လက်ရှိကာလ
လွတ်လပ်၍ ပွင့်လင်းမြင်သာမှုရှိသော တိုက်ရိုက်လျှို့ဝှက်မဲပေးမှုပုံစံဖြင့် သတ်မှတ်ထားသော မဲဆန္ဒနယ်များတွင် အချိုးကျကိုယ်စားပြုစနစ် အသုံးပြုပြီး အောက်လွှတ်တော်ကိုယ်စားလှယ် ၃၃၀ ဦးနှင့် အထက်လွှတ်တော်ကိုယ်စားလှယ် ၁၃၆ ဦး ကို ရွေးကောက်တင်မြှောက်ခြင်းဖြစ်သည်။ ပါတီများသည် အစိုးရဖွဲ့နိုင်ရေး အတွက် အထက်လွှတ်တော်ကိုယ်စားလှယ် ၆၉ နေရာနှင့် အောက်လွှတ်တော်ကိုယ်စားလှယ် ၁၆၅ နေရာအနိုင်ရရှိရန်လိုအပ်သည်။
မဲဆန္ဒနယ်တစ်နယ်တွင် အောက်လွှတ်တော် ကိုယ်စားလှယ် အနည်းဆုံး လေးဦးနှင့် အထက်လွှတ် တော်ကိုယ်စားလှယ် အနည်းဆုံးနှစ်ဦး ရွေးချယ်ရမည် ဖြစ်ပြီး ကိုယ်စားလှယ်အရေအတွက် သတ်မှတ်ရာတွင် အောက်လွှတ်တော်အတွက်ဖြစ်ပါက နေထိုင်သည့် လူဦးရေ ၇၃၀၀၀ ဦးလျှင် ကိုယ်စားလှယ် တစ်ဦးနှုန်း၊ အထက်လွှတ်တော်အတွက်ဖြစ်ပါက နေထိုင်သည့် လူဦးရေ ၁၆၈၀၀၀ ဦးလျှင် ကိုယ်စားလှယ်တစ်ဦးနှုန်း သတ်မှတ်ထားသည်။ နေထိုင်သည့်လူဦးရေကို ရိုမေးနီးယားနိုင်ငံ စာရင်းအင်းဆိုင်ရာ နှစ်ချုပ်စာအုပ်၌ ဖော်ပြထားသည့် မဲဆန္ဒနယ်သတ်မှတ်မည့်နှစ်မတိုင်မီ ရှေ့တစ်နှစ်၏ ဇန်နဝါရီလ ၁ ရက်နေ့တွင်ရှိနေသော လူဦးရေစာရင်းအား ရယူသတ်မှတ်သည်။ ရွေးကောက်ပွဲ မတိုင်မီ အနည်းဆုံး ငါးလအလိုတွင် သန်းခေါင်စာရင်း ကောက်ယူထားပါက ယင်းသန်းခေါင်စာရင်းတွင် ဖော်ပြပါရှိသည့် လူဦးရေစာရင်းကို ရယူသတ်မှတ်သည်။
ကိုယ်စားလှယ်နေရာရရှိရန်အတွက် နိုင်ငံရေးပါတီများ၊ ညွန့်ပေါင်းပါတီများ၊ ရွေးကောက်ပွဲညွန့်ပေါင်း အဖွဲ့အစည်းများနှင့် ဥပဒေအရခွင့်ပြုထားသည့် တိုင်းရင်းသားလူမျိုးစု တစ်မျိုးမျိုးအား ကိုယ်စားပြုသော အဖွဲ့အစည်းများသည် အနည်းဆုံးထောက်ခံမဲအရေအတွက် (Threshold ) တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် စုစုပေါင်းခိုင်လုံမဲ၏ ၅ ရာခိုင်နှုန်း သို့မဟုတ် မဲဆန္ဒနယ် အနည်းဆုံး လေးနယ်တွင် စုစုပေါင်းခိုင်လုံမဲ၏ ၂၀ ရာခိုင်နှုန်းရရှိရန် လိုအပ်သည်။ ညွန့်ပေါင်းများအတွက်မူ အနည်းဆုံးထောက်ခံမဲအရေအတွက်ကို တိုးမြှင့်သတ်မှတ်ထားပြီး ပေါင်းစည်းလာသည့် အဦးဆုံးပါတီတစ်ခုအတွက် အပိုဆောင်း ၃ ရာခိုင်နှုန်းနှင့် ထပ်တိုးပါတီ တစ်ခုလျှင် အပိုဆောင်း ၁ ရာခိုင်နှုန်း သတ်မှတ်ထားကာ အများဆုံး ၁၀ ရာခိုင်နှုန်းအထိ အပိုဆောင်း သတ်မှတ်ထားသည်။ တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်းများ အနေဖြင့်မူ ၎င်းတို့ ဝင်ရောက်ယှဉ်ပြိုင်မည့် မဲဆန္ဒနယ်ရှိ Constituency Electoral Quotient ပြည့်မီလျှင် ကိုယ်စားလှယ် နေရာရရှိမည် ဖြစ်သည်။
လူနည်းစုလူမျိုးများ အနေဖြင့် ဖွဲ့စည်းပုံအရ လွှတ်တော်တွင်း ကိုယ်စားပြုခွင့်ရရှိထားသည်။ အသိအမှတ်ပြု ထားသည့် လူနည်းစုလူမျိုးစု တစ်ခုလျှင် အောက်လွှတ်တော် ကိုယ်စားလှယ်နေရာ တစ်နေရာနှုန်းဖြင့် ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရှိပြီး အနည်းဆုံး ထောက်ခံမဲအရေအတွက် ပြည့်မီရန်မလိုပေ။ လူနည်းစုလူမျိုးစုများအား ကိုယ်စားပြုသည့် အဖွဲ့အစည်းများအနေဖြင့် ကိုယ်စားလှယ်နေရာ တစ်နေရာ ရရှိရန်အတွက် သတ်မှတ်ထားသော ဆန္ဒမဲအရေအတွက်၏ ပျမ်းမျှ ၅ ရာခိုင်နှုန်းထက် ကျော်လွန်ပါက ကိုယ်စားလှယ်နေရာ တစ်နေရာ ရရှိခွင့်ရှိသည်။
ဥပဒေမူဘောင်
ဥပဒေပြုလွှတ်တော်ရွေးကောက်ပွဲများကို ၁၉၉၁ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ၊ အောက်လွှတ်တော်နှင့် အထက်လွှတ်တော် ရွေးကောက်ပွဲဆိုင်ရာဥပဒေ ၂၀၁၅ ခုနှစ်၊ နိုင်ငံရေးပါတီဆိုင်ရာဥပဒေ ၂၀၀၃ ခုနှစ်၊ နိုင်ငံရေးပါတီများ၏ ဘဏ္ဍာရေးဆိုင်ရာ ဆောင်ရွက်မှုနှင့် ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးခြင်းဆိုင်ရာ ဥပဒေ (နိုင်ငံရေးပါတီဆိုင်ရာ ဘဏ္ဍာရေးဥပဒေ) ၂၀၀၆ ခုနှစ်၊ စာတိုက်မှတစ်ဆင့် မဲပေးခြင်းဆိုင်ရာဥပဒေ ၂၀၁၅ ခုနှစ်နှင့် ရေဒီယိုနှင့်ရုပ်မြင်သံကြားထုတ်လွှင့်မှုဆိုင်ရာဥပဒေ ၂၀၀၂ ခုနှစ်တို့နှင့်အညီ ကျင်းပသည်။
ရွေးကောက်ပွဲနှင့်စပ်လျဉ်းသည့် ဥပဒေမူဘောင်များကို ၂၀၁၈ ခုနှစ်နှင့် ၂၀၁၉ ခုနှစ်တို့တွင် ပြင်ဆင်ခဲ့ပြီး နောက်ဆုံးပြင်ဆင်မှုအနေဖြင့် ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလတွင်ပြင်ဆင်ခဲ့ရာ ရွေးကောက်ပွဲဥပဒေ၊ နိုင်ငံရေးပါတီဆိုင်ရာ ဘဏ္ဍာရေးဥပဒေနှင့် စာတိုက်မှတစ်ဆင့် မဲပေးခြင်းဆိုင်ရာဥပဒေတို့တွင် ပြင်ဆင်ခဲ့ခြင်းဖြစ်သည်။ ပြင်ဆင်ချက်အများစုသည် ၂၀၁၉ ခုနှစ်မတိုင်မီ ပြင်ဆင်ခဲ့သည့် ပြင်ဆင်ချက်များပေါ်တွင် အစားထိုးပြင်ဆင်ခဲ့ခြင်း ဖြစ်သော်လည်း ကြိုတင်ဆွေးနွေးမှုများ ပြုလုပ်ခဲ့ခြင်းမရှိဘဲ ကတိုက်ကရိုက်ပြင်ဆင်ခဲ့ခြင်းဖြစ်သည်။ နိုင်ငံပြင်ပဆန္ဒမဲပေးခြင်း လုပ်ငန်းစဉ်များတွင် ပြင်ဆင်ခဲ့ပြီး စာတိုက်မှတစ်ဆင့် မဲပေးခြင်းဆောင်ရွက်နိုင်ရန် လျှောက်ထားရမည့် နေ့ရက်ကို ရက်ပေါင်း ၃၀ အထိ တိုးမြှင့်ခဲ့သည်။ နိုင်ငံပြင်ပမဲပေးခြင်းကို နှစ်ရက်အဖြစ် သတ်မှတ်ခဲ့ပြီး မဲပေးရန် စီတန်းစောင့်ဆိုင်းနေခြင်း ဖြစ်ပါက ညသန်းခေါင်မတိုင်မီအထိ မဲပေးခွင့်ပြုရန် ပြင်ဆင်ခဲ့သည်။ စာတိုက်မှတစ်ဆင့် မဲပေးမည့်သူများ အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်ရန်အတွက် ၎င်းတို့၏ ဆန္ဒမဲလက်မှတ်များကို Download ရယူနိုင်ရန် ပြင်ဆင်ပေးခဲ့သည်။ ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်းရာတွင် လိုအပ်သည့် ထောက်ခံသူ လက်မှတ်အရေအတွက်ကို တစ်ဝက်သို့ လျှော့ချခဲ့ပြီး စာရွက်စာတမ်းများကိုလည်း အီလက်ထရွန်နစ်နည်းဖြင့် တင်သွင်းနိုင်ရန် စီစဉ်ပေးခဲ့သည်။
ဥပဒေပြုလွှတ်တော်ရွေးကောက်ပွဲများအတွက် မဲဆန္ဒနယ်သတ်မှတ်ခြင်း
မဲဆန္ဒနယ်သတ်မှတ်ရာတွင် စီရင်စုတစ်စုလျှင် မဲဆန္ဒနယ်တစ်နယ်နှုန်းဖြင့် စီရင်စု ၄၁ ခုအတွက် မဲဆန္ဒနယ် ၄၁ နယ်၊ မြို့တော် Bucharest အတွက် မဲဆန္ဒနယ် တစ်နယ်နှင့် နိုင်ငံပြင်ပတွင်နေထိုင်သည့် ရိုမေးနီးယန်းနိုင်ငံသားများအတွက် မဲဆန္ဒနယ် တစ်နယ်စုစုပေါင်း မဲဆန္ဒနယ် ၄၃ နယ် သတ်မှတ်ထားသည်။
မဲဆန္ဒရှင်စာရင်းမှတ်ပုံတင်ခြင်း
ဥပဒေအားဖောက်ဖျက်ခြင်း သို့မဟုတ် ပြစ်ဒဏ်ကျခံရခြင်းများကြောင့် မဲပေးပိုင်ခွင့်မရှိကြောင်း တရားရုံးမှဆုံးဖြတ်ထားသူများမှအပ အသက် ၁၈ နှစ်ပြည့်ပြီးသည့် နိုင်ငံသားတိုင်းသည် ရွေးကောက်ပွဲတွင် မဲပေးပိုင်ခွင့်ရှိသည်။ ထို့ပြင် ဥပဒေအရ အချို့သော ပြစ်မှုအမျိုးအစားများသည် ကျူးလွန်သည်နှင့် တစ်ပြိုင်နက် မဲပေးပိုင်ခွင့်အလိုအလျောက်ဆုံးရှုံးမည် ဖြစ်သော်လည်း အချို့သောပြစ်မှုများမှာ ပြစ်မှုကျူးလွန်မှုအပေါ် ချမှတ်သည့် တရားရုံး၏အမိန့်ပေါ်တွင်မူတည်၍ မဲပေးခွင့်မဆုံးရှုံးပေ။
ရွေးကောက်ပွဲဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်း (PEA) ၏ စာရင်းဇယားများအရ ၂၀၂၀ ပြည့်နှစ်တွင် မဲပေးပိုင်ခွင့်ရှိသူ ၁၉ သန်းခန့်ရှိသည်။ မဲဆန္ဒရှင်စာရင်း မှတ်ပုံတင်ခြင်းစနစ်သည် ပုံသေသတ်မှတ်ထားသည့် စဉ်ဆက်မပြတ်ဆောင်ရွက်နေရသည့်ပုံစံဖြစ်သည်။
ရွေးကောက်ပွဲဆိုင်ရာအာဏာပိုင်အဖွဲ့အစည်း (PEA) သည် ပြည်နယ်အာဏာပိုင် အဖွဲ့အစည်းအသီးသီးမှ ရရှိသည့် စာရင်းများဖြင့် ပုံသေပြုစုထားသည့် ဗဟိုမှဦးစီးသော မဲဆန္ဒရှင်စာရင်းပြုစုခြင်းအတွက် အဓိက တာဝန်ယူ ဆောင်ရွက်ရသည့် အဖွဲ့အစည်းဖြစ်သည်။ မဲဆန္ဒရှင်များသည် အီလက်ထရွန်နစ် နည်းပညာ ဖြင့် ပြုစုထားသည့် မဲဆန္ဒရှင်စာရင်းကို လူကိုယ်တိုင်သော်လည်းကောင်း၊ Bucharest မှတစ်ဆင့် သော်လည်းကောင်း စစ်ဆေး၍ လိုအပ်သည့် ပြင်ဆင်မှုများကို တစ်နှစ်ပတ်လုံး ဆောင်ရွက်နိုင်သည်။
နေထိုင်သည့် လူဦးရေစာရင်းပေါ်အခြေခံ၍ ပုံသေမဲဆန္ဒရှင်စာရင်းအဖြစ်ပြုစုပြီး မဲရုံများ ခွဲခြား သတ်မှတ်ပေးသည်။ အိမ်ထောင်စု ဇယားရှိသည့်နေရာတွင် နေထိုင်ခြင်း မရှိသည့်သူများအတွက် မဲစာရင်းကိုမူ ထပ်ဆောင်းမဲဆန္ဒရှင် စာရင်းအဖြစ် ပြုစုပေးသည်။ အချုပ်ကျခံနေရသူများ၊ အတွင်းလူနာအဖြစ် ဆေးကုမှုခံယူ နေရသူများနှင့် အကြောင်းအမျိုးမျိုးကြောင့် နေအိမ်တွင် အမြဲနေထိုင်နေရသူများအတွက် ရွေ့လျားမဲပုံး(Mobile Ballot Box) အသုံးပြုဆောင်ရွက်နိုင်ရန် ဥပဒေပြဋ္ဌာန်းပေးထားသည်။
ကိုယ်စားလှယ်လောင်းအမည်စာရင်းတင်သွင်းခြင်း
မဲပေးပိုင်ခွင့်ရှိသည့်မဲဆန္ဒရှင်တိုင်း ရွေးကောက်ပွဲတွင် ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရှိသည်။ အသက်ကန့်သတ်ချက်အနေဖြင့် အောက်လွှတ်တော်အတွက် ၂၃ နှစ်နှင့် အထက်လွှတ်တော်အတွက် ၃၃ နှစ်ပြည့်မီရန် သတ်မှတ်ထားသည်။ ကိုယ်စားလှယ်လောင်းအမည်စာရင်း တင်သွင်းခြင်းကို ရွေးကောက်ပွဲ မတိုင်မီ ၄၅ ရက်အလိုတွင် မဲဆန္ဒနယ်ဆိုင်ရာ ရွေးကောက်ပွဲရုံးတွင် တင်သွင်းရသည်။ နိုင်ငံပြင်ပ ရောက်ရှိနေသူများအတွက် မဲဆန္ဒနယ်တွင် ဝင်ရောက်ယှဉ်ပြိုင်ခြင်း ဖြစ်ပါက ရက်ပေါင်း ၆၀ အလိုတွင် နိုင်ငံပြင်ပ မဲဆန္ဒရှင်များအတွက် ရွေးကောက်ပွဲရုံး၌ တင်သွင်းရသည်။ ကိုယ်စားလှယ်လောင်းများအဖြစ် နိုင်ငံရေးပါတီများ၊ ညွန့်ပေါင်းအဖွဲ့အစည်းများနှင့် လူနည်းစုလူမျိုးစုများအား ကိုယ်စားပြုသည့် အဖွဲ့အစည်းများမှ တင်သွင်းနိုင်သကဲ့သို့ တစ်သီးပု ပုဂ္ဂလကိုယ်စားလှယ်လောင်းအဖြစ်လည်း တင်သွင်းနိုင်သည်။
ဗဟိုရွေးကောက်ပွဲရုံး (CEB) သည် ပြည်ထောင်စုအဆင့်တွင် ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်းခြင်းကို တာဝန်ယူဆောင်ရွက်ပေးသည်။ ၂၀၂၀ စက်တင်ဘာလတွင်ပြင်ဆင်ခဲ့သည့် ပြင်ဆင်ချက် များအရ လိုအပ်သည့်ထောက်ခံသူ လက်မှတ်အရေအတွက်ကို ယခင် ၁ ရာခိုင်နှုန်း သတ်မှတ်ထားရာမှ မဲဆန္ဒရှင်စုစုပေါင်း၏ သုည ဒသမ ၅ ရာခိုင်နှုန်းသို့ လျှော့ချခဲ့ပြီး ဝင်ရောက်ယှဉ်ပြိုင် သူများအနေဖြင့် ၎င်းငတို့၏ စာရွက်စာတမ်းများကို အီလက်ထရွန်နစ်နည်းဖြင့် တင်သွင်းခွင့်ပြုခဲ့သည်။ ထောက်ခံသူလက်မှတ် မှန်၊ မမှန်စစ်ဆေးနိုင်သည့်နည်းလမ်းကို ဥပဒေအရ သတ်မှတ်ပေးထားခြင်းမရှိပေ။ နည်းပညာဆိုင်ရာ လိုအပ်ချက်များနှင့်ကိုက်ညီမှု ရှိ၊မရှိသာ စစ်ဆေးပေးသည်။
ဗဟိုရွေးကောက်ပွဲရုံး ( CEB ) နှင့် နိုင်ငံပြင်ပမဲဆန္ဒရှင်များအတွက် ရွေးကောက်ပွဲရုံးတို့သည် ဝင်ရောက်ယှဉ်ပြိုင် သူများ၏ အမည်စာရင်းတင်သွင်းလွှာနှင့် စာရွက်စာတမ်းများကို ၄၈ နာရီအတွင်း စစ်ဆေးအတည်ပြုပေးရသည်။
ရွေးကောက်ပွဲမဲဆွယ်စည်းရုံးခြင်း
ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးခွင့်ကာလကို ရွေးကောက်ပွဲကျင်းပမည့်နေ့မတိုင်မီ ရက်ပေါင်း ၃၀ အလိုမှ ရွေးကောက်ပွဲ ကျင်းပမည့် နေ့မတိုင်မီ ၂၄ နာရီအလိုအထိ သတ်မှတ်ထားသည်။ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ယှဉ်ပြိုင်သူအားလုံးအတွက် မျှတသော ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးမှု အခြေအနေများနှင့် စည်းမျဉ်းစည်းကမ်းများကို ချမှတ်ပေးထားသည်။ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးမှုများကို မျှတမှုရှိစွာ ဆောင်ရွက်ခြင်း ရှိ၊ မရှိ စောင့်ကြပ်ကြည့်ရှုခြင်းနှင့် စပ်လျဉ်း၍ ဥပဒေပြဋ္ဌာန်း သတ်မှတ်ထားသည်။
ဆန္ဒမဲပေးခြင်း
ဥပဒေပြုလွှတ်တော်ရွေးကောက်ပွဲများတွင် မဲဆန္ဒရှင်များသည် ၎င်းတို့ အမြဲတမ်းနေထိုင်ရာဒေသ (Domiciliu) သို့မဟုတ် အနည်းဆုံးသုံးလ နေထိုင်လျက်ရှိသည့် ယာယီနေထိုင်ရာဒေသ (Flotant) တို့တွင်သာ ဆန္ဒမဲပေးပိုင်ခွင့် ရှိသည်။ နိုင်ငံရပ်ခြားတွင် နေထိုင်လျက်ရှိသည့် ရိုမေးနီးယန်းနိုင်ငံသားများသည် မဲဆန္ဒနယ်အမှတ် ၄၃ တွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းများအတွက် ဆန္ဒမဲပေး ပိုင်ခွင့်ရှိသည်။
မဲပေးချိန်ကို နံနက် ၇ နာရီမှ ည ၉ နာရီအထိ သတ်မှတ်ထားပြီး မဲရုံတစ်ရုံလျှင် မဲဆန္ဒရှင် ၅၀ ဦးမှ ၂၀၀၀ အကြား သတ်မှတ်ထားသည်။
ဆန္ဒမဲပေးရာတွင် ဆန္ဒမဲလက်မှတ်စာရွက်များအား အသုံးပြုဆောင်ရွက်ပြီး မဲရေတွက်ခြင်းကိုလည်း သမားရိုးကျနည်းလမ်းဖြင့်သာ ရေတွက်သည်။
မဲဆန္ဒရှင်များသည် ဆန္ဒမဲပေးရာတွင် အထောက်အထားအနေဖြင့် မှတ်ပုံတင်ကတ် သို့မဟုတ် စစ်ဘက်ဆိုင်ရာ ကျောင်းသားများအတွက် စစ်ဘက်ဆိုင်ရာ မှတ်ပုံတင်ကတ် သို့မဟုတ် နိုင်ငံကူးလက်မှတ်စသည့် ကတ်တစ်မျိုးမျိုးကိုပြသရသည်။ ယင်းနောက် ပုံသေမဲဆန္ဒရှင်စာရင်း (Permanent Electoral List)၊ ထပ်တိုးမဲဆန္ဒရှင်စာရင်း (Supplemental Electoral List) သို့မဟုတ် အထူးမဲဆန္ဒရှင်စာရင်း (Special Electoral List) စသည့် မဲဆန္ဒရှင်စာရင်းတစ်ခုခုတွင် လက်မှတ်ရေးထိုးပြီးပါက မဲလက်မှတ်တစ်စောင်ကို လက်ခံ ရရှိမည်ဖြစ်ပြီး ဆန္ဒမဲပေးနိုင်မည်ဖြစ်သည်။
ဆန္ဒမဲလက်မှတ်တွင် ကိုယ်စားလှယ်လောင်းအားလုံး၏ အမည်စာရင်းကို ထီစနစ်ပုံစံ (Lottery Type) ဖြင့် အထက်အောက်စဉ်၍ (လွှတ်တော်တွင်းရှိ ပါတီများအား ဦးဆုံးဖော်ပြပြီးနောက် လွှတ်တော်တွင်းမှ မဟုတ်သည့်ပါတီများ၊ ယင်းနောက် တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်းများ) ဖော်ပြထားသည်။ ပါတီနာမည် အပြည့်အစုံ၊ ကိုယ်စားလှယ်လောင်းအမည် (သို့မဟုတ် ကိုယ်စားလှယ်လောင်းအမည်စာရင်း List) နှင့် ပါတီ အမှတ်တံဆိပ်တို့အား မဲလက်မှတ်စာရွက်ပေါ်ရှိ ထောင့်မှန်စတုဂံကွက်အတွင်း ရှင်းလင်းပြတ်သားစွာ ဖော်ပြထားသည်။ မဲဆန္ဒရှင်သည် ၎င်းရွေးချယ်လိုသည့် တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်း သို့မဟုတ် ပါတီ၏တြိဂံပုံ အမှတ်အသားပေါ်တွင် တံဆိပ်ရိုက်နှိပ်၍ ရွေးချယ်ပေးသည်။
နိုင်ငံပြင်ပရောက်ရှိနေကြသည့် မဲဆန္ဒရှင်များသည် စာတိုက်မှတစ်ဆင့်ဖြစ်စေ၊ ကောင်စစ်ဝန်ရုံး၊ သံတမန်ရေးရာကိုယ်စားပြုရုံး သို့မဟုတ် နိုင်ငံခြားရေးဝန်ကြီးဌာန( MFA )မှ သတ်မှတ်ထားသည့် သင့်လျော်သည့်နေရာတွင် လူကိုယ်တိုင်ဖြစ်စေ ဆန္ဒမဲပေးနိုင်သည်။
အချိုးကျကိုယ်စားပြုစနစ်ဖြင့် အထက်လွှတ်တော်နှင့် အောက်လွှတ်တော်ကိုယ်စားလှယ်နေရာ တွက်ချက်ခွဲဝေပေးခြင်း
အချိုးကျကိုယ်စားပြုစနစ်အသုံးပြု၍ ကိုယ်စားလှယ် နေရာတွက်ချက်ခွဲဝေပေးရာတွင် အဆင့်နှစ်ဆင့်ဖြင့် တွက်ချက်သည်။ ပထမအဆင့်အဖြစ် မဲဆန္ဒနယ်အဆင့်တွင် Hare Method အသုံးပြု တွက်ချက်ခြင်းဖြစ်ပြီး ဒုတိယအဆင့်အဖြစ် ပြည်ထောင်စုအဆင့်တွင် d’Hondt Method အသုံးပြုတွက်ချက်ခြင်းဖြစ်သည်။
ပထမအဆင့်တွက်ချက်ရာတွင် အနည်းဆုံးရရှိရမည့် ခိုင်လုံမဲအရေအတွက် ( Threshold) ပြည့်မီသည့် နိုင်ငံရေးပါတီများ၊ ညွန့်ပေါင်းပါတီများ၊ ရွေးကောက်ပွဲညွန့်ပေါင်းအဖွဲ့အစည်းများ၊ တိုင်းရင်းသားလူမျိုးစု ကိုယ်စားပြု အဖွဲ့အစည်းများ၊ တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းများ ရရှိသည့် စုစုပေါင်းခိုင်လုံမဲအရေအတွက်ကို သက်ဆိုင်ရာမဲဆန္ဒနယ်တွင် တင်မြှောက်မည့် ကိုယ်စားလှယ်အရေအတွက်နှင့် အချိုးချ ခြင်းဖြင့် Constituency Electoral Quotient (CEQ)ရရှိသည်။ CEQ သတ်မှတ်ချက်နှင့်ကိုက်ညီပါက ကိုယ်စားလှယ်နေရာ တစ်နေရာရရှိမည်ဖြစ်သည်။ Hare Method အသုံးပြုခြင်း ဖြစ်သည့်အတွက် CEQ အရ ကိုယ်စားလှယ်နေရာရရှိပြီးဖြစ်သည့် ဆန္ဒမဲများကို စုစုပေါင်းရရှိသည့် ဆန္ဒမဲအရေအတွက်အနက်မှ ထုတ်ပယ်၍ ကျန်ရှိနေသော ဆန္ဒမဲများကို ကိုယ်စားလှယ်နေရာ ခွဲဝေပေးနိုင်ရေးအတွက် ဒုတိယအဆင့် ဆက်လက် တွက်ချက်သည်။
ဒုတိယအဆင့်တွက်ချက်မှုအဖြစ် Thershold ပြည့်မီသည့် ပါတီအစုအဖွဲ့များ၏ ပထမအဆင့် တွက်ချက်ရာ၌ အသုံးမပြုရသေးသော ကျန်ရှိဆန္ဒမဲများကို မဲဆန္ဒနယ်အားလုံးတို့တွင် စုစည်းသည်။ စုစည်းထားသည့် ပါတီအစုအဖွဲ့ တစ်ခုချင်းစီ၏ စုစုပေါင်းမဲများကို ၁၊ ၂၊ ၃၊ ၄ စသည်ဖြင့် အချိုးချသည်။ အချိုးချရာမှ ရရှိလာသောစားလဒ်များကို ကျန်ရှိသည့် ကိုယ်စားလှယ်အရေအတွက်နှင့် ကိုက်ညီသည်အထိ ကြီးစဉ်ငယ်လိုက်စဉ်သည်။ အငယ်ဆုံးစားလဒ်သည် National Electoral Quotient (NEQ) ဖြစ်သည်။ NEQ နှင့်ကိုက်ညီသည့် ဆန္ဒမဲအရေအတွက် တစ်ကြိမ်ပြည့်မီတိုင်း ကိုယ်စားလှယ်နေရာ တစ်နေရာ ရရှိခွင့်ရှိမည် ဖြစ်ပြီး ကိုယ်စားလှယ်နေရာခွဲဝေမှုအား ဥပဒေနှင့်အညီ အချိုးကျ ဆက်လက် တွက်ချက်ခွဲဝေပေးသည်။
အငြင်းပွားမှုများနှင့် အယူခံမှုများ
၁။ မဲဆန္ဒရှင်စာရင်း
မဲဆန္ဒရှင်စာရင်းနှင့်စပ်လျဉ်း၍ ကျေနပ်မှုမရှိပါက ရွေးကောက်ပွဲဆိုင်ရာအာဏာပိုင်အဖွဲ့အစည်း (CEB) တွင် တိုင်ကြားနိုင်ပြီး တိုင်ကြားလာမှုအား သုံးရက်အတွင်း အပြီးသတ်ဆုံးဖြတ်ပေးရသည်။ ယင်းဆုံးဖြတ်ချက်အပေါ် အယူခံတင်သွင်းလိုပါက သုံးရက်အတွင်း ဒေသဆိုင်ရာတရားရုံးသို့ တင်သွင်းနိုင်သည်။
၂။ ကိုယ်စားလှယ်လောင်းအမည်စာရင်းတင်သွင်းခြင်း
ဗဟိုရွေးကောက်ပွဲရုံး (CEB) နှင့် နိုင်ငံရပ်ခြားရှိမဲဆန္ဒရှင်များအတွက် မဲဆန္ဒနယ်ဆိုင်ရာရွေးကောက်ပွဲရုံးတို့မှ ဆုံးဖြတ်ပေးလိုက်သော ဆုံးဖြတ်ချက်များနှင့် စပ်လျဉ်း၍ ကျေနပ်မှုမရှိပါက Bucharest တရားရုံးသို့ တင်သွင်းဆောင်ရွက်နိုင်သည်။ အခြားသော မဲဆန္ဒနယ်ဆိုင်ရာ ရွေးကောက်ပွဲရုံး(BEC)များမှ ဆုံးဖြတ်ချက်များ နှင့်စပ်လျဉ်း၍ ကျေနပ်မှုမရှိပါက သက်ဆိုင်ရာခရိုင်ရှိ ခုံရုံးများသို့တင်သွင်းနိုင်ပြီး ၄၈ နာရီအတွင်း အပြီးသတ် ဆုံးဖြတ်ပေးရသည်။ ယင်းဆုံးဖြတ်ချက်များအပေါ်တွင် ထပ်မံ၍အယူခံတင်သွင်းလိုပါက အထက်တရားရုံးသို့ တင်သွင်းနိုင်သည်။
၃။ မဲဆွယ်စည်းရုံးခြင်း
ရွေးကောက်ပွဲမဲဆွယ်စည်းရုံးခြင်းနှင့် စပ်လျဉ်း၍ အငြင်းပွားမှုများ ပေါ်ပေါက်ပါက မဲဆန္ဒနယ်ဆိုင်ရာ ရွေးကောက်ပွဲရုံးများ သို့မဟုတ် ရဲစခန်းများတွင် တိုင်ကြားနိုင်သည်။ မဲဆန္ဒနယ်ဆိုင်ရာ ရွေးကောက်ပွဲရုံးများမှ ဆုံးဖြတ်လိုက်သော အဆုံးအဖြတ်များနှင့် စပ်လျဉ်း၍ ကျေနပ်မှုမရှိပါက ၄၈ နာရီအတွင်း ဗဟိုရွေးကောက်ပွဲရုံးသို့ တင်သွင်းနိုင်သည်။
မဲဆွယ်စည်းရုံးရေးအသုံးစရိတ်
ရွေးကောက်ပွဲတွင်အသုံးပြုသည့် ရွေးကောက်ပွဲ အသုံးစရိတ်များကို နိုင်ငံရေးပါတီဆိုင်ရာ ဘဏ္ဍာရေးဥပဒေ (Political Finance Law) အရ သုံးစွဲခြင်းဖြစ်သည်။ နိုင်ငံရေးပါတီများသည် လူပုဂ္ဂိုလ်များနှင့် တရားဝင်အဖွဲ့အစည်းများမှ လှူဒါန်းသည့် အလှူငွေများကို လက်ခံပိုင်ခွင့်ရှိသည်။
ရွေးကောက်ပွဲဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်း(PEA ) သည် နိုင်ငံရေးပါတီများကို ကြီးကြပ်ရန် တာဝန်ရှိပြီး စုံစမ်းစစ်ဆေးမှုများကို ဆောင်ရွက်ပိုင်ခွင့်ရှိကာ ပြစ်ဒဏ်များလည်း ချမှတ်ပိုင်ခွင့်ရှိသည်။ ရွေးကောက်ပွဲပြီး နောက် ၁၅ ရက်အတွင်း နိုင်ငံရေးပါတီများနှင့် ကိုယ်စားလှယ်လောင်းများသည် ရွေးကောက်ပွဲကုန်ကျစရိတ် စာရင်းတင်သွင်းရမည်ဖြစ်ပြီး ရွေးကောက်ပွဲဆိုင်ရာအာဏာပိုင်အဖွဲ့အစည်း (PEA)သည် ယင်းကုန်ကျစရိတ် စာရင်းများကို ရက်ပေါင်း ၃၀ အတွင်း စစ်ဆေးရမည်ဖြစ်သည်။ စစ်ဆေးပြီးသည့် အစီရင်ခံစာများကို Online မှတစ်ဆင့်ထုတ်ပြန်ခြင်းနှင့် နိုင်ငံတော် ပြန်တမ်းတွင် ထည့်သွင်းခြင်းတို့ကို ရလဒ်များ ထုတ်ပြန်ပြီးသည့်နေ့မှ ရက်ပေါင်း ၆၀ အတွင်း ဆောင်ရွက်ရမည်။ ကြားဖြတ်အစီရင်ခံစာထုတ်ပြန်ခြင်း မရှိပေ။
ဖော်ပြပါရှိသည့် အသုံးစရိတ်များသည် လှူဒါန်းငွေများနှင့် ကိုက်ညီမှု ရှိ မရှိ စစ်ဆေးခြင်း၊ အသေးစိတ် စာရင်းစစ်ဆေးခြင်းနှင့် အသုံးစရိတ်သုံးစွဲမှု စစ်ဆေးခြင်းတို့အပေါ် ပြန်လည်စစ်ဆေးခြင်းတို့အား ကန့်သတ်ထားသည်။ ရွေးကောက်ပွဲဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်း (PEA)မှ ချမှတ်နိုင်သည့် ဆုံးဖြတ်ချက်များတွင် ငွေကြေးပိုင်းဆိုင်ရာ ဒဏ်ခတ်အရေးယူမှုများလည်း အပါအဝင်ပင်ဖြစ်သည်။
၂၀၂၀ ပြည့်နှစ် ဥပဒေပြုလွှတ်တော်ရွေးကောက်ပွဲ
ရိုမေးနီးယားနိုင်ငံသည် ၂၀၁၆ ခုနှစ် ရွေးကောက်ပွဲ
ပြီးနောက် နိုင်ငံရေးမတည်ငြိမ်မှုများပေါ်ပေါက်ခဲ့ပြီး ဝန်ကြီးချုပ် လေးဦးအထိ ပြောင်းလဲအုပ်ချုပ်ခဲ့ရသည်။ ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလ ၅ ရက်နေ့တွင် Social Democratic Party (PSD) သည် အစိုးရအဖွဲ့အပေါ် အယုံအကြည် မရှိကြောင်းအဆို ( No Confidence Votes ) အဖြစ် မဲနှစ်မဲကို လွှတ်တော်တွင် တင်သွင်းမှု အောင်မြင်ခဲ့သည့်အတွက် မတ်လ ၁၆ ရက်နေ့တွင် အရေးပေါ် အခြေအနေ ကြေညာခဲ့ရာ ကြားကာလ အုပ်ချုပ်မှုအနေဖြင့် ဝန်ကြီးချုပ် Ludovic Orban သည် အာဏာအကန့်အသတ်ဖြင့် ဝန်ကြီးချုပ်တာဝန်များကို ဆက်လက်ထမ်းဆောင်ခဲ့သည်။ သြဂုတ်လ ၃၁ ရက်နေ့တွင်တင်သွင်းခဲ့သည့် အယုံအကြည် မရှိကြောင်းအဆို (No Confidence Votes) သည် အစိုးရ၏ ကိုဗစ်-၁၉ စီမံခန့်ခွဲမှုအလွဲများအပေါ် စွပ်စွဲပြစ်တင်၍ တင်သွင်းခဲ့သော်လည်း ထောက်ခံသူမရှိ၍ အဆိုအောင်မြင်မှုမရှိခဲ့ပေ။
ဥပဒေပြုလွှတ်တော်ရွေးကောက်ပွဲများကို ဒီဇင်ဘာလ ၆ ရက်နေ့တွင် ကျင်းပမည်ဖြစ်ကြောင်း ဥပဒေအရ စက်တင်ဘာလ ၇ ရက်နေ့တွင် ကြေညာခဲ့သည်။
သို့သော် ယင်းမတိုင်မီ ဇူလိုင်လ ၂၇ ရက်နေ့တွင် လွှတ်တော်သည် ဥပဒေပြုလွှတ်တော်ရွေးကောက်ပွဲ ကျင်းပမည့်နေ့ရက် သတ်မှတ်ခြင်းနှင့်စပ်လျဉ်းသည့် ဥပဒေတစ်ရပ်ကို အတည်ပြုပြဋ္ဌာန်းခဲ့သည်။ သမ္မတနှင့်အစိုးရ အဖွဲ့တို့သည် ယင်းဥပဒေနှင့် စပ်လျဉ်း၍ ဖွဲ့စည်းပုံနှင့် ကိုက်ညီမှုမရှိဟု အယူခံ တင်သွင်းခဲ့ကြသည်။ စက်တင်ဘာလ ၂၉ ရက်နေ့တွင် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးသည် အယူခံကို ပယ်ချခဲ့ပြီး ဥပဒေအား ဖွဲ့စည်းပုံနှင့် ကိုက်ညီမှုရှိကြောင်း အတည်ပြုပေးခဲ့သည်။ ထို့ပြင် ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါဖြစ်ပွားမှု မြင့်တက်လာသည့်အတွက် အောက်တိုဘာလ ၂ ရက်နေ့တွင် တစ်သီးပုဂ္ဂလကိုယ်စားလှယ် တစ်ဦးသည် ရွေးကောက်ပွဲကို ၂၀၂၁ ခုနှစ် မတ်လမတိုင်မီအထိ ရွှေ့ဆိုင်းထားရန် အဆိုပြုလွှာ တင်သွင်းခဲ့သော်လည်း ရွှေ့ဆိုင်းခဲ့ခြင်းမရှိပေ။
ရွေးကောက်ပွဲကို ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၆ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ပြီး မဲပေးသူ ၃၃ ရာခိုင်နှုန်းသာ ရှိခဲ့သည့်အတွက် ရိုမေးနီးယားနိုင်ငံသမိုင်းတွင် မဲပေးသူအနည်းဆုံးစံချိန်အဖြစ် မှတ်တမ်းဝင်ခဲ့သည်။ ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါဖြစ်ပွားမှု အပါအဝင် နိုင်ငံရေး အခြေအနေများအပေါ် ပြည်သူလူထု၏ မကျေနပ်မှုများကြောင့် မဲပေးသူလျော့နည်းခဲ့ခြင်း ဖြစ်သည်။
ရွေးကောက်ပွဲတွင် Social Democratic Party ( PSD ) က လွှတ်တော်နှစ်ရပ်လုံးတွင် ဆန္ဒမဲရရှိမှု ၃၀ ရာခိုင်နှုန်းကျော်ဖြင့် အများဆုံး အနိုင်ရရှိခဲ့သည်။ ရွေးကောက်ပွဲမတိုင်မီက ရေပန်းစားခဲ့သော National Liberal Party (PNL) ကမူ ၂၅ ရာခိုင်နှုန်းဖြင့်သာ ဒုတိယနေရာတွင် ရပ်တည်ခဲ့ပြီး ယင်းရလဒ်အကျိုးဆက်အဖြစ် PNL ပါတီမှ ဝန်ကြီးချုပ် Orban သည် ရာထူးမှ နုတ်ထွက်ခဲ့သည်။ USR-PLUS သည် ၁၅ ရာခိုင်နှုန်းဖြင့် တတိယနေရာတွင်ရပ်တည်ခဲ့ပြီး လွှတ်တော်တွင်း တစ်ကြိမ်တစ်ခါမျှ ကိုယ်စားလှယ်နေရာ ရရှိဖူးခြင်း မရှိသေးသည့် Alliance for the Unity of Romanians သည် စတုတ္ထနေရာနှင့် Democratic Alliance of Hungarians in Romania (UDMR) က ပဉ္စမနေရာတို့တွင် အသီးသီးရပ်တည်ခဲ့ကြသည်။
PSD သည် ဆန္ဒမဲအများဆုံးရရှိခဲ့သော်လည်း ဒီဇင်ဘာလ ၈ ရက်နေ့တွင် PNL, USR PLUS နှင့့် UDMR တို့သည် ညွန့်ပေါင်းဖွဲ့စည်းခဲ့ပြီ ဖြစ်ကြောင်း ကြေညာခဲ့ပြီး ဘဏ္ဍာရေးဝန်ကြီး Florin Cîtu ကို ဝန်ကြီးချုပ်အဖြစ် အမည်စာရင်းတင်သွင်းခဲ့သည်။ ဒုတိယဝန်ကြီးချုပ်များအဖြစ် USR PLUS မှ တစ်ဦးနှင့် UDMR မှ တစ်ဦး စုစုပေါင်း နှစ်ဦး အမည်စာရင်း တင်သွင်းခဲ့သည်။ ဖွဲ့စည်းထားသည့်ဝန်ကြီးဌာန ၁၈ ခု
တွင် PNL မှ ကိုးဦး၊ USR PLUS မှ သုံးဦးနှင့် UDMR မှ သုံးဦးတို့အား ဝန်ကြီးများအဖြစ် အမည်စာရင်း တင်သွင်းခဲ့သည်။
နိဂုံး
ရိုမေးနီးယားနိုင်ငံသည် နိုင်ငံရေးပါတီ အများအပြား ပါဝင်သည့် ပါတီစုံစနစ်ကို ကျင့်သုံးသော နိုင်ငံတစ်နိုင်ငံ ဖြစ်ပြီး ပါတီတစ်ခုတည်းဖြင့် အစိုးရဖွဲ့နိုင်ခြင်း မရှိသည့်အခြေအနေမျိုး ပေါ်ပေါက်သည့်အခါ ရပ်တည်ချက်တူညီသည့် ပါတီများ အချင်းချင်းပေါင်းစု၍ ညွန့်ပေါင်းအစိုးရအဖြစ် ဖွဲ့စည်း ဆောင်ရွက်လျက် ရှိသည်။ နိုင်ငံရေးပါတီ တစ်ပါတီချင်းအနေဖြင့်ဖြစ်စေ၊ ညွန့်ပေါင်းဖွဲ့စည်းထားသည့် ပါတီများအနေဖြင့် ဖြစ်စေ ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရာတွင် အချိုးညီမျှစွာ ကိုယ်စားပြုခွင့် ရနိုင်ရေးအတွက် ဥပဒေများ ပြုစုပြဋ္ဌာန်းထားသည်ကို တွေ့ရှိရသည်။ ရိုမေးနီးယားနိုင်ငံ ဥပဒေပြု လွှတ်တော်နှစ်ရပ်၏ရွေးကောက်ပွဲများကို ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၆ ရက်နေ့တွင် အောင်မြင်စွာ ကျင်းပပေး နိုင်ခဲ့ပြီး နောက်တစ်ကြိမ်ရွေးကောက်ပွဲကို ၂၀၂၄ ခုနှစ်တွင် ကျင်းပပြုလုပ်သွားမည် ဖြစ်ကြောင်း သိရှိရပါသည်။
ရည်ညွှန်းကိုးကား
(1) https://www.britannica.com/place/Romania
(2) https://en.wikipedia.org/wiki/Elections_in_Romania
(3) https://www.osce.org/odihr/elections/romania/426629
(4) https://www.osce.org/odihr/elections/romania/466779
(5) https://en.wikipedia.org/wiki/Admini-strative_divisions_of_Romania
(6) https://en.wikipedia.org/wiki/2020_Romanian_legislative_election
(7) https://www.roaep.ro/prezentare
(8) https://www.te.gob.mx/vota_elections/page/download/16352