မြန်မာနိုင်ငံတွင် ဗုဒ္ဓဘာသာသာသနာတော်ကို နိုင်ငံတော်၏ နိုင်ငံသားအများဆုံး ကိုးကွယ်ရာဖြစ်သော ဂုဏ်ထူးဝိသေသနှင့် ပြည့်စုံသည့် ဘာသာသာသနာ ဖြစ်သည်ဟု နိုင်ငံတော်က အသိအမှတ်ပြုသည်ဟူ၍ ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၃၆၁ တွင် ပြဋ္ဌာန်းထားသည်။ မြန်မာနိုင်ငံသာ သူ့ကျွန်အဖြစ် မရောက်ခဲ့လျှင် အခြားသောဘာသာတို့သည် မြန်မာနိုင်ငံအတွင်းသို့ ရောက်လာလိမ့်မည်မဟုတ်ဟု ထင်ပါသည်။ သူ့ကျွန်ဘဝတွင် လူမျိုးခြားများ ခေါ်သွင်းခဲ့မှုနှင့်အတူ သူတို့၏ဘာသာများ ပြန့်ပွားအောင်လည်း လုပ်ဆောင်ခဲ့ကြသည်။ အမှန်စင်စစ် ဗုဒ္ဓဘာသာတည်တံ့ခိုင်မြဲနေခြင်းမှာ ထေရဝါဒဆရာတော်၊ သံဃာတော်များ၏ ဦးဆောင်ထိန်းသိမ်းမှုကောင်းခြင်းဟုဆိုရပေမည်။ ဗုဒ္ဓဘာသာသည် အလွန်တရာ ငြိမ်းချမ်းသော ဘာသာသာသနာဖြစ်သည်။ ရတနာအစစ်ဆိုရလောက်အောင် ကုသိုလ်ကောင်းမှုပြုရန်ကိုသာ တိုက်တွန်းထားသော ဘာသာတရားဖြစ်သည်။
မြန်မာနိုင်ငံတွင် ဗုဒ္ဓဘာသာသာသနာ စတင်ရောက်ရှိမှုသည် မြတ်စွာဘုရားသခင် သက်တော်ထင်ရှားရှိစဉ်ကပင် ရောက်ရှိခဲ့ခြင်း ဖြစ်သည်။ ဤသည်ကို ထင်ရှားသော သက်သေပြနိုင်သည်မှာ ဥက္ကလာပတိုင်းမှ တဖုဿနှင့် ဘလ’ိကကုန်သည်ညီနောင်တို့သည် မြတ်စွာဘုရားရှင်ကို ဖူးမြော်ခဲ့ပြီး ဆံတော်ရှစ်ဆူရရှိခဲ့ခြင်း၊ မြန်မာတို့၏ နိုင်ငံတော်မျက်နှာဟု တင်စားထိုက်သည့် ရွှေတိဂုံစေတီတော်ကြီး ငွားငွားစွင့်စွင့် ပေါ်ထွန်းလာခြင်းတို့က ဗုဒ္ဓဘာသာစတင်ရောက်ရှိခြင်းကို ဖော်ညွှန်းခြင်း ဖြစ်သည်။ ဗုဒ္ဓဘာသာဝင်တို့၏ ယုံကြည်မှုသည် ကံကံ၏အကျိုးကိုအကြွင်းမဲ့ယုံကြည်မှုဖြစ်သည်။
ဗုဒ္ဓဘာသာဝင်တို့၏ အဆုံးစွန်သောပထမရည်မှန်းချက်မှာ ဒုက္ခဟူသမျှ၏ လွတ်ငြိမ်းရာအမှန်နိဗ္ဗာန်(ဝါ) အကြောင်းတရားတို့၏ ချုပ်ငြိမ်းကုန်ဆုံးခြင်းသည် အန္တိမရည်မှန်းချက်ဖြစ်သည်။ ဗုဒ္ဓဘာသာဝင်တို့၏ အလယ်အလတ်ဒုတိယ ရည်မှန်းချက်သည် သီလတည်းဟူသော ကိုယ်ကျင့်တရားကောင်းများနှင့်အညီ ကျင့်ကြံ နေထိုင်ခြင်းဖြင့် အသက်ရှည်ခြင်း၊ အဆင်းလှခြင်း၊ ဉာဏ်ပညာကြီးခြင်း၊ ခွန်အားကြီးခြင်း၊ ဘုန်းတန်ခိုးကြီးခြင်းတို့နှင့် ပြည့်စုံသောဘဝကို ရရှိစေခြင်းပင် ဖြစ်သည်။
ဗုဒ္ဓဘာသာဝင်တို့၏အနိမ့်ဆုံး တတိယရည်မှန်းချက်သည် ပေးကမ်းစွန့်ကြဲလှူဒါန်းခြင်း ဒါနကိုအကြောင်းပြု၍ ချမ်းသာကြွယ်ဝခြင်း၊ လူချမ်းသာ၊ နတ်ချမ်းသာတို့အဖြစ် ယခုဘဝ၊ နောင်ဘဝတွင် မပူပင်မတောင့်တဘဲ စိတ်ချမ်းသာကိုယ်ကျန်းမာနေထိုင်လိုကြခြင်း ဖြစ်သည်။ ထို့ကြောင့် ဗုဒ္ဓဘာသာဝင်တို့သည် ဒါန၊ သီလစသော ကောင်းမှုကုသိုလ်များ ပြုလုပ်နေခြင်း ဖြစ်သည်။ ဗုဒ္ဓဘာသာဝင်တို့ မရောက်လိုသော နေရာများရှိသည်။
ယင်းတို့မှာ ငရဲ၊ တိရစ္ဆာန်၊ ပြိတ္တာ၊ အသူရကာယ်ဘုံဘဝများနေရာများဖြစ်သည်။ ချမ်းသာကင်းပြီး ဆင်းရဲခြင်း အတိပြီးသောဘုံသည် ငရဲဘုံဖြစ်သည်။ ကျွဲ၊ နွား၊ ငါး၊ လိပ်၊ ကြက်၊ ငှက်၊ ဝက်စသော ကုန်းနေရေနေ သတ္တဝါများသည် တိရစ္ဆာန်ဘုံဖြစ်သည်။ တစ္ဆေ၊ မှင်စာ၊ သရဲ၊ သဘက်စသည်တို့သည် ပြိတ္တာများဖြစ်သည်။ နတ်များကဲ့သို့ မရဲရင့် မတောက်ပြောင်သောသူများ၊ တော၊ တောင်၊ သမုဒ္ဒရာကမ်း၌ နေသူတို့သည် အသူရကာယ်ဖြစ်သည်။
လူတိုင်းသည် အကောင်းကိုကြိုက်ကြသည်။ အကောင်းမကြိုက်သူဟူ၍ ဤလောက၌ တစ်ဦးတစ်ယောက်မျှ ရှိမည်မဟုတ်ပေ။ သို့သော် လူတိုင်းသည် အကောင်းကြိုက်ခွင့်မရသည်မှာ ဗုဒ္ဓဘာသာဝင်တိုင်း သက်ဝင်ယုံကြည်နေသော ကံကံ၏ အကျိုးပေးဖြစ်သည်။ ကံသာလျှင် ကိုယ်ပိုင်ဥစ္စာရှိသည်။ မိမိပြုလုပ်သောကံမှ တစ်ပါး လောကကြီးအား စီမံဖန်တီးသူမရှိဟု ဆိုထားပါသည်။ ကံကံ၏အကျိုးကို သက်ဝင်ယုံကြည်သူတိုင်းက မကောင်းမှုကို ရှောင်ကြဉ်ကြသည်။ ကောင်းမှုကိုလုပ်ဆောင်ကြသည်။ ကိုယ်ချင်းစာနာစိတ်ဖြင့် စိတ်နှလုံးကို ဖြူစင်အောင်ထားကြသည်။
မိမိတို့ပြုမူကျင့်ကြံအားထုတ် လုပ်ဆောင်ခဲ့သောကံကြောင့် ကောင်းတာလုပ်သူများက ကောင်းကျိုးများကို ခံစားစံစားကြရသည်။ မကောင်းမှုပြုလုပ်သူများက မကောင်းကျိုးကို ခံစားနေကြရသည်။ ကုသိုလ်ကံ ဆိုသည်မှာ အပြစ်မရှိခြင်း၊ ကောင်းသောအကျိုးကိုပေးခြင်း သဘောရှိသည်။ အလွန်လှပတင့်တယ်ခြင်း၊ တန်ခိုးအာဏာကြီးမားခြင်း၊ အသိအလိမ္မာ ဉာဏ်ပညာကြီးမားခြင်း၊ အသက်ရှည်ခြင်း၊ အမျိုးမြတ်ခြင်းစသော ဂုဏ်ထူးဝိသေသနှင့် ပြည့်စုံစေသည်။ ဤဘဝ၌လည်း ဝမ်းသာရွှင်ပျ ချမ်းသာရ၏။ တမလွန်ဘဝ၌လည်း ကောင်းသောအကျိုးကို ခံစားရသောကြောင့် ဝမ်းသာရွှင်ပျ ချမ်းသာရ၏။ အကုသိုလ်ကံဆိုသည်မှာ အပြစ်ရှိခြင်း၊ မကောင်းသောအကျိုးကိုပေးခြင်းသဘောရှိသည်။ မကောင်းမှုပြုသောသူသည် မကောင်းမှု ပြုသည့်အတွက် ဤဘဝ၌လည်း ဆင်းရဲဒုက္ခအမျိုးမျိုးကိုရရှိခံစားရသည်။ တမလွန်ဘဝ၌လည်း ငရဲကျခြင်း စသော မကောင်းကျိုးများ ခံစားရသည်။
ကောင်းကျိုး၊ မကောင်းကျိုးခံစားရခြင်းသည် လူသားတစ်ဦးချင်းစီ၏ စိတ်ပိုင်းဆိုင်ရာ အတွေးအခေါ် အသိဉာဏ်ပညာပေါ်တွင် မူတည်ပေသည်။ အသိဉာဏ်နည်းပါးသူတို့သည် အမှန်နှင့်အမှားကို ပိုင်းဖြတ်နိုင်ခြင်း မရှိသောအခါ လူသတ်ခြင်း၊ ခိုးဝှက်ဓားပြတိုက်ခြင်း၊ အဓမ္မပြုကျင့်ခြင်း၊ လိမ်ညာခြင်း၊ အရက်သေစာ သောက်စားခြင်း ဟူသော ကံငါးပါးတို့ကိုကျူးလွန်ကြတော့သည်။ လက်တွေ့ထင်ရှားသော သာဓကပြရလျှင် အကြမ်းဖက်လုပ်ရပ်များကို လုပ်ဆောင်နေကြသူတို့၏ လားရာဦးတည်ချက်မှာ တရားဥပဒေအရ ပြစ်ဒဏ်ကျခံရခြင်း ဖြစ်သည်။ မိမိလည်း အကျိုးမရှိ၊ သူတစ်ပါးလည်း အကျိုးမရှိသော လုပ်ရပ်များကို ရှောင်ကြဉ်သင့်ပြီ ဖြစ်ပါကြောင်း ရေးသားလိုက်ရပေသည်။ ။