကမ္ဗလာသည် ရောင်ဝါညှိုးခဲ့လေပြီဖြစ်သည်။ မြပင်သစ်နန်းတို့လည်း မြအသွေးမဆောင်နိုင်တော့။ ဥဏှဂူနတ်၊ ဖန်ရဟတ်လည်း သဟဿရောင်၊ ခြည်တစ်ထောင်ဖြင့်၊ ပြောင်ပြောင်ဝင်းထိန်၊ အာဏာနှိမ်လျက်၊ ပြင်းရှိန်အန္တ၊ ကုန်စွမ်းပြသော်၊ လေခ၊ မြေသက်၊ ဈာန်ဝိတက်သို့၊ သစ်ရွက်ရော်ရီ၊ ဣန္ဒနီဝယ်၊ သိင်္ဂီတစ်ဝက်၊ ဖက်၍ဆေးစုံ၊ ခြယ်သောပုံသို့ ဟု ဆိုအပ်သည့် ရှင်ဥတ္တမကျော်၏ တောလားကဗျာအဖွဲ့နှင့်အညီ မြအသွေးကို ရွှေရေးလုနေချိန်ပါတကား။
တပေါင်းလအခါသမယကား သစ်ရွက်အညှာများ ရင့်ရော်ဟောင်းနွမ်းသောကာလ ရော်ရွက်ဝါများ ကြွေကျသောကာလ ဖြစ်သကဲ့သို့ ယင်းတို့နေရာတွင် ထွက်ခါစအရွက် အဖူးကလေးများက ချစ်စဖွယ်နေရာ ယူလာကြသည်။ နုနယ်သောပုရစ်ဖူး ကလေးများသည် အပင်တိုင်းတွင် စုစုဝေးဝေးထွက်ပြူလာကြပြီး ကြည်ကြည်တောက်တောက် အညိုရောင်နုနုအသွေးဖြင့် စင်ကြယ်လွန်းလှသည်။ ဤကာလတွင် ကျေးငှက်တို့မှာလည်း စုစုရုံးရုံးနှင့်သီကျူးနေကြသည်။ တပေါင်းလ၏ ရာသီပန်းတစ်ပွင့်ကား သရဖီပန်းတည်း၊ သရဖီရွှေခိုင်တို့ လှိုင်ရှာလေသော တပေါင်းလသည် သာယာမှု အပေါင်းခညောင်းနေပြန်သည်။
မိန်ရာသီတပေါင်းလကို ငါးများမြူးသောရာသီဟုဆိုလင့်ကုန်၏။ မြစ်ယံတွင် ငါးထွေ၊ ငါးမြင်း၊ ငါးပူတင်းတို့ သောင်ရင်းသို့ ဆန်တက်နေကြသည်။ ငါးတန်တို့မှာ မြစ်တွင်း၌ ဝဲခိုစီးလျက်ပါတကား။ ရွက်သစ်ပြောင်း ရွက်ဟောင်းကြွေခိုက် တပေါင်းလရာသီတွင် တောင်ခိုး တောင်ငွေ့များ ဝန်းရံနေသည်ကလည်း စိတ်ဖြေ၍ မရနိုင်ဖွယ် လွမ်းစရာကောင်းလှပါပေသည်တကား။ ဤမည်သော တပေါင်းပန်းချီကို စာဆိုဦးယာက တပေါင်းငယ်မှညှာကျင် နွေဦးဆန်းသစ်၊ ရွက်ရော်လှစ်လို့ ပုရစ်ကယ်ရွှေဥ၊ ပင်တိုင်းစုကြသည် နုညိုစင်ငယ်တဲ့လေ။ အစချီ၍ ဝန်းကျင်ငယ်မှ ပတ်ကုံး၊ တွန်ထူးဘာသာ ငှက်တို့မှာလည်း၊ စုကာရုံးလို့ ခြိမ့်အုန်းငယ်ကျူးသီ အမသံညောင်း သိုက်နန်းငယ်အောင်းလို့၊ သာပေါင်းငယ်ချီသည်၊ သရဖီရွှေခိုင်က၊ လှိုင်ရှာလေကော။ ကဗျာအဖွဲ့ဖြင့် အဲချင်းဖွဲ့ဆိုလိုက်သည်ကား တပေါင်းညှာကျင် ပါပေ။
တပေါင်းလ၌ သရဖီပန်းတို့ မွှေးကြိုင်၍ ပိတောက်ပန်းတို့ သင်းချိုကြသည်။ ကောင်းကင်တိမ်ဘုံထက်၌ ဥတ္တရာဘရဂုဏ်နက္ခတ်နှင့် ဖိုးရွှေလမင်းတို့ ယှဉ်ပြိုင်ထွန်းတောက်ကြသည်။ မြစ်တွင်း၌ သဲသောင်များ မို့မို့မောက်မောက်ပေါ်ထွန်း၍ ရေကြောင်းတို့သည် ရစ်ကာဝိုက်ကာစီးဆင်းကြသည်။ လေပြည်လေညင်း တိုက်ခတ်သည်။ ဝမ်းဘဲငှက်၊ စင်ရော်ငှက်တို့သည် တောမြိုင်ထဲမှထွက်လာ၍ ရေညိုသောင်စပ်တွင် အဖိုအမ ထူးခေါ်ကာ မြူးပျော်ကြလေသည်။ ဟူသော ဆရာကြီးမင်းသုဝဏ်၏ မြန်မာစာအရေးအသားသည် ပန်းရွှေဖီကြိုင်လှောက်လို့ ပိတောက်ကယ်တဲ့သင်းချို၊ ဥတ္တရာဘရဂုဏ်က တိမ်ဘုံမှာ ရောင်ခြည်လင်းလို့ လမင်းသော်တာနှင့်တူမကွာ ထိန်ဝါလဲ့ ထွန်းတဲ့ခါကို။ သောင်သဲငယ်မို ရေညိုရစ်မို့။ လေညင်းငယ်လာ စုံဟေမာမြိုင်ထဲက ဝမ်းဘဲရွှေစင်ရော်တို့ ဖော်ခေါ်သံ မောင်မယ်ကျူးတယ်မြူးပျော်ကြလို့။ ဟူသည့် စာဆိုဖိုးသူတော် ဦးမင်း၏ တပေါင်းလဘွဲ့ကို ထင်ဟပ်ထားခြင်းဖြစ်ပါသည်။ တပေါင်းလသာ၊ လတကာထက်၊ နှိုင်းရာဘက်ရှောင်၊ လများနောင် ဟူသော စာဆိုနှင့်အညီ တောတောင်ကြည်းရေသည် ကြည့်လေတိုင်း ကြည့်လေတိုင်း ရှုမငြီးဖွယ် အလွန်သာယာတင့်တယ်လျက်ရှိတော့သည်။
သရဖီပန်းနှင့်စပ်လျဉ်း၍ ပန်းလည်းနွေလ၊ ပေါ်သမျှဝယ် မလှစရာ၊ ဇမေတ္တာနှင့် သိင်္ဂါချပ်ညီ၊ သရဖီသည် မမီခါလွန်ကြခဲ့လော။ ဟူသည့် ရတုတစ်ပုဒ်ကို မှတ်သားဖူးသည်။ စာဆိုနတ်ရှင်နောင်၏ အောက်မေ့ချေချေချီ တပေါင်းလစစ်ချီရတုဖြစ်သည်။ တပေါင်းလ၏ သာယာမှုများတွင် ရာသီပေါ်ပန်းတို့မှ ပန်းရနံ့လည်း ပါဝင်နေပေသည်။ သရဖီပန်းသည် တပေါင်းလ၏ ရာသီပန်းဖြစ်သည်။ ကင်းဝန်မင်းကြီးရေးသော ဆယ့်နှစ်
ရာသီပန်း လေးဆစ်တွင် ပွင့်ဝတ်ကယ်ရွှေဖီမင် သင်းထုံနံ့ကဲ ဟူ၍ သရဖီကို ရွှေဖီဟုလည်း တစ်နည်းတစ်ဖုံ သုံးနှုန်းသည်။ ဦးကြော့၏ စုံနံ့သာမြိုင်ရှာပုံတော်ကြီးတွင်လည်း ရွှေဖီဖူးခိုက်၊ ကြင်သူငယ်ဝေး လင်ရေးမို့လိုက်ခဲ့ရ။ ဟုဖွဲ့ဆိုသည်။ ဦးပေါ်ဦး၏ တပေါင်းလဘွဲ့တေးထပ်နှင့် လူဦးမင်း၏ တပေါင်းလဘွဲ့လွမ်းချင်း
စသည်တွင်လည်း ရွှေဖီအသုံးကို တွေ့နိုင်သည်။ အဆက်ဆက်သောပညာရှင်တို့က သရဖီနှင့် ရွှေဖီကို အတူတူဟု ယူဆကြသည်။ သရဖီသည်အကိုင်းမှ တစ်ပွင့်ချင်းပွင့်သောအပင်မျိုးဖြစ်၏။ အဝါရောင်ဝတ်ဆံနှင့် အပွင့်ဖြူသောကြောင့် ကံ့ကော်ပန်းနှင့် ဆင်ဆင်တူသည်ဟုလည်း မှတ်ထိုက်ပေသည်။
တပေါင်းလ၏ ရာသီပွဲကား သဲပုံစေတီပွဲပါပေ။ ရှေးအတီဘေက ကုန်ရောင်းကုန်ဝယ်လုပ်ငန်းကို အထက်အောက်စုန်ဆန်ကာ ရောင်းဝယ်ဖောက်ကားကြသည်။ တပေါင်းလသည် ကုန်စည်ပေါချိန်၊ ငွေရွှင်ချိန်ဖြစ်
ရကား လှေထွက်လေ့ရှိပါသည်။ တပေါင်းမာသ၊ ရွှေလငယ်ဆန်းခါ၊ တောင်လေဦး၊ သုတ်ဖြူးဆော်၍သာ၊ ကိုးတောင်နာဝါ၊ ခိုင်မာစွာပျဉ်လုပ်၊ ကဲလားနံရံသင့်စီမံ၊ ရေနံသာအရွှဲသုတ်ပါလို့လေး။ အစချီ လှေသူကြီးဖွဲ့ တျာချင်း(ကုန်တင်လှေကြီးကဗျာ) ကို ဝန်ကြီးပဒေသရာဇာ ရေးစပ်ခဲ့ပါသည်။ မြန်မာလူမျိုးများသည် ဘာသာရေးကိုင်းရှိုင်းကြသူများပီပီ ရှေးအခါက မြစ်ကြောင်းကို အသုံးပြု၍ ဝမ်းစာရှာကြသောလှေသားများ၊ ကိုတံငါများ၊ ရပ်ဝေးရွာဝေးနေသူများသည် ဘုရားစေတီ အစား သဲပုံစေတီတည်၍ ပူဇော်ကြပါသည်။ မိန်ရာသီဟု၊ သရဖီပိတောက်၊ ဖူးညှောင့်ကင်းငုံ၊ သဲပုံစေတီ ယာယီဘုရားတည်ထားကိုးကွယ်၊ ပြည့်ကြွယ်ထွန်းပ၊ ဂါမနိဂုံး စသည့် ပိုဒ်စုံရတုတွင် စာဆိုနဝဒေးကြီးက သဲပုံစေတီအကြောင်း ထည့်သွင်းဖွဲ့ဆိုပါသည်။
သဲပုံစေတီတည်ထားရန် အကောင်းဆုံးလမှာ တပေါင်းလဖြစ်ပါသည်။ မြစ်ကြောင်းများရေစစ်ကာ ကမ်းစပ်များတွင် သောင်ထွန်းသောကာလသည် တပေါင်းလ၊ နေပူရှိန်ရ၍ သဲများဖြူဖွေး သန့်စင်သောလသည် တပေါင်းလသာဖြစ်တော့သည်။ သဲပုံစေတီမှာ ဓာတုစေတီ၊ ဓမ္မစေတီ၊ ပရိဘောဂစေတီ၊ ဥဒ္ဒိဿစေတီဟူသောစေတီလေးပါးအနက် တစ်ပါးအပါအဝင်ဖြစ်၏။ မြတ်စွာဘုရားအားရည်မှတ်၍ တည်ထားကိုးကွယ် သောကြောင့် ဥဒ္ဒိဿစေတီဖြစ်ပေသည်။ သဲပုံစေတီတည်ထားကိုးကွယ်မှုကို ရှေးမြန်မာမင်းများ လက်ထက်ကပင်ရှိခဲ့ကြောင်း အထောက်အထားရှိပါသည်။ အင်းဝခေတ် ရှင်မဟာသီလဝံသ၏ ဗုဒ္ဓပ္ပတ္တိပျို့တွင် ငါးတန် ငါးကြင်း၊ ရွေတသင်းတို့၊ မြစ်တွင်းမြူးပျော်၊ စင်ရော်မြစ်တွေး၊ ချစ်သံလေးနှင်၊ ရေကျေးရေငှက်၊ စက္ကဝက်ဟင်္သာ၊ ငှက်တကာလည်း ဘာသာကျူးကြော်၊ မြူးပျော်ကြတုံ၊ နွေသဲခုံငယ်၊ သဲပုံစေတီ ပွဲတော်ပြီးတည် ဟု တွေ့ရှိရပေသည်။
မြန်မာဘုရင်များလက်ထက်က သဲပုံစေတီပွဲကို တပေါင်းလ၏ ရာသီပွဲတော်အဖြစ် သတ်မှတ်ပေးခဲ့သည်။
နန်းတော်မှသည် ကျေးလက်တောရွာများအထိ ဘုရားပွဲတော်များ ခြိမ့်ခြိမ့်သဲသဲ ကျင်းပခဲ့ကြသည်။ မင်းမိဖုရားများကလည်း မင်းညီမင်းသား၊ မှူးတော်မတ်တော်များခြံရံလျက် သောင်ပြင်သို့ထွက်ကာ သဲပုံစေတီတည်ပြီး ပူဇော်ကန်တော့ကြသည်။ ပွဲလမ်းသဘင်များ ဆင်ယင်ခင်းကျင်းကြသည်။ ကျေးလက်တောရွာမှ ပြည်သူပြည်သားများသည် အနီးဆုံးမြစ်ကမ်းချောင်းကမ်း၌ တည်ထားကိုးကွယ်လေ့ ရှိသည်။ မြစ်ချောင်းတို့နှင့်မနီးလျှင် သဲရှိရာအရပ်သို့ လှည်းဖြင့်သွားပြီး သဲများကိုသန့်စင်ပြီးမှ ရွာဦး၌ တည်ထားကိုးကွယ်ကြပါသည်။ မိုးဦးလေဦး၌ မြစ်ရေချောင်း ရေတက်လာလျှင် သဲပုံစေတီများ ရေ၌မျောရလေတော့သည်။ နောက်ပိုင်းတွင် ရေစီးကြောင်း လွတ်ရာနေရာများ၌ အုတ်များပုံ၍ တည်ထားကိုးကွယ်သောဓလေ့ ပေါ်ပေါက်လာပါသည်။ ယနေ့ခေတ်၌ကား သဲပုံစေတီပွဲများနေရာတွင် တပေါင်းဘုရားပွဲတော်များက အစားထိုးဝင်ရောက်ခဲ့လေပြီ။ မြန်မာနိုင်ငံ အမြို့မြို့ အနယ်နယ်၌ တပေါင်းလ ဘုရားပွဲများ ကျင်းပကြပါသည်။ မြန်မာ့ကျက်သရေဆောင် ရွှေတိဂုံစေတီတော်ကြီး၏ ဘုရားပွဲ၊ မင်းဘူးရွှေစက်တော်ဘုရားပွဲ စသည့် ဘုရားပွဲများဖြင့် တပေါင်းလသည် ဘာသာရေးအသိတရားများကို လူတို့၏ ပျော်ရွှင်နှစ်သက်ဖွယ် ဘုရားပွဲဈေးများမှတစ်ဆင့် ဂါရဝထားရယူလျက် ရှိပေတော့သည်။
တပေါင်းလ၏ဘာသာရေးအသိတရား သို့မဟုတ် လောကုတ္တရာရေးအမြင်တွင် တပေါင်းလပြည့်နေ့သည် ပဓာနကျပါသည်။ တပေါင်းလပြည့်နေ့သည် မြတ်ဗုဒ္ဓ၏ ပြည်တော်ဝင်အခါတော်နေ့ ဖြစ်ခြင်းကြောင့်ပါပေ။
ထိုနေ့တွင် ကာဠုဒါယီမထေရ်က ကပိလဝတ်နေပြည်တော်သို့ ကြွရောက်တော်မူပါရန်လျှောက်ထားသည်ကို အကြောင်းပြု၍ ပြည်တော်ဝင်အခါတော်နေ့အဖြစ် သတ်မှတ်ရခြင်းဖြစ်ပါသည်။ ထိုအချိန်ကမြတ်စွာဘုရားသည် ရာဇဂြိုဟ်ပြည် ဝေဠုဝန်ကျောင်းတော်၌ သီတင်းသုံးနေထိုင်ကာ အင်္ဂတိုင်းသားနှင့် မဂဓတိုင်းသားများကို တရားရေအေးတိုက်ကျွေးလျက်ရှိပါသည်။ ထိုသတင်းကို ခမည်းတော်သုဒ္ဓေါဒနမင်းကြီးက ကြားသိရာ ခေါင်းဆောင်အမတ် ၁၀ ဦးတို့ကို နောက်ပါအခြွေအရံ တစ်ထောင်စီဖြင့် ၁၀ ကြိမ်ခွဲကာ မြတ်စွာဘုရားကိုပင့်ရန် ရာဇဂြိုဟ်သို့ စေလွှတ်လိုက်ပါသည်။ နောက်ဆုံးအသုတ်ကို ကာဠုဒါယိအမတ်ကြီးက ခေါင်းဆောင်၍ သွားရပါသည်။ မြတ်စွာဘုရားနှင့်တွေ့၍ တရားနာရသောအခါ ကပိလဝတ်သို့မပြန်ကြတော့ဘဲ ဘုရားပင့်သွားသူအားလုံး တစ်ယောက်မကျန် သာသနာ့ဘောင်သို့ ဝင်ရောက်ပြီး ဧဟိဘိက္ခုရဟန်းများ ချည်းဖြစ်ကုန်ကြပါသည်။
ရဟန္တာဖြစ်ပြီးနောက် ကာဠုဒါယီမထေရ်က တပေါင်းလ၏သာယာပုံကို ဂါထာပေါင်း ၆၄ ဂါထာသီကုံး၍ ခမည်းတော်၏ ကျေးဇူးကို သိသောအားဖြင့် ဖွားရာဇာတိ ကပိလဝတ်နေပြည်တော်သို့ ကြွချိန်တန်ပြီဖြစ်ကြောင်း လျှောက်ထားလေသည်။ ကာဠုဒါယီမထေရ်လျှောက်ထားချက်အရ မြတ်စွာဘုရားသည် ရဟန္တာပေါင်း နှစ်သောင်းခြံရံလျက် မဟာသက္ကရာဇ် ၁၀၃ ခုနှစ် တပေါင်းလပြည့်ကျော် ၁ ရက်နေ့တွင် ရာဇဂြိုဟ်မြို့မှ ယူဇနာ ၆၀ ဝေးကွာသော ကပိလဝတ်နေပြည်တော်သို့ တစ်နေ့လျှင် တစ်ယူဇနာခရီးဖြင့် ရက်ပေါင်း ၆၀ (နှစ်လကြာမျှ) ဒေသစာရီကြွချီတော်မူပါသည်။ ကာဠုဒါယီလျှောက်ထားသည်တို့အနက် မုနိတို့၏ သခင်ဖြစ်တော်မူသော မြတ်စွာဘုရား ဆောင်းနှောင်းနွေဦးတပေါင်းလ ဤအခါထူးသည် အေးလည်းမအေးလွန်းလှပါဘုရား၊ ပူလည်းမပူလွန်းလှပါဘုရား၊ ကောက်ပဲသိမ်းစ ဥတုမျှ၍ အာဟာရမွတ်ရှားခေါင်းပါးခြင်း၊ ဆာလောင်ခြင်းမှလည်း ကင်းရှင်းပါသည်ဘုရား။ မြေအပြင်သည်လည်း နေရာမြက်ညွန့်ပေါက်ရောက်ရှင်သန်၍ မြစိမ်းရောင်လွှမ်းစိုပြည်လန်းဆန်း နေပါသည်ဘုရား။ ဆောင်းနှောင်းနွေဦး၊ တပေါင်းလဤအခါထူးသည် မွေးရပ်ဌာနီ ကပိလဝတ်နေပြည်တော်သို့ ကြွချီရန် လျော်ကန်လျောက်ပတ်ကောင်းမြတ်သောအချိန်ပါဘုရား။ ဟူသည်မှာ နောက်ဆုံးဂါထာ၏ အဓိပ္ပာယ်ဖြစ်ပါသည်။ ယင်းသို့နှယ် အလျှောက်အထားသင့်မြတ်ကောင်းမွန်မှု၊ အစီအကုံးကျွမ်းကျင်လိမ္မာမှုတို့ကြောင့်လည်း ကာဠုဒါယီမထေရ်အား ဆွေမျိုးတို့ မြတ်စွာဘုရားကို ကြည်ညိုစေရန် စွမ်းဆောင်ရာ၌ အမြတ်ဆုံးဘွဲ့ ကုလပ္ပသာဒ ဧတဒဂ်ကို ချီးမြှင့်တော်မူခြင်းခံရလေသည်။
တပေါင်းလကား သာသနာတော်သမိုင်းတွင် ထင်ရှားကျော်ဇောသည့်နည်းတူ ဂါထာ ၆၀ ပျို့သည်လည်း မြန်မာစာပေသမိုင်းတွင် အောင်လံတံခွန် ထူလောက်အောင် သြဇာတိက္ကမကြီးလှပေသည်။ ဖူးပါလှချင်၊ ငါ့သခင်ကို၊ သို့ပင်ဆိုတမ်း၊ နိစ္စလွမ်း၍၊ မျက်ယမ်းတိတိ၊ မြော်ချင်ဘိဟု၊ ကြားသိတုံလို၊ တစ်သောင်းဗိုလ်တွင်၊ ကျွန်ကိုနောက်ဆင့်၊ ချီပင့်ရရှာ၊ ဤအခါကား ဟေမာချမ်းဆောင်း၊ ကြွလဲပြောင်းသား၊ တပေါင်းနွေလ၊ ဂိမ္မာနဟု၊ သာလှပျော်မှု၊ သည်ရတု၌၊ ညွန့်နုဆဲဆဲ၊ မီးလျှံခဲသို့၊ ရဲရဲပြောင်ပြောင်၊ တောကုန်အောင်လည်း၊ ပွင့်ရောင်တိချည်း၊ မြင်ပေါမည်၏၊ ခမည်းတော်ကောင်း၊ ပြည်တော်ဟောင်းသို့၊ ဖူးပေါင်းစိမ့်ငှာ၊ တောင်းပန်ထွာသည်။ သွားခါကာလ တန်ပြီဘုရား။ ဤအဖွဲ့ကား ဂါထာ ၆၀ ပျို့တစ်စောင်တည်းဖြင့် ထင်ရှားသော ပေလေးပင်ရှင်လေးပါးသိုက်ဝင် ရှင်အုန်းညို၏ လက်စွမ်းတည်း။
တစ်ဆောင်းကြွေကြွေ တစ်နွေပြောင်းပြောင်း လတပေါင်းကား ဆန်းစလကွေးအသွင်သေးသေးမှသည် ပြည့်ဝန်းလာ ပေတော့မည်။ တပေါင်း၊ တန်ခူးနှစ်လတို့သည် ဝသန္တဥတုမည်၏။ လောကသည် စဉ်းငယ်ပူ၏။
ကောင်းကင်ကြည်လင်၏။ တောင်လေလာ၏။ ဟုအဆိုရှိ၏။
ဤလဝယ် သစ်ရွက်တို့မှာ သိင်္ဂီတစ်ဝက်၊ မြတစ်ဝက်ပါကလား၊ သရဖီပန်းတို့ လှိုင်လှိုင်ပွင့်ရှာကြချိန်ပါကလား။ ရှေးကသော် မြစ်ကမ်းချောင်းကမ်းတို့၌ သဲပုံစေတီပွဲဆင်ယင်ချိန်ပါကလား။ ရွှေငါးတန်လည်း စုန်ဆန်တက်ဆင်း၊
ငါးကြင်းမတံ့၊ ငါးရံ့ပျော်ရွှင်၊ မြိုင်ခွင်တစ်ကြော၊ ဥသြရင့်ကြွေး ချိန်ပါကလား။
အချိန်ရထားနောက် ကောက်ကောက်ပါအောင် လိုက်ပါလေကုန်သော ရွက်ရင့်ရွက်ဟောင်းတို့နေရာတွင် မြပုရစ်ရွက်သစ်ဖူးတို့ နုစိမ်းစိုလျက် လောကအလှဆင်နေပုံကား တပေါင်းဆန်းသော် ရှုမြင်ခံစားရမည့် အလှထူးပေသည်။ ။
ဘယ်လရီစန်းရီ